အခွန်ခံသောသူတို့နှင့် ဆိုးသောသူအပေါင်းတို့သည် နားထောင်ခြင်းငှာ အထံတော်သို့ ချဉ်းကပ်သည်ဖြစ်၍၊- ဖာရိရှဲနှင့် ကျမ်းပြုဆရာတို့က၊ ဤသူသည် ဆိုးသောသူတို့ကိုလက်ခံ၍ သူတို့နှင့်အတူ စားပါသည်တကားဟု ကဲ့ရဲ့အပြစ်တင်ကြ၏။- ထိုအခါ ဥပမာစကားကို မိန့်တော်မူသည်ကား၊ သင်တို့တွင် တစ်စုံတစ်ယောက်သောသူ၌ သိုးတစ်ရာရှိ၍၊- သိုးတစ်ကောင်ပျောက်လျှင်၊ ကိုးဆယ်ကိုးကောင်သောသိုးတို့ကို တောတွင်ထားခဲ့ပြီးမှ၊ ပျောက်သော သိုးတစ်ကောင်ကို မတွေ့မီတိုင်အောင် သွား၍ မရှာဘဲနေမည်လော။- တွေ့ပြီးလျှင် ဝမ်းမြောက်သောစိတ်နှင့် ပခုံးပေါ်မှာ တင်ထမ်း၍၊- မိမိအိမ်သို့ရောက်သောအခါ အဆွေခင်ပွန်း အိမ်နီးချင်းများကိုခေါ်၍၊ ပျောက်သောသိုးကို ငါတွေ့ပြီ။ ငါနှင့်အတူ ဝမ်းမြောက်ကြလော့ဟု ဆိုတတ်သည် မဟုတ်လော။- ထိုနည်းတူ ဖြောင့်မတ်၍ နောင်တရစရာအကြောင်း မရှိသောသူ ကိုးဆယ်ကိုးယောက်တို့၌ ကောင်းကင်သားတို့သည် ဝမ်းမြောက်ခြင်းရှိသည်ထက်၊ နောင်တရသောလူဆိုးတစ်ယောက်၌ သာ၍ဝမ်းမြောက်ခြင်း ရှိကြသည်ဟု ငါဆို၏။ တစ်နည်းကား၊ တစ်စုံတစ်ယောက်သောမိန်းမ၌ ငွေဆယ်ပြားရှိ၍ တစ်ပြားပျောက်လျှင်၊ ဆီမီးကိုထွန်း၍ မတွေ့မီတိုင်အောင် တစ်အိမ်လုံးကိုလှည်း၍ စေ့စေ့မရှာဘဲ နေမည်လော။- တွေ့ပြီးလျှင် အဆွေခင်ပွန်းအိမ်နီးချင်းများကိုခေါ်၍၊ ပျောက်သောငွေကို ငါတွေ့ပြီ။ ငါနှင့်အတူ ဝမ်းမြောက်ကြလော့ဟု ဆိုတတ်သည်မဟုတ်လော။- ထိုနည်းတူ ငါဆိုသည်ကား၊ ဘုရားသခင်၏ ကောင်းကင်တမန်တို့သည် နောင်တရသော လူဆိုးတစ်ယောက်၌ ဝမ်းမြောက်ခြင်းရှိကြသည်ဟု မိန့်တော်မူ၏။ တစ်ဖန် မိန့်တော်မူသည်ကား၊ တစ်စုံတစ်ယောက်သောသူ၌ သားနှစ်ယောက်ရှိ၏။- သားအငယ်သည် အဘထံသို့ သွား၍၊ အဘ၊ အကျွန်ုပ်ရထိုက်သော အမွေဥစ္စာကိုဝေ၍ ပေးပါဟု တောင်းပန်လျှင်၊ အဘသည် ဥစ္စာများကိုဝေ၍ သားတို့အား ပေးလေ၏။- ထိုနောက်များမကြာ၊ သားအငယ်သည် မိမိဥစ္စာများကို သိမ်းယူ၍ ဝေးစွာသောပြည်သို့ သွားပြီးလျှင်၊ ထိုပြည်မှာ ကာမဂုဏ်၌ လွန်ကျူးသောအားဖြင့် ဥစ္စာပြုန်းတီး၍၊- ရှိသမျှကုန်သောအခါ၊ ထိုပြည်၌ ကြီးစွာသော အစာခေါင်းပါးခြင်းဖြစ်၍၊ သူသည် အလွန်ဆင်းရဲခြင်းသို့ ရောက်၏။- ထိုအခါ ပြည်သားတစ်ယောက်ထံသို့သွား၍ အစေခံလျှင်၊ ဝက်တို့ကို ကျောင်းစေခြင်းငှာ သူ့သခင်သည် တောသို့ စေလွှတ်သဖြင့်၊- သူသည် ဝက်စားတတ်သော ပဲတောင့်ကိုပင် စားချင်မတတ် ငတ်မွတ်လျက်နေရ၏။ အဘယ်သူမျှ အစာကိုမကျွေး။- ထိုအခါ သတိရလျှင်၊ ငါ့အဘ၏အိမ်၌ အခစားသောသူများတို့သည် ဝစွာစားရကြ၏။ ငါမူကား ဤပြည်၌ သေအောင်အငတ်ခံရ၏။- ငါထ၍ အဘထံသို့ သွားမည်။ အဘ၊ အကျွန်ုပ်သည် ဘုရားသခင်ကိုလည်းကောင်း၊ ကိုယ်တော်ကိုလည်းကောင်း ပြစ်မှားပါပြီ။- ယခုမှစ၍ ကိုယ်တော်၏သားဟူ၍ ခေါ်ခြင်းကိုမခံထိုက်ပါ။ သူငှားအရာ၌ အကျွန်ုပ်ကို