သင်တို့သည် ငါ့စကားကိုနားမထောင်၊ ဤပညတ်အလုံးစုံကိုမစောင့်၊ ငါ့စီရင်ထုံးဖွဲ့ချက်များကိုရွံရှာ၍၊ မထီမဲ့မြင်ပြုလျက်၊ ငါ့ပညတ်တရားကိုမကျင့်၊ ငါ့ပဋိညာဉ်သစ္စာကိုဖျက်လျှင်၊ သင်တို့၌ငါပြုလတ္တံ့သော အမှုဟူမူကား၊ သင်တို့၌မျက်စိပျက်လျက်၊ စိတ်ပူပန်လျက်ရှိစေခြင်းငှာ၊ ထိတ်လန့်သောသဘော၊ တူလာ၊ ဖျားနာတို့ကို သင်တို့အပေါ်မှာငါခန့်ထားမည်။ သင်တို့သည် မျိုးစေ့ကိုကြဲသော်လည်း အကျိုးမရှိ။ ရန်သူတို့သည် အသီးအနှံကိုစားကြလိမ့်မည်။ သင်တို့ကို ငါမျက်နှာထား၍၊ ရန်သူရှေ့မှာဆုံးစေမည်။ သင်တို့သည် ရန်သူ၏ အုပ်စိုးခြင်းကိုခံရ၍၊ အဘယ်သူမျှမလိုက်သော်လည်း၊ ပြေးကြလိမ့်မည်။ ထိုမျှလောက်ခံရသော်လည်း၊ ငါ့စကားကို နားမထောင်ဘဲနေသေးလျှင်၊ သင်တို့အပြစ်ကြောင့် ခုနစ်ဆသောဒဏ်ကိုငါပေးဦးမည်။ သင်တို့ မာနအစွယ်ကို ငါချိုးမည်။ မိုးကောင်းကင်ကိုသံကဲ့သို့လည်းကောင်း၊ မြေကြီးကိုကြေးဝါကဲ့သို့လည်းကောင်း၊ ငါဖြစ်စေသဖြင့်၊ သင်တို့သည် အချည်းနှီးကြိုးစားအားထုတ်ကြလိမ့်မည်။ သင်တို့မြေသည် မိမိဘဏ္ဍာကိုမပေး။ ဥယျာဉ်အပင်တို့သည် အသီးမသီးကြ။ သင်တို့သည် ငါ့စကားကိုနားမထောင်၊ ငါ့ကိုဆန့်ကျင်ဘက်ပြုလျှင်၊ သင်တို့အပြစ်အလျောက် ခုနစ်ဆသောဘေးကြီးကို ငါသက်ရောက်စေမည်။ သင်တို့၏သားသမီးများကို ချီသွား၍၊ သင်တို့၏တိရစ္ဆာန်များကို ဖျက်ဆီးလျက်၊ သင်တို့ကိုနည်းစေခြင်းငှာ၊ သားရဲများကိုငါစေလွှတ်သဖြင့်၊ သင်တို့သွားရာလမ်းမတို့သည် လူဆိတ်ညံရာဖြစ်ကြလိမ့်မည်။ ထိုသို့ ခံရသော်လည်း၊ သင်တို့သည်သတိမရ၊ ငါ့ကို ဆန့်ကျင်ဘက်ပြုသေးလျှင်၊ ငါသည်လည်း သင်တို့ကိုဆန့်ကျင်ဘက်ပြု၍၊ သင်တို့အပြစ်ကြောင့် ခုနစ်ဆသောဒဏ်ကိုပေးဦးမည်။ ငါ့ပဋိညာဉ်ဘက်၌နေ၍၊ တရားစီရင်ရသောဓားဘေးကို သင်တို့အပေါ်မှာ ငါသက်ရောက်စေမည်။ သင်တို့သည်မြို့ထဲ၌၊ စုဝေးသောအခါ၊ ကာလနာဘေးကို ငါစေလွှတ်၍၊ ရန်သူလက်သို့ရောက်စေမည်။ သင်တို့၏အစာအာဟာရ အထောက်အပင့်ကို ငါပယ်ရှားသောအခါ၊ မိန်းမတစ်ကျိပ်တို့သည် သင်တို့၏မုန့်ကို မီးဖိုတစ်ဖို၌ဖုတ်ပြီးမှ၊ ထိုမုန့်ကိုချိန်ပေးသဖြင့် သင်တို့သည်ဝစွာမစားရကြ။ ထိုမျှလောက်ခံရသော်လည်း၊ ငါ့စကားကိုနားမထောင်၊ ငါ့ကို ဆန့်ကျင်ဘက်ပြုသေးလျှင်၊ ငါသည်လည်းအမျက်ထွက်၍ သင်တို့ကိုဆန့်ကျင်ဘက်ပြုသဖြင့်၊ သင်တို့အပြစ်ကြောင့် ခုနစ်ဆသောဒဏ်ကိုပေးဦးမည်။ သင်တို့သည် ကိုယ်သားသမီးတို့၏အသားကို စားရကြလိမ့်မည်။ သင်တို့မြင့်သောအရပ်များကို ငါဖြိုဖျက်၍၊ ရုပ်တုဆင်းတုများကို ခုတ်လှဲမည်။ သင်တို့အသေကောင်များကို၊ ရုပ်တုဆင်းတု အသေကောင်အပေါ်မှာ ပစ်ချ၍၊ သင်တို့ကိုစက်ဆုပ်ရွံရှာမည်။ သင်တို့မြို့များကိုငါဖျက်ဆီး၍၊ သန့်ရှင်းရာဌာနတော်ကို သုတ်သင်ပယ်ရှင်းသဖြင့်၊ သင်တို့နံ့သာပေါင်း အမွှေးအကြိုင်ကိုငါမနမ်း။ တစ်ပြည်လုံးကို