ထိုအခါ ခေါ်ဖိတ်သောသူတို့သည် မြင့်မြတ်သော နေရာထိုင်ရာကို ရွေးကြသည်ကို မြင်တော်မူလျှင်၊ သူတို့အား ဥပမာကို မိန့်တော်မူသည်ကား၊- သူတစ်ပါးသည် မင်္ဂလာဆောင်ပွဲသို့ သင့်ကိုခေါ်ဖိတ်သောအခါ၊ မြင့်မြတ်သောနေရာ၌ မလျောင်းနှင့်။ ထိုသို့လျောင်းလျှင် သင့်ထက်သာ၍ မြတ်သောသူသည် ပွဲသို့လာသည်ရှိသော်၊- သင်တို့နှစ်ယောက်ကို ခေါ်ဖိတ်သောသူက၊ ဤသူအား နေရာကိုပေးလော့ဟုလာ၍ ပြောလိမ့်မည်။ ထိုအခါ သင်သည် ရှက်ကြောက်ခြင်းနှင့် နိမ့်သောနေရာသို့ ဆင်းရလိမ့်မည်။- သူတစ်ပါးတို့သည် သင့်ကို ခေါ်ဖိတ်သောအခါ၊ သွား၍ နိမ့်သောနေရာ၌ လျောင်းလော့။ ထိုသို့လျောင်းလျှင် သင့်ကိုခေါ်ဖိတ်သောသူ လာသည်ရှိသော်၊ အဆွေ၊ တက်ပါဟု သင့်ကိုဆိုလိမ့်မည်။ ထိုအခါ သင်နှင့်အတူ လျောင်းသောသူတို့ရှေ့မှာ သင်၏အသရေ ထင်ရှားလိမ့်မည်။- ကိုယ်ကိုကိုယ် ချီးမြှောက်သောသူ မည်သည်ကား နှိမ့်ချခြင်းသို့ ရောက်လတ္တံ့။ ကိုယ်ကိုကိုယ်နှိမ့်ချသောသူ မည်သည်ကား ချီးမြှောက်ခြင်းသို့ ရောက်လတ္တံ့ဟု မိန့်တော်မူ၏။ ကိုယ်တော်ကို ခေါ်ပင့်သောသူအား တစ်ဖန် မိန့်တော်မူသည်ကား၊ သင်သည် နံနက်စာ၊ ညစာ လုပ်ကျွေးသောအခါ၊ အဆွေခင်ပွန်း၊ ညီအစ်ကိုအမျိုးသားချင်း၊ ငွေရတတ်သော အိမ်နီးချင်းများကို မခေါ်မဖိတ်နှင့်။ ထိုသို့ ခေါ်ဖိတ်လျှင်၊ သူတို့သည် နောက်တစ်ဖန် သင့်ကိုခေါ်ဖိတ်၍ ကျေးဇူးဆပ်ကြလိမ့်မည်။- သင်သည် ပွဲခံသောအခါ ဆင်းရဲသောသူ၊ အင်္ဂါချို့တဲ့သောသူ၊ ခြေမစွမ်းသောသူ၊ မျက်စိကန်းသောသူများကို ခေါ်ဖိတ်လော့။- ထိုသို့ခေါ်ဖိတ်လျှင် မင်္ဂလာရှိလိမ့်မည်။ အကြောင်းမူကား၊ ထိုသူတို့သည် ကျေးဇူးမဆပ်နိုင်သည် ဖြစ်၍၊ ဖြောင့်မတ်သောသူတို့သည် ထမြောက်သည်ကာလ၌ သင်သည် ကျေးဇူးဆပ်ခြင်းအကျိုးကို ခံရလတ္တံ့ဟု မိန့်တော်မူ၏။ စားပွဲ၌ လျောင်းသောသူတစ်ယောက်သည် ထိုစကားတော်ကို ကြားလျှင်၊ ဘုရားသခင်၏နိုင်ငံတော်၌ ပွဲဝင်သောသူသည် မင်္ဂလာရှိ၏ဟု လျှောက်သော်၊- ကိုယ်တော်က၊ လူတစ်ဦးသည် ကြီးစွာသောပွဲကို စီရင်၍၊ လူများတို့ကို ခေါ်ဖိတ်လေ၏။- ပွဲခံချိန်ရောက်သောအခါ၊ ခေါ်ဖိတ်သောသူတို့ကို၊ လာကြပါ။ အလုံးစုံတို့သည် အသင့်ရှိပြီဟု မှာ၍ အစေအပါကို စေလွှတ်၏။- ခေါ်အပ်သော သူအပေါင်းတို့သည် တညီတညွတ်တည်း ပရိယာယ်ပြုကြ၏။ တစ်ယောက်က၊ အကျွန်ုပ်သည် မြေရာကို ဝယ်ပါပြီ။ သွား၍ ကြည့်ရပါမည်။ အကျွန်ုပ်ကို လွှတ်ပါဦးလော့ဟု တောင်းပန်လေ၏။- တစ်ယောက်က အကျွန်ုပ်သည် နွားငါးရှဉ်းကို ဝယ်ပါပြီ။ သွား၍ စမ်းရပါမည်။ အကျွန်ုပ်ကို လွှတ်ပါဦးလော့ဟု တောင်းပန်လေ၏။- တစ်ယောက်က၊ အကျွန်ုပ်သည် မယားနှင့် လက်ထပ်ပါပြီ။ ထိုကြောင့် အကျွန်ုပ်မလာနိုင်ပါဟု ဆို၏။- အစေအပါသည် သခင့်ထံသို့ပြန်လာ၍ ထိုအကြောင်းများကို လျှောက်လေ၏။ ထိုအခါ အိမ်ရှင်သည် အမျက်ထွက်၍၊ မြို့လမ်းမလမ်းကြားသို့ အသော့သွားချေ။ ဆင်းရဲသောသူ၊ အင်္ဂါချို့တဲ့သောသူ၊ ခြေမစွမ်းသောသူ၊ မျက်စိကန်းသောသူများကို ခေါ်သွင်းချေဟု အစေအပါကို ဆို၏။- အစေအပါကလည်း၊ သခင်စီရင်တော်မူသည်အတိုင်း ပြုပါပြီ။ သို့သော်လည်း၊ လပ်သောနေရာထိုင်ရာ ရှိပါသေးသည်ဟု လျှောက်လေသော်၊- သခင်က၊ မြို့ပြင်၊ လမ်းမ၊ ခြံနားသို့ သွားဦးလော့။ ငါ့အိမ်ကို ပြည့်စေခြင်းငှာ အနိုင်အထက် ခေါ်သွင်းလော့။- အထက်က ခေါ်ဖိတ်သောသူတစ်ယောက်မျှ ငါ့ပွဲသို့ မဝင်ရ၊ ငါအမိန့်ရှိပြီဟု အစေအပါကို ဆိုသည်ဟု မိန့်တော်မူ၏။
ရှင်လုကာ 14 ကို ဖတ်ရှုရန်
နားထောင်ရန် ရှင်လုကာ 14
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်လုကာ 14:7-24
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