YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 12:1-34

ရှင်လုကာ 12:1-34 JBMLE

ထို​အ​ခါ အ​တိုင်း​မ​သိ​များ​စွာ​သော လူ​တို့​သည် စု​ဝေး၍ အ​ချင်း​ချင်း နင်း​မိ​မ​တတ်​နေ​ကြ​သည်​ရှိ​သော်၊ ယေ​ရှု​သည် တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ​သည်​ကား၊ လျှို့​ဝှက်​ခြင်း​တည်း​ဟူ​သော ဖာ​ရိ​ရှဲ​တို့၏ တ​ဆေး​ကို ရှေ့​ဦး​စွာ ကြဉ်​ရှောင်​ကြ​လော့။- ဖုံး​ထား​လျက်​ရှိ​သ​မျှ​တို့​သည် ပွင့်​လိမ့်​မည်။ ဆိတ်​ကွယ်​ရာ၌ ရှိ​သ​မျှ​တို့​သည်​လည်း ထင်​ရှား​လိမ့်​မည်။- မှောင်​မိုက်၌ သင်​တို့​ပြော​သ​မျှ​သော​အ​ရာ​များ​ကို သူ​တစ်​ပါး​တို့​သည် အ​လင်း၌ နား​ကြား​ကြ​လိမ့်​မည်။ သင်​တို့​သည် အ​ခန်း​ထဲ​မှာ နား​အ​ပါး၌ ပြော​သော​အ​ရာ​များ​ကို အိမ်​မိုး​ပေါ်​မှာ ဟစ်​ကြော်​ကြ​လိမ့်​မည်။ ငါ့​အ​ဆွေ​တို့၊ သင်​တို့​အား ငါ​ဆို​သည်​ကား၊ ကိုယ်​ခ​န္ဓာ​ကို​သတ်၍ နောက်​တစ်​ဖန် အ​လျှင်း​မ​ပြု​နိုင်​သော သူ​တို့​ကို မ​ကြောက်​ကြ​နှင့်။- အ​ဘယ်​သူ​ကို ကြောက်​ရ​မည်​နည်း​ဟူ​မူ​ကား၊ ကိုယ်​ခ​န္ဓာ​ကို​သတ်​ပြီး​မှ င​ရဲ​ထဲ​သို့ ချ​နိုင်​သော​သူ​ကို ကြောက်​ကြ​လော့။ ငါ​အ​မှန်​ဆို​သည်​ကား၊ ထို​သူ​ကို ကြောက်​ကြ​လော့။- စာ​ငှက်​ငါး​ကောင်​ကို အဿ​ရိ​နှစ်​ပြား​အ​ဖိုး​နှင့် ဝယ်​ရ​သည်​မ​ဟုတ်​လော။ ထို​စာ​ငှက်​တစ်​ကောင်​ကို​မျှ ဘု​ရား​သ​ခင် မေ့​လျော့​တော်​မ​မူ။- သင်​တို့ ဆံ​ပင်​သည်​လည်း အ​ကုန်​အ​စင် ရေ​တွက်​လျက်​ရှိ၏။ ထို​ကြောင့် မ​ကြောက်​ကြ​နှင့်။ သင်​တို့​သည် စာ​ငှက်​အ​များ​တို့​ထက် သာ၍​မြတ်​ကြ၏။ ငါ​ဆို​သည်​ကား၊ အ​ကြင်​သူ​သည် လူ​တို့​ရှေ့​မှာ ငါ့​ကို​ဝန်​ခံ​အံ့။ ဘု​ရား​သ​ခင်၏ ကောင်း​ကင်​တ​မန်​တို့​ရှေ့​မှာ လူ​သား​သည် ထို​သူ​ကို​ဝန်​ခံ​မည်။- အ​ကြင်​သူ​သည် လူ​တို့​ရှေ့​မှာ ငါ့​ကို​ငြင်း​ပယ်​အံ့။ ဘု​ရား​သ​ခင်၏ ကောင်း​ကင်​တ​မန်​တို့​ရှေ့​မှာ ထို​သူ​ကို ငါ​ငြင်း​ပယ်​မည်။- လူ​သား​ကို နှုတ်​ဖြင့်​ပြစ်​မှား​သော​သူ​မည်​သည်​ကား၊ အ​ပြစ်​နှင့်​လွတ်​စေ​ခြင်း​အ​ခွင့်​ကို ရ​နိုင်၏။ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို ကဲ့​ရဲ့​သော​သူ​မည်​သည်​ကား၊ အ​ပြစ်​နှင့်​လွတ်​စေ​ခြင်း​အ​ခွင့်​ကို မ​ရ​နိုင်​ရာ။- သင်​တို့​ကို တ​ရား​ဇ​ရပ်​သို့​လည်း​ကောင်း၊ အ​ကဲ​အ​မှူး၊ မင်း​များ​ရှေ့​သို့​လည်း​ကောင်း၊ ပို့​ဆောင်​ကြ​သော​အ​ခါ အ​ဘယ်​သို့ ပြန်​ပြော​ရ​မည်​ကို မ​စိုး​ရိမ်​ကြ​နှင့်။- အ​ကြောင်း​မူ​ကား၊ ထို​ခ​ဏ​ချင်း​တွင် အ​ဘယ်​သို့​ပြော​ရ​မည်​ကို သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် အ​ကြံ​ပေး​မည်​ဟု မိန့်​တော်​မူ၏။ လူ​အ​စု​အ​ဝေး၌​ပါ​သော သူ​တစ်​ယောက်​က၊ အ​ရှင်​ဘု​ရား၊ အ​ကျွန်ုပ်​အစ်​ကို​သည် အ​မွေ​ဥ​စ္စာ​ကို အ​ကျွန်ုပ်​အား ဝေ​ပေး​ပါ​မည်​အ​ကြောင်း အ​မိန့်​ရှိ​တော်​မူ​ပါ​ဟု လျှောက်​လျှင်၊- ကိုယ်​တော်​က အ​ချင်း​လူ၊ အ​ဘယ်​သူ​သည် သင်​တို့​အ​မှု​ကို စီ​ရင်​ခွဲ​ဝေ​ပိုင်​သော​အ​ခွင့်​ကို ငါ့​အား အပ်​ပေး​သ​နည်း​ဟု မေး​တော်​မူ၏။- ထို​မှ​တစ်​ပါး လော​ဘ​လွန်​ကျူး​ခြင်း​ကို သ​တိ​နှင့် ကြဉ်​ရှောင်​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ စည်း​စိမ်​ရှိ​သော်​လည်း စည်း​စိမ်၌ အ​သက်​မ​တည်​ဟု မိန့်​တော်​မူ၏။ တစ်​ဖန် ဥ​ပ​မာ​စ​ကား​ကို မိန့်​တော်​မူ​သည်​ကား၊ သူ​ဌေး​တစ်​ဦး၌ မြေ​ကောင်း၍ အ​သီး​အ​နှံ​များ​လှ၏။- ထို​သူ​ဌေး​က၊ ငါ​သည် အ​ဘယ်​သို့ ပြု​ရ​မည်​နည်း။ အ​သီး​အ​နှံ​များ​ကို သို​ထား​စ​ရာ​အ​ရပ်​မ​ရှိ။- ပြု​မည်​အ​ကြံ​မူ​ကား၊ ငါ့​တိုက်​များ​ကို​ဖျက်၍ ကျယ်​သော​တိုက်​တို့​ကို တည်​ပြီး​မှ၊ ငါ၏​အ​သီး​အ​နှံ​ဥ​စ္စာ​ရှိ​သ​မျှ​တို့​ကို