YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 16:1-18

ရှင်လုကာ 16:1-18 JBMLE

တ​ပည့်​တော်​တို့​အား တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ ငွေ​ရ​တတ်​သော​သူ​တစ်​ယောက်၌ ဘ​ဏ္ဍာ​စိုး​ရှိ၏။ ထို​ဘ​ဏ္ဍာ​စိုး​သည် သ​ခင်၏​ဥ​စ္စာ​များ​ကို ဖျက်​ဆီး​သည်​အ​ကြောင်း​ကို သူ​တစ်​ပါး​တို့​သည် သ​ခင်​ရှေ့၌ အ​ပြစ်​တင်​ကြ​သော်၊- သ​ခင်​သည် ဘ​ဏ္ဍာ​စိုး​ကို ခေါ်၍၊ သင်၏​အ​မူ​အ​ရာ၌ ငါ​ကြား​ရ​သော​စ​ကား​ကား အ​ဘယ်​သို့​နည်း။ ဘ​ဏ္ဍာ​စိုး​အ​ရာ၌ မှတ်​သား​သော စာ​ရင်း​ကို ပေး​လော့။ ယ​ခု​မှ​စ၍ ဘ​ဏ္ဍာ​စိုး​မ​လုပ်​ရ​ဟု ဆို၏။- ထို​အ​ခါ ဘ​ဏ္ဍာ​စိုး​က၊ ငါ​သည် အ​ဘယ်​သို့​ပြု​ရ​မည်​နည်း။ ငါ၏​သ​ခင်​သည် ဘ​ဏ္ဍာ​စိုး​အ​ရာ​ကို နုတ်​လေ​ပြီ။ လယ်​လုပ်​ခြင်း​ငှာ မ​စွမ်း​နိုင်။ သူ​တောင်း​စား လုပ်​ခြင်း​ငှာ ရှက်​ကြောက်၏။- ဘ​ဏ္ဍာ​စိုး​အ​ရာ​မှ ကျ​သည်​နောက် သူ​တစ်​ပါး​တို့​သည် မိ​မိ​တို့​အိမ်၌ ငါ့​ကို​လက်​ခံ​စေ​ခြင်း​ငှာ အ​ဘယ်​သို့ ငါ​ပြု​ရ​မည်​ကို ငါ​သိ၏​ဟူ၍ စိတ်​ထဲ၌​ကြံ​စည်​ပြီး​မှ၊- သ​ခင်၏​ငွေ​ရှိ​သော​သူ အ​ပေါင်း​တို့​ကို ခေါ်၍၊ ငါ၏​သ​ခင်​ကို ဆပ်​ပေး​ရန် သင်၌​အ​ဘယ်​မျှ​လောက် ရှိ​သ​နည်း​ဟု တစ်​ယောက်​ကို​မေး​လျှင်၊- ထို​သူ​က၊ ဆီ​အ​ခွက်​တစ်​ထောင်​ပေး​ရန် ရှိ​ပါ​သည်​ဟု​ဆို၏။ ဘ​ဏ္ဍာ​စိုး​က​လည်း၊ သင်၏ စာ​ရင်း​ကို​ယူ၍ အ​သော့​ထိုင်​ပြီး​လျှင်၊ အ​ခွက်​ငါး​ရာ​ကို ရေး​မှတ်​လော့​ဟု​ဆို၏။- ထို​နောက် အ​ခြား​သော​သူ​ကို​ခေါ်၍၊ ငါ၏​သ​ခင်​ကို​ဆပ်​ပေး​ရန် သင်၌ အ​ဘယ်​မျှ​လောက်​ရှိ​သ​နည်း​ဟု မေး​လျှင်၊ ထို​သူ​က၊ ဂျုံ​စ​ပါး အ​တင်း​တစ်​ထောင် ပေး​ရန်​ရှိ​ပါ​သည်​ဟု ဆို၏။ ဘ​ဏ္ဍာ​စိုး​က​လည်း၊ သင်၏ စာ​ရင်း​ကို​ယူ၍ အ​တင်း​ရှစ်​ရာ​ကို ရေး​မှတ်​လော့​ဟု ဆို၏။- မ​တ​ရား​သော ထို​ဘ​ဏ္ဍာ​စိုး​သည် လိ​မ္မာ​စွာ​ပြု​သည်​ကို သ​ခင်​သည် ချီး​မွမ်း​လေ၏။ အ​ကြောင်း​မူ​ကား၊ လော​ကီ​သား​တို့​သည် မိ​မိ​တို့​အ​မှု​ကို ဆောင်​ရွက်​ရာ​တွင်၊ အ​လင်း​သို့​ရောက်​သော​သူ​တို့​ထက် သာ၍ လိ​မ္မာ​ကြ၏။- တစ်​ဖန် ငါ​ဆို​သည်​ကား၊ သင်​တို့​သည် စု​တေ​သော​အ​ခါ၊ အ​စဉ်​အ​မြဲ​တည်​သော ဗိ​မာန်၌ သင်​တို့​ကို လက်​ခံ​လ​တ္တံ့​သော အ​ဆွေ​ရှိ​စေ​ခြင်း​ငှာ မ​မြဲ​သော