လူအစုအဝေးတို့သည် ထူထပ်လျက်ရှိကြသောအခါ ကိုယ်တော်က၊ ဤလူမျိုးသည် ဆိုးညစ်သောအမျိုးဖြစ်၏။ နိမိတ်လက္ခဏာကို တောင်းသည်မှာ ပရောဖက်ယောန၏ နိမိတ်လက္ခဏာမှတစ်ပါး အဘယ်လက္ခဏာကိုမျှ သူတို့အားမပြရာ။- ယောနသည် နိနေဝေမြို့သားတို့အား နိမိတ်လက္ခဏာဖြစ်သကဲ့သို့ လူသားသည် ဤလူမျိုးအား ဖြစ်လိမ့်မည်။- တရားဆုံးဖြတ်တော်မူသောအခါ တောင်ပြည်ကို အစိုးရသောမိဖုရားသည် ဤလူမျိုးတစ်ဖက်၌ထ၍ အရှုံးခံစေလတ္တံ့။ အကြောင်းမူကား။ ထိုမိဖုရားသည် ရှောလမုန်မင်းကြီး၏ ပညာစကားကို နားထောင်ခြင်းငှာ မြေကြီးစွန်းမှလာ၏။ ဤအရပ်၌ကား၊ ရှောလမုန်ထက်သာ၍ ကြီးမြတ်သောသူရှိ၏။- တရားဆုံးဖြတ်တော်မူသောအခါ နိနေဝေမြို့သားတို့သည် ဤလူမျိုးတစ်ဖက်၌ထ၍ အရှုံးခံစေလတ္တံ့။ အကြောင်းမူကား၊ ထိုသူတို့သည် ယောနဟောပြောသော စကားကြောင့် နောင်တရကြ၏။ ဤအရပ်၌ကား ယောနထက်သာ၍ ကြီးမြတ်သောသူရှိ၏။ ဆီမီးထွန်း၍ ကွယ်ရာ၌ဖုံးထားလေ့မရှိ။ တောင်းဇလားအောက်၌လည်း ထားလေ့မရှိ။ ဝင်လာသောသူသည် အလင်းကိုရစေခြင်းငှာ ဆီမီးခုံအပေါ်မှာ တင်ထားလေ့ရှိ၏။- ကိုယ်၏ဆီမီးကား၊ မျက်စိတည်း။ ထိုကြောင့် မျက်စိကြည်လင်သောအခါ တစ်ကိုယ်လုံးလင်းလိမ့်မည်။ မျက်စိမြှေးယှက်သောအခါ တစ်ကိုယ်လုံးမိုက်လိမ့်မည်။- ကိုယ်၌ရှိသောအလင်းကို မှောင်မိုက်မဖြစ်စေခြင်းငှာ သတိပြုလော့။- အင်္ဂါတစ်ခုမျှမမိုက်ဘဲ တစ်ကိုယ်လုံးလင်းလျှင်၊ ဆီမီး၏အရောင်နှင့် လင်းစေသကဲ့သို့ လုံးလုံးလင်းလျက်ရှိလိမ့်မည်ဟု မိန့်တော်မူ၏။ ထိုသို့မိန့်တော်မူစဉ်တွင် ဖာရိရှဲတစ်ယောက်သည် အစာကိုသုံးဆောင်တော်မူစေခြင်းငှာ ကိုယ်တော်ကို ခေါ်ပင့်လျှင်၊ သူ၏အိမ်သို့ကြွ၍ စားပွဲ၌ လျောင်းတော်မူ၏။- အစာကိုမစားမီ ဆေးခြင်းကို ပြုတော်မမူသည်ကို ဖာရိရှဲသည်မြင်လျှင် အံ့ဩလေ၏။- သခင်ဘုရားကလည်း၊ ဖာရိရှဲဖြစ်သော သင်တို့သည် ဖလား၊ လင်ပန်းကို အပြင်၌ဆေးကြောကြ၏။ အတွင်း၌ကား လုယူခြင်း၊ ဆိုးညစ်ခြင်းနှင့် ပြည့်လျက်ရှိ၏။- လူမိုက်တို့၊ အပြင်ကို ဖန်ဆင်းသောသူသည် အတွင်းကိုလည်း ဖန်ဆင်းတော်မူသည် မဟုတ်လော။- သာ၍ကောင်းသောနည်းမူကား၊ တတ်နိုင်သမျှအတိုင်း ဆင်းရဲသားတို့အား စွန့်ကြဲကြလော့။ သို့ပြုလျှင် ခပ်သိမ်းသောအရာတို့သည် သင်တို့အားသန့်ရှင်းကြလိမ့်မည်။- ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ပင်စိမ်းရွက်၊ လျူရွက်မျိုးမှစ၍ မြက်ပင်အမျိုးမျိုးကို ဆယ်ဖို့တစ်ဖို့ လှူကြသည်တွင်၊ တရားသဖြင့်စီရင်ခြင်း၊ ဘုရားသခင်ကို ချစ်ခြင်းအမှုကိုကား လှပ်၍ထားကြ၏။ အရင်ဆိုသောအရာတို့ကို မလှပ်မထား၊ နောက်ဆိုသောအရာတို့ကို ကျင့်ရမည်။- ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ တရားဇရပ်၌ မြင့်မြတ်သော နေရာထိုင်ရာကိုလည်းကောင်း၊ ဈေး၌ရိုသေစွာ နှုတ်ဆက်ခြင်းကိုလည်းကောင်း နှစ်သက်ကြ၏။- သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ မထင်ရှားသော သင်္ချိုင်းတွင်းနှင့် တူကြ၏။ ထိုတွင်းအပေါ်မှာ သွားလာသောသူတို့သည် သင်္ချိုင်းတွင်းရှိမှန်းကိုမျှ မသိကြဟု မိန့်တော်မူ၏။ ကျမ်းတတ်တစ်ယောက်ကလည်း၊ အရှင်ဘုရား ထိုသို့ဆိုလျှင် အကျွန်ုပ်တို့ကိုပင် ကဲ့ရဲ့အပြစ်တင်တော်မူ၏ဟု လျှောက်သော်၊- ကျမ်းတတ်တို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထမ်းခဲသောဝန်ကို သူတစ်ပါးအပေါ်မှာ တင်တတ်၏။- ကိုယ်လက်ဖျားနှင့်မျှ မတို့ကြ။ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ပရောဖက်တို့၏ သင်္ချိုင်းများကိုတည်လုပ်၍၊ သင်တို့၏ ဘိုးဘေးများသည် သူတို့ကိုသတ်ကြ၏။- အကယ်စင်စစ် သင်တို့သည် ဘိုးဘေးတို့၏ အပြုအမူကို လက်ခံကြ၏။ ဘိုးဘေးတို့သည် ပရောဖက်များကို သတ်ကြပြီ။ သင်တို့မူကား၊ သင်္ချိုင်းတို့ကို တည်လုပ်ကြ၏။ ထိုကြောင့်၊ ဘုရားသခင်၏ ဉာဏ်စီရင်တော်မူသည်ကား၊ ပရောဖက်၊ တမန်တော်တို့ကို သူတို့ရှိရာသို့ ငါစေလွှတ်မည်။ သူတို့သည် ထိုပရာဖက်၊ တမန်တော်အချို့တို့ကို ညှဉ်းဆဲကြလိမ့်မည်။ အချို့တို့ကို သတ်ကြလိမ့်မည်။- ထိုကြောင့်၊ အာဗေလ၏ အသွေးမှစ၍၊ ယဇ်ပလ္လင်နှင့် အိမ်တော်၏အကြား၌ သတ်ခဲ့ပြီးသော ဇာခရိ၏အသွေးတိုင်အောင် ကမ္ဘာဦးမှစ၍ သွန်းပြီးသော ပရောဖက်အပေါင်းတို့၏ အသွေးကြောင့် ယခုဖြစ်သော လူတို့သည် စစ်ကြောခြင်းကို ခံရကြမည်။- ငါအမှန်ဆိုသည်ကား၊ ယခုဖြစ်သောလူတို့သည် ထိုစစ်ကြောခြင်းကို ခံရကြမည်။ ကျမ်းတတ်တို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ပညာဖွင့်သောသော့ကို သိမ်းထားကြပြီ။ မိမိတို့လည်းမဝင်၊ ဝင်လိုသောသူတို့ကိုလည်း ဆီးတားကြသည်ဟု မိန့်တော်မူ၏။- ထိုသို့ ပရိသတ်တို့အား မိန့်တော်မူစဉ်တွင် ကျမ်းပြုဆရာနှင့် ဖာရိရှဲတို့သည် ကိုယ်တော်၌ အပြစ်တင်ခွင့်ကို ရမည်အကြောင်း၊- ချောင်းမြောင်းလျက် စကားတော်ကိုဖမ်းခြင်းငှာ ရှာကြံလျက်၊ ကျပ်ကျပ်တိုက်တွန်း၍ အရာရာတို့၌ မေးစစ်ကြ၏။
ရှင်လုကာ 11 ကို ဖတ်ရှုရန်
နားထောင်ရန် ရှင်လုကာ 11
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်လုကာ 11:29-54
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