ငါသုတ်သင်ပယ်ရှင်းသောအမှုကို၊ ထိုပြည်၌နေသော သင်တို့၏ရန်သူတို့သည်မြင်၍ မိန်းမောတွေဝေကြလိမ့်မည်။ သာသနာပလူတို့တွင် သင်တို့ကို အရပ်ရပ်ငါကွဲပြားစေ၍၊ ဓားမိုးလျက်လိုက်မည်။ သင်တို့ပြည်သည်လည်း လူဆိတ်ညံလျက်၊ မြို့သည်လည်း ပျက်စီးလျက်ရှိလိမ့်မည်။ ထိုသို့ သင်တို့သည်ရန်သူပြည်၌နေ၍၊ ကိုယ်ပြည်သည် လူဆိတ်ညံလျက်နေသောကာလပတ်လုံး ငြိမ်ဝပ်စွာနေ၍၊ မိမိဥပုသ်နေ့တို့၌ မွေ့လျော်ရလိမ့်မည်။ လူဆိတ်ညံလျက်နေရသောကာလပတ်လုံး ငြိမ်ဝပ်လိမ့်မည်။ သင်တို့ရှိနေသောအခါ၊ ဥပုသ်နေ့တို့၌ ပြည်သည်မငြိမ်မဝပ်ရ။ ရန်သူပြည်မှာကျန်ကြွင်းသော သင်တို့စိတ်နှလုံးထဲသို့၊ ထိတ်လန့်သောသဘောကို ငါပေးသွင်းသဖြင့်၊ သစ်ရွက်လှုပ်သံကြောင့် သင်တို့သည်ကြောက်၍၊ ဓားဘေးမှပြေးသကဲ့သို့ ပြေးကြလိမ့်မည်။ အဘယ်သူမျှမလိုက်သော်လည်း လဲကြလိမ့်မည်။ အဘယ်သူမျှမလိုက်ဘဲ ဓားဘေးမှပြေးသောသူကဲ့သို့ တစ်ယောက်အပေါ်မှာ တစ်ယောက်လဲကြလိမ့်မည်။ ရန်သူရှေ့မှာ ရပ်နိုင်သောတန်ခိုးမရှိရ။ ရန်သူပြည်သည် သင်တို့ကိုမျိုစား၍၊ သာသနာပလူတို့တွင် ဆုံးရှုံးကြလိမ့်မည်။ ကျန်ကြွင်းသောသင်တို့သည်၊ ရန်သူပြည်၌ကိုယ်အပြစ်၊ ဘိုးဘတို့အပြစ်ကိုခံလျက်၊ ဘိုးဘနှင့်တကွ အားလျော့ကြလိမ့်မည်။ သို့ရာတွင် သူတို့သည်ငါ့ကိုပြစ်မှား၍၊ ငါ့ကိုဆန့်ကျင်ဘက်ပြုသောကြောင့်၊ ငါသည် သူတို့ကိုဆန့်ကျင်ဘက်ပြု၍ ရန်သူပြည်သို့ပို့ဆောင်သော အကြောင်းများနှင့်တကွ၊ ကိုယ်အပြစ်၊ ဘိုးဘတို့အပြစ်များကို ဖော်ပြတောင်းပန်လျှင်လည်းကောင်း၊ အရေဖျားလှီးခြင်းကိုမခံသော မိမိတို့နှလုံးကိုနှိမ့်ချ၍၊ မိမိတို့အပြစ်ကြောင့်ခံရသောဒဏ်ကို ဝန်ခံလျှင်လည်းကောင်း၊ ငါသည် ယာကုပ်နှင့်ပြုသောပဋိညာဉ်၊ ဣဇာက်နှင့်ပြုသောပဋိညာဉ်၊ အာဗြဟံနှင့်ပြုသော ပဋိညာဉ်ကိုလည်းကောင်း၊ ထိုပြည်ကိုလည်းကောင်း ငါအောက်မေ့မည်။ ထိုပြည်သည် သူတို့လက်မှလွတ်၍၊ သူတို့မရှိဘဲ လူဆိတ်ညံလျက်နေစဉ်တွင် မိမိဥပုသ်နေ့တို့၌ မွေ့လျော်လိမ့်မည်။ သူတို့သည် ငါ့စီရင်ထုံးဖွဲ့ချက်များကိုရွံရှာ၍ မထီမဲ့မြင်ပြုသောအပြစ်ကြောင့်၊ ခံရသောဒဏ်ကို ဝန်ခံရကြလိမ့်မည်။ သို့ရာတွင် ရန်သူပြည်၌နေကြသောအခါ၊ သူတို့ကိုရှင်းရှင်းဖျက်ဆီး၍၊ သူတို့နှင့် ငါပြုသောပဋိညာဉ်ကို ပယ်သည်တိုင်အောင် သူတို့ကိုငါမစွန့်ပစ်၊ မရွံရှာ။ ငါသည် သူတို့၏ဘုရားခင်ထာဝရဘုရားဖြစ်၏။ ငါသည် သူတို့၏ဘုရားသခင်ဖြစ်အံ့သောငှာ သာသနာပလူတို့မျက်မှောက်၌၊ အဲဂုတ္တုပြည်မှငါနုတ်ဆောင်သော သူတို့ဘိုးဘေးနှင့် ငါပြုသောပဋိညာဉ်ကို သူတို့အတွက်ငါအောက်မေ့မည်။ ငါသည်ထာဝရဘုရားဖြစ်သည်ဟု မိန့်တော်မူ၏။
ဝတ်ပြုရာ 26 ကို ဖတ်ရှုရန်
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဝတ်ပြုရာ 26:14-45
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