သို​ထား​မည်။- ငါ့​ဝိ​ညာဉ်​အား​လည်း၊ အ​ချင်း​ဝိ​ညာဉ်၊ သင်​သည် နှစ်​ပေါင်း​များ​စွာ​သုံး​ဆောင်​ရန် ဥ​စ္စာ​များ​ကို သို​ထား​လျက်​ရှိ​ပြီ။ ငြိမ်​ဝပ်​စွာ​နေ​လော့။ စား​သောက်​ခြင်း၊ ပျော်​မွေ့​ခြင်း​ကို ပြု​လော့။ ငါ​ပြော​မည်​ဟု သူ​ဌေး​အ​ကြံ​ရှိ၏။- ထို​သို့ အ​ကြံ​ရှိ​စဉ်​တွင် ဘု​ရား​သ​ခင်​က၊ အ​ချင်း​လူ​မိုက်၊ ယ​နေ့​ည​ပင် သင်၏​ဝိ​ညာဉ်​ကို ရုပ်​သိမ်း​ရာ​အ​ချိန် ရောက်​လိမ့်​မည်။ သို့​ဖြစ်၍ သင်​သည် ပြင်​ဆင်​သို​ထား​သော ဥ​စ္စာ​ကို အ​ဘယ်​သူ​ပိုင်​မည်​နည်း​ဟု သူ​ဌေး​အား မိန့်​တော်​မူ၏။- ထို​အ​တူ ကိုယ်​အ​ဖို့ ဘ​ဏ္ဍာ​များ​ကို​ဆည်း​ပူး၍၊ ဘု​ရား​သ​ခင်​ရှေ့​တော်၌ ဆင်း​ရဲ​သော​သူ မည်​သည်​ကား၊ ထို​သူ​ဌေး​နှင့်​တူ​သည်​ဟု မိန့်​တော်​မူ၏။ တစ်​ဖန် တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ​သည်​ကား၊ ထို​ကြောင့် သင်​တို့​သည် အ​ဘယ်​သို့ စား​ရ​မည်​ဟူ၍ အ​သက်​အ​ဖို့ မ​စိုး​ရိမ်​ကြ​နှင့်။ အ​ဘယ်​သို့ ဝတ်​ရ​မည်​ဟူ၍ ကိုယ်​အ​ဖို့ မ​စိုး​ရိမ်​ကြ​နှင့်​ဟု ငါ​ဆို၏။- အ​စာ​ထက် အ​သက်​မြတ်​သည်​မ​ဟုတ်​လော။ အ​ဝတ်​ထက် ကိုယ်​မြတ်​သည်​မ​ဟုတ်​လော။- ကျီး​ကန်း​များ​ကို ကြည့်​ရှု​ဆင်​ခြင်​ကြ​လော့။ ထို​ငှက်​တို့​သည် မျိုး​စေ့​ကို မ​စိုက်​မ​ကြဲ၊ စ​ပါး​ကို​မ​ရိတ်၊ စ​ပါး​ကျီ​မ​ရှိ၊ ဘ​ဏ္ဍာ​တိုက်​မ​ရှိ။ သို့​သော်​လည်း ဘု​ရား​သ​ခင်​သည် သူ​တို့​ကို ကျွေး​မွေး​တော်​မူ၏။ ထို​ငှက်​တို့​ထက် သင်​တို့​သည် အ​လွန်​မြတ်​သည် မ​ဟုတ်​လော။- အ​ဘယ်​သူ​သည် စိုး​ရိမ်​ခြင်း​အား​ဖြင့် မိ​မိ​အ​သက်​တာ​ကို တစ်​တောင်​ခန့်​မျှ တိုး​ပွား​စေ​နိုင်​သ​နည်း။- ထို​သို့ အ​ငယ်​ဆုံး​သော​အ​မှု​ကို​မျှ မ​တတ်​နိုင်​လျှင် ကြွင်း​သော​အ​မှု​ကို အ​ဘယ်​ကြောင့်​စိုး​ရိမ်​ကြ​သ​နည်း။- နှင်း​ပင်​တို့​သည် အ​ဘယ်​သို့​သော​အား​ဖြင့် ကြီး​ပွား​သည်​ကို