ထားတော်မူပါဟု ငါပြောမည်ဟူ၍ အကြံရှိသည်နှင့်၊- ထ၍ အဘထံသို့ သွားလေ၏။ သွား၍ ဝေးသေးသောအခါ အဘသည် သူ့ကိုမြင်လျှင်၊ သနားသော စိတ်ရှိသည်နှင့် ပြေးသွား၍ သား၏လည်ပင်းကို ပိုက်ဖက်လျက် နမ်းရှုပ်လေ၏။- သားကလည်း၊ အဘ၊ အကျွန်ုပ်သည် ဘုရားသခင်ကိုလည်းကောင်း၊ ကိုယ်တော်ကိုလည်းကောင်း ပြစ်မှားပါပြီ။ ယခုမှစ၍ ကိုယ်တော်၏သားဟူ၍ ခေါ်ခြင်းကို မခံထိုက်ပါဟုဆိုလျှင်၊- အဘက၊ မြတ်သောဝတ်လုံကို ယူခဲ့၍ သူ့ကိုခြုံကြ၊ သူ၏လက်၌ လက်စွပ်တန်ဆာကို ဆင်ကြ။- ခြေနင်းကိုလည်း စီးစေကြ။ ဆူအောင်ကျွေးသော နွားကလေးကို ယူ၍သတ်ကြ။ သို့ပြီးမှ ငါတို့သည် စားကြကုန်အံ့။ ပျော်မွေ့ခြင်းကို ပြုကြကုန်အံ့။- ငါ့သားသည် အထက်ကသေ၏။ ယခု ရှင်ပြန်၏။ အထက်ကပျောက်၏။ ယခုပြန်တွေ့၏ဟု အစေအပါတို့ကို ဆိုပြီးမှ၊ ထိုသူအပေါင်းတို့သည် ပျော်မွေ့ခြင်းကို ပြုကြ၏။ သားအကြီးသည် တောင်ယာကလာ၍ အိမ်အနီးသို့ရောက်သောအခါ၊ ကခြင်း၊ တီးမှုတ်ခြင်းအသံကို ကြားလျှင်၊- ငယ်သားတစ်ယောက်ကိုခေါ်၍ အဘယ်သို့သော အခြင်းအရာနည်းဟု မေး၏။- ငယ်သားက၊ သခင်၏ညီသည် ရောက်လာပါပြီ။ ဘေးနှင့်ကင်းလွတ်လျက်ရှိသည်ကို အဘတွေ့သောကြောင့်၊ ဆူအောင်ကျွေးသော နွားကလေးကိုသတ်ပါပြီဟု ပြောဆို၏။ သားအကြီးသည် အမျက်ထွက်၍ အိမ်သို့ မဝင်ဘဲနေ၏။- အဘသည် သူ့ဆီသို့သွား၍ ချော့မော့ရ၏။- သားအကြီးကလည်း၊ အကျွန်ုပ်သည် ကာလတာရှည်စွာ အဘ၏အစေကို ခံပါပြီ။ အဘ၏အလိုကို တစ်ခါမျှ မလွန်ကျူးပါ။ သို့သော်လည်း အကျွန်ုပ်သည် အဆွေတို့နှင့်အတူပျော်မွေ့ခြင်းကို ပြုစေခြင်းငှာ၊ အဘသည် ဆိတ်ကလေးတစ်ကောင်ကို တစ်ခါမျှ မပေး။- ပြည့်တန်ဆာမိန်းမတို့နှင့် ပေါင်းဖော်၍ မိမိဥစ္စာကိုဖြုန်းသော ဤသားငယ် ရောက်လာသောအခါမူကား၊ အဘသည် ဆူအောင်ကျွေးသော နွားကလေးကို သတ်လေပြီတကားဟု ဆို၏။- အဘကလည်း၊ ငါ့သား၊ သင်သည် ငါ့ထံမှာ အစဉ်နေ၏။ ငါ၏ဥစ္စာရှိသမျှသည် သင်၏ဥစ္စာဖြစ်၏။- သင်၏ညီမူကား အထက်ကသေ၏။ ယခုရှင်ပြန်၏။ အထက်ကပျောက်၏။ ယခုတွေ့ပြန်၏။ ထိုကြောင့် ပျော်မွေ့ဝမ်းမြောက်စရာအကြောင်း ရှိ၏၊ အဘဆိုသည်ဟု မိန့်တော်မူ၏။
ရှင်လုကာ 15 ကို ဖတ်ရှုရန်
နားထောင်ရန် ရှင်လုကာ 15
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်လုကာ 15:1-32
7 days
Can you imagine feeling so seen by God that you can’t help but see others? Can you imagine your everyday, ordinary life having a significant eternal impact? This 7-day devotional from Christine Caine will help you discover how God has seen you, chosen you, and sent you to see others and to help them feel seen the way God sees them—with 20/20 vision.
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