လော​ကီ​စည်း​စိမ်​ကို သုံး​ဆောင်​ကြ​လော့။ အ​နည်း​ငယ်​သော အ​မှု၌ သ​စ္စာ​ရှိ​သော​သူ​သည် ကြီး​သော​အ​မှု၌​လည်း သ​စ္စာ​ရှိ​လိမ့်​မည်။ အ​နည်း​ငယ်​သော​အ​မှု၌ သ​စ္စာ​မ​ရှိ​သော​သူ​သည် ကြီး​သော​အ​မှု၌​လည်း သ​စ္စာ​မ​ရှိ။- သို့​ဖြစ်၍ မ​မြဲ​သော လော​ကီ​စည်း​စိမ်​ကို သုံး​ရာ​တွင် သင်​တို့​သည် သ​စ္စာ​မ​ရှိ​လျှင်၊ မှန်​သော​စည်း​စိမ်​ကို သင်​တို့၌ အ​ဘယ်​သူ​အပ်​မည်​နည်း။- သူ​တစ်​ပါး​အ​မှု၌ သင်​တို့​သည် သ​စ္စာ​မ​ရှိ​လျှင်၊ အ​ဘယ်​သူ​သည် အ​ပိုင်​ပေး​မည်​နည်း။- အ​ဘယ်​အ​စေ​ခံ​မျှ သ​ခင်​နှစ်​ဦး​အ​စေ​ကို မ​ခံ​နိုင်။ သ​ခင်​တစ်​ဦး​ကို​မုန်း၍ တစ်​ဦး​ကို​ချစ်​မည်။ သ​ခင်​တစ်​ဦး​ကို မှီ​ခို၍ တစ်​ဦး​ကို မ​ခန့်​မ​ညား​ပြု​မည်။ သင်​တို့​သည် ဘု​ရား​သ​ခင်၏ အ​စေ​ကို​လည်း​ကောင်း၊ လော​ကီ​စည်း​စိမ်၏ အ​စေ​ကို​လည်း​ကောင်း မ​ခံ​နိုင်​ကြ​ဟု မိန့်​တော်​မူ၏။- ငွေ​ကို တပ်​မက်​သော ဖာ​ရိ​ရှဲ​တို့​သည် ထို​စ​ကား​များ​ကို ကြား​လျှင်၊ ကိုယ်​တော်​ကို ပြက်​ရယ်​ပြု​ကြ၏။- ယေ​ရှု​က​လည်း၊ သင်​တို့​သည် လူ​များ​ရှေ့​မှာ ဖြောင့်​မတ်​ဟန်​ဆောင်​သော်​လည်း၊ ဘု​ရား​သ​ခင်​သည် သင်​တို့၏​စိတ်​နှ​လုံး​ကို သိ​မြင်​တော်​မူ၏။ လူ​သ​ဘော​အား​ဖြင့် အ​မြတ်​ထား​သော​အ​ရာ​သည် ဘု​ရား​သ​ခင့် ရှေ့​တော်၌ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​ဖြစ်၏။- ယော​ဟန်​မ​ရောက်​မီ​တိုင်​အောင် ပ​ည​တ္တိ​ကျမ်း​နှင့် အ​နာ​ဂ​တ္တိ​ကျမ်း​ရှိ၏။ ယော​ဟန်​လက်​ထက်​မှ​စ၍ ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​နှင့်​ယှဉ်​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​လျက်​ရှိ၏။ လူ​များ​တို့​သည်​လည်း နိုင်​ငံ​တော်​ကို အ​နိုင်​အ​ထက်​ဝင်​ကြ၏။- ပ​ည​တ္တိ​ကျမ်း၌ အ​ငယ်​ဆုံး​သော ဗိ​န္ဓု​တစ်​လုံး​ပျက်​စီး​လွယ်​သည်​ထက်၊ ကောင်း​ကင်​နှင့် မြေ​ကြီး ပျက်​စီး​လွယ်၏။- အ​ကြင်​သူ​သည် မိ​မိ​မ​ယား​နှင့်​ကွာ၍ အ​ခြား​သော​မိန်း​မ​နှင့် စုံ​ဖက်​ခြင်း​ကို​ပြု၏။ ထို​သူ​သည် မိ​မိ​မ​ယား​ကို ပြစ်​မှား၏။ လင်​ကွာ​သော​မိန်း​မ​နှင့် စုံ​ဖက်​ခြင်း​ကို ပြု​သော​သူ​သည်​လည်း သူ့​မ​ယား​ကို​ပြစ်​မှား​သည်​ဟု မိန့်​တော်​မူ၏။

ရှင်လုကာ 16:1-18 အကြောင်း ဗီဒီယိုများ