ကျောက်စရစ်ကိုကျွေး၍ ငါ့သွားတို့ကို ချိုးတော်မူ၏။ မီးဖိုပြာနှင့် ဖုံးတော်မူ၏။ ငါ၏ဝိညာဉ်ကို ချမ်းသာနှင့်ဝေးစွာရွှေ့တော်မူသောကြောင့်၊ ငါသည် မင်္ဂလာအကြောင်းကို မေ့လျော့၏။ သို့ဖြစ်၍၊ ငါသည် ထာဝရဘုရားရှေ့တော်၌ အစွမ်းသတ္တိနှင့် မျှော်လင့်စရာအကြောင်း ပျက်လေပြီဟု ဆိုရ၏။ အကျွန်ုပ်ခံရသော ဆင်းရဲငြိုငြင်ခြင်းကိုလည်းကောင်း၊ ဒေါနနှင့် သည်းခြေအရည်ကိုလည်းကောင်း အောက်မေ့တော်မူပါ။ ဧကန်အမှန် အောက်မေ့တော်မူလိမ့်မည်။ ထိုသို့ အကျွန်ုပ်၏စိတ်နှလုံးသည် ဆင်ခြင်၍သတိရသောအခါ မျှော်လင့်စရာအခွင့်ရှိပါ၏။ ထာဝရဘုရားသည်သနားတော်မူ၍ ကရုဏာတော်သည် မကုန်သောကြောင့် ငါတို့သည် ဆုံးရှုံးခြင်းသို့ မရောက်ဘဲနေကြ၏။ နံနက်တိုင်း ကရုဏာတော်အသစ်ကို ခံရကြ၏။ သစ္စာတော်သည် ကြီးမြတ်ပါ၏။ ငါ့ဝိညာဉ်၏သဘောဟူမူကား၊ ထာဝရဘုရားသည် ငါ၏အဖို့ဖြစ်တော်မူ၏။ ထိုကြောင့်၊ ကိုယ်တော်ကို ငါမျှော်လင့်ပါ၏။ ကိုယ်တော်ကို မျှော်လင့်သောသူနှင့် ကိုယ်တော်ကို ရှာသောသူ၏စိတ်ဝိညာဉ်အား ထာဝရဘုရားသည် ကျေးဇူးပြုတော်မူ၏။ ကယ်တင်တော်မူမည်ဟု မျှော်လင့်လျက်၊ ငြိမ်ဝပ်စွာစောင့်၍နေကောင်း၏။ လူသည် အသက်ပျိုစဉ်အခါ ထမ်းပိုးကိုထမ်းကောင်း၏။ ထမ်းပိုးကို တင်တော်မူသောကြောင့် တစ်ယောက်တည်းထိုင်၍ ငြိမ်ဝပ်စွာနေစေ။ မျှော်လင့်စရာအခွင့် ရှိကောင်းရှိလိမ့်မည်ဟု ထင်လျက်၊ မိမိနှုတ်ကို မြေမှုန့်၌ကပ်စေ။ ရိုက်သောသူအား မိမိပါးကိုပေး၍၊ ကဲ့ရဲ့ပြစ်တင်ခြင်းနှင့် ပြည့်ဝစေ။ အကြောင်းမူကား၊ ထာဝရဘုရားသည် အစဉ် စွန့်ပစ်တော်မမူတတ်။ ဝမ်းနည်းစေတော်မူသော်လည်း၊ ကရုဏာတော်များပြားသည်နှင့်အညီ သနားတော်မူလိမ့်မည်။ ဆင်းရဲစေချင်သော စိတ်နှင့် လူသားတို့ကိုညှဉ်းဆဲ၍ ဝမ်းနည်းစေတော်မူသည် မဟုတ်။
ယေရမိမြည်တမ်း 3 ကို ဖတ်ရှုရန်
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ယေရမိမြည်တမ်း 3:16-33
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