ကြည့်​ရှု​ဆင်​ခြင်​ကြ​လော့။ ထို​အ​ပင်​တို့​သည် အ​လုပ်​လည်း​မ​လုပ်၊ ချည်​ဖြစ်​စေ​ခြင်း​ငှာ မ​ငင်​မ​ဝင့်။ သို့​သော်​လည်း ဘုန်း​ကြီး​သော​ရှော​လ​မုန်​မင်း​ကြီး အ​ဝတ်​သည် ထို​အ​ပင်​တစ်​ပင်​မျှ၏​အ​ဝတ်​ကို မ​မီ​ဟု ငါ​ဆို၏။- ယုံ​ကြည်​အား​နည်း​သော​သူ​တို့၊ ယ​နေ့​အ​သက်​ရှင်​လျက်၊ နက်​ဖြန်​မီး​ဖို​ထဲ​သို့​ရောက်​သော တော​မြက်​ပင်​ကို ဘု​ရား​သ​ခင်​သည် ထို​သို့​သော​အ​ဝတ်​နှင့် ဖုံး​လွှမ်း​တော်​မူ​လျှင်၊ ထို​မျှ​မ​က သင်​တို့​ကို အ​ဝတ်​နှင့် ဖုံး​လွှမ်း​တော်​မူ​မည် မ​ဟုတ်​လော။- ထို​ကြောင့် အ​ဘယ်​သို့ စား​ရ​အံ့​နည်း။ အ​ဘယ်​သို့ သောက်​ရ​အံ့​နည်း​ဟူ၍ မ​ရှာ​ဖွေ​ကြ​နှင့်။ သော​က​မွှေ​နှောက်​ခြင်း​လည်း မ​ရှိ​ကြ​နှင့်။- ထို​အ​ရာ​များ​ကို လော​ကီ​သား​အ​မျိုး​မျိုး​တို့​သည် ရှာ​ဖွေ​တတ်​ကြ၏။ ထို​အ​ရာ​များ​ကို သင်​တို့​သည် အ​သုံး​လို​ကြောင်း​ကို သင်​တို့​အ​ဘ သိ​တော်​မူ၏။- သင်​တို့​မူ​ကား ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​ကို ရှာ​ကြ​လော့။ နောက်​မှ ထို​အ​ရာ​များ​ကို ထပ်၍ ပေး​တော်​မူ​လ​တ္တံ့။ သိုး​စု​ငယ်၊ သင်​တို့​သည် မ​ကြောက်​ကြ​နှင့်။ သင်​တို့​အ​ဘ​သည် သင်​တို့​အား နိုင်​ငံ​ကို​ပေး​ခြင်း​ငှာ အ​လို​ရှိ​တော်​မူ၏။- သင်​တို့​ဥ​စ္စာ​များ​ကို ရောင်း၍ ဆင်း​ရဲ​သား​တို့​အား စွန့်​ကြဲ​ကြ​လော့။ မ​ဆွေး​မ​ဟောင်း​တတ်​သော အိတ်​တို့​ကို ကိုယ်​သုံး​ဖို့ လုပ်​ကြ​လော့။ သူ​ခိုး​မ​ရောက်၊ ပိုး​များ​မ​ဖျက်​ဆီး​ရာ​အ​ရပ်၊ ကောင်း​ကင်​ဘုံ၌ မ​ကုန်​မ​ဆုံး​နိုင်​သော​ဘ​ဏ္ဍာ​ကို ဆည်း​ပူး​ကြ​လော့။- အ​ကြောင်း​မူ​ကား၊ အ​ကြင်​အ​ရပ်၌ သင်​တို့၏​ဘ​ဏ္ဍာ​ရှိ၏။ ထို​အ​ရပ်​သို့ သင်​တို့​စိတ်​နှ​လုံး ရောက်​တတ်၏။

ရှင်လုကာ 12:1-34 အကြောင်း ဗီဒီယိုများ