YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေရမိမြည်တမ်း 3:1-66

ယေရမိမြည်တမ်း 3:1-66 JBMLE

ငါ​သည် ဘု​ရား​သ​ခင်၏​အ​မျက်​တော်​ကြိမ်​လုံး​အောက်၌ ဆင်း​ရဲ​ခြင်း​ကို ခံ​ရ​သော​သူ​ဖြစ်၏။ ငါ့​ကို​သွေး​ဆောင်၍ အ​လင်း​သို့​မ​ပို့၊ မှောင်​မိုက်​ထဲ​သို့ ပို့​ဆောင်​တော်​မူ၏။ အ​ကယ်​စင်​စစ် ငါ့​ကို​တစ်​နေ့​လုံး အ​ထပ်​ထပ် ဒဏ်​ခတ်​တော်​မူ၏။ ငါ့​အ​ရေ​နှင့် အ​သား​ကို ဆွေး​ရိ​စေ၍ ငါ့​အ​ရိုး​တို့​ကို​လည်း ချိုး​တော်​မူ၏။ ငါ့​တစ်​ဖက်၌ တပ်​တည်၍ ခါး​သော​အ​ရာ၊ ပင်​ပန်း​စ​ရာ​အ​ကြောင်း​တို့​နှင့် ဝိုင်း​တော်​မူ၏။ သေ​လွန်​သော​သူ​တို့​ကို ပြု​တတ်​သ​ကဲ့​သို့၊ ငါ့​ကို မိုက်​သော​အ​ရပ်၌ ထား​တော်​မူ၏။ ငါ​မ​ထွက်​နိုင်​အောင်​ဝင်း​ခတ်၍၊ လေး​သော သံ​ကြိုး​နှင့် ချည်​နှောင်​တော်​မူ၏။ ထို​မျှ​မ​က ငါ​သည်​ကြွေး​ကြော်​အော်​ဟစ်၍ ဆု​တောင်း​သော်​လည်း ငြင်း​ပယ်​တော်​မူ၏။ ငါ​သွား​ရာ​လမ်း​ကို​ကျောက်​ထ​ရံ​နှင့် ပိတ်၍၊ ကောက်​သော​လမ်း​ဖြင့် သွား​စေ​တော်​မူ၏။ ငါ့​ကို ချောင်း​မြောင်း​သော​ဝက်​ဝံ​ကဲ့​သို့​လည်း​ကောင်း၊ မ​ထင်​ရှား​သော အ​ရပ်၌​နေ​သော ခြင်္သေ့​ကဲ့​သို့​လည်း​ကောင်း ဖြစ်​တော်​မူ၏။ ငါ့​ကို လမ်း​လွဲ​စေ​ပြီး​လျှင် အ​ပိုင်း​ပိုင်း​ဖြတ်၍ ဖျက်​ဆီး​တော်​မူ၏။ လေး​တော်​ကို​တင်၍ ပစ်​စ​ရာ​စက်​အ​ရာ၌ ငါ့​ကို ထား​တော်​မူ၏။ မြား​တော်​တို့​ကို​လည်း၊ ငါ့​ကျောက်​ကပ်​ကို ခွင်း​စေ​တော်​မူ၏။ ငါ​သည်​ငါ၏​လူ​တို့​တွင် ကဲ့​ရဲ့​စ​ရာ​အ​ကြောင်း​နှင့် တစ်​နေ့​လုံး သီ​ချင်း​ဆို​စ​ရာ​အ​ကြောင်း​ဖြစ်​ပါ​သည်​တ​ကား။ ခါး​သော​ဆေး​နှင့် ငါ့​ကို​ဖြည့်၍၊ ဒေါ​န​နှင့် ယစ်​မူး​စေ​တော်​မူ၏။ ကျောက်​စ​ရစ်​ကို​ကျွေး၍ ငါ့​သွား​တို့​ကို ချိုး​တော်​မူ၏။ မီး​ဖို​ပြာ​နှင့် ဖုံး​တော်​မူ၏။ ငါ၏​ဝိ​ညာဉ်​ကို ချမ်း​သာ​နှင့်​ဝေး​စွာ​ရွှေ့​တော်​မူ​သော​ကြောင့်၊ ငါ​သည် မင်္ဂ​လာ​အ​ကြောင်း​ကို မေ့​လျော့၏။ သို့​ဖြစ်၍၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ အ​စွမ်း​သ​တ္တိ​နှင့် မျှော်​လင့်​စ​ရာ​အ​ကြောင်း ပျက်​လေ​ပြီ​ဟု ဆို​ရ၏။ အ​ကျွန်ုပ်​ခံ​ရ​သော ဆင်း​ရဲ​ငြို​ငြင်​ခြင်း​ကို​လည်း​ကောင်း၊ ဒေါ​န​နှင့် သည်း​ခြေ​အ​ရည်​ကို​လည်း​ကောင်း အောက်​မေ့​တော်​မူ​ပါ။ ဧ​ကန်​အ​မှန် အောက်​မေ့​တော်​မူ​လိမ့်​မည်။ ထို​သို့ အ​ကျွန်ုပ်၏​စိတ်​နှ​လုံး​သည် ဆင်​ခြင်၍​သ​တိ​ရ​သော​အ​ခါ မျှော်​လင့်​စ​ရာ​အ​ခွင့်​ရှိ​ပါ၏။ ထာ​ဝ​ရ​ဘု​ရား​သည်​သ​နား​တော်​မူ၍ က​ရု​ဏာ​တော်​သည် မ​ကုန်​သော​ကြောင့် ငါ​တို့​သည် ဆုံး​ရှုံး​ခြင်း​သို့ မ​ရောက်​ဘဲ​နေ​ကြ၏။ နံ​နက်​တိုင်း က​ရု​ဏာ​တော်​အ​သစ်​ကို ခံ​ရ​ကြ၏။ သ​စ္စာ​တော်​သည် ကြီး​မြတ်​ပါ၏။ ငါ့​ဝိ​ညာဉ်၏​သ​ဘော​ဟူ​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ၏​အ​ဖို့​ဖြစ်​တော်​မူ၏။ ထို​ကြောင့်၊ ကိုယ်​တော်​ကို ငါ​မျှော်​လင့်​ပါ၏။ ကိုယ်​တော်​ကို မျှော်​လင့်​သော​သူ​နှင့် ကိုယ်​တော်​ကို ရှာ​သော​သူ၏​စိတ်​ဝိ​ညာဉ်​အား ထာ​ဝ​ရ​ဘု​ရား​သည် ကျေး​ဇူး​ပြု​တော်​မူ၏။ ကယ်​တင်​တော်​မူ​မည်​ဟု မျှော်​လင့်​လျက်၊ ငြိမ်​ဝပ်​စွာ​စောင့်၍​နေ​ကောင်း၏။ လူ​သည် အ​သက်​ပျို​စဉ်​အ​ခါ ထမ်း​ပိုး​ကို​ထမ်း​ကောင်း၏။ ထမ်း​ပိုး​ကို တင်​တော်​မူ​သော​ကြောင့် တစ်​ယောက်​တည်း​ထိုင်၍ ငြိမ်​ဝပ်​စွာ​နေ​စေ။ မျှော်​လင့်​စ​ရာ​အ​ခွင့် ရှိ​ကောင်း​ရှိ​လိမ့်​မည်​ဟု ထင်​လျက်၊ မိ​မိ​နှုတ်​ကို မြေ​မှုန့်၌​ကပ်​စေ။ ရိုက်​သော​သူ​အား မိ​မိ​ပါး​ကို​ပေး၍၊ ကဲ့​ရဲ့​ပြစ်​တင်​ခြင်း​နှင့် ပြည့်​ဝ​စေ။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် အ​စဉ် စွန့်​ပစ်​တော်​မ​မူ​တတ်။ ဝမ်း​နည်း​စေ​တော်​မူ​သော်​လည်း၊ က​ရု​ဏာ​တော်​များ​ပြား​သည်​နှင့်​အ​ညီ သ​နား​တော်​မူ​လိမ့်​မည်။ ဆင်း​ရဲ​စေ​ချင်​သော စိတ်​နှင့် လူ​သား​တို့​ကို​ညှဉ်း​ဆဲ၍ ဝမ်း​နည်း​စေ​တော်​မူ​သည် မ​ဟုတ်။ ချုပ်​ထား​သော ပြည်​သား​အ​ပေါင်း​တို့​ကို​ခြေ​နှင့် နင်း​ကြိတ်​ခြင်း​အ​မှု၊ လူ​ခံ​ထိုက်​သော​တ​ရား​ကို အ​မြင့်​ဆုံး​သော​ဘု​ရား​မျက်​မှောက်၌ ဖျက်​ခြင်း​အ​မှု၊ သူ​တစ်​ပါး​ကို မ​တ​ရား​သ​ဖြင့် ရှုံး​စေ​ခြင်း​အ​မှု​တို့​ကို ထာ​ဝ​ရ​ဘု​ရား နှစ်​သက်​တော်​မ​မူ။ ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မ​မူ​ဘဲ၊ အ​ဘယ်​သူ​သည်​ပြော၍ တစ်​စုံ​တစ်​ခု​ကို ဖြစ်​စေ​နိုင်​သ​နည်း။ အ​မြင့်​ဆုံး​သော​ဘု​ရား၏ နှုတ်​တော်​ထွက်​ရှိ​သည်​အ​တိုင်း မင်္ဂ​လာ​နှင့် အ​မင်္ဂ​လာ​ဖြစ်​တတ်​သည် မ​ဟုတ်​လော။ အ​သက်​ရှင်​သော​လူ​သ​တ္တ​ဝါ​သည် အ​ဘယ်​ကြောင့် မြည်​တမ်း​ရ​မည်​နည်း။ မိ​မိ​ဒု​စ​ရိုက်​အ​ပြစ်​ကြောင့် မြည်​တမ်း​ရ​မည်​လော။ ငါ​တို့​သည် ကိုယ်​လိုက်​သော​လမ်း​တို့​ကို စစ်​ကြော​စုံ​စမ်း၍၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ ပြန်​သွား​ကြ​ကုန်​အံ့။ ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ​သော ဘု​ရား​သ​ခင့်​ထံ​တော်​သို့ နှ​လုံး​နှင့် လက်​တို့​ကို ချီ​ကြွ​ကြ​ကုန်​အံ့။ အ​ကျွန်ုပ်​တို့​သည် ပြစ်​မှား ပုန်​ကန်​မိ​ပါ​ပြီ။ ကိုယ်​တော်​သည် အ​ပြစ်​လွှတ်​တော်​မ​မူ​ပါ။ အ​မျက်​တော်​ထွက်၍ မျက်​နှာ​လွှဲ​တော်​မူ၏။ တစ်​ဖန် အ​ကျွန်ုပ်​တို့​ကို​လိုက်၍ က​ရု​ဏာ​မ​ရှိ​ဘဲ ကွပ်​မျက်​တော်​မူ၏။ အ​ကျွန်ုပ်​တို့ ပ​တ္ထ​နာ​စ​ကား​သည် အ​ထံ​တော်​သို့ မ​ပေါက်​နိုင်​အောင်၊ မိုး​တိမ်​ဖြင့် ကိုယ်​ကို ကွယ်​ကာ​တော်​မူ၏။ အ​ကျွန်ုပ်​တို့​ကို လူ​မျိုး​တို့​တွင် လှည်း​ပစ်​သော​တန်​မြက်​ချေး အ​မှိုက်​ကဲ့​သို့​လည်း​ကောင်း၊ ရွံ​စ​ရာ​အ​ရာ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​စေ​တော်​မူ၏။ ရန်​သူ​အ​ပေါင်း​တို့​သည် အ​ကျွန်ုပ်​တို့​တစ်​ဖက်၌ နှုတ်​ကို​ဖွင့်​ကြ​ပါ၏။ အ​ကျွန်ုပ်​တို့​သည် ကြောက်​လန့်​ဖွယ်​သော​အ​ရာ​ထဲ​သို့​လည်း​ကောင်း၊ တွင်း​ထဲ​သို့​လည်း​ကောင်း၊ သုတ်​သင်​ပယ်​ရှင်း ဖျက်​ဆီး​ခြင်း​ထဲ​သို့​လည်း​ကောင်း ရောက်​ကြ​ပါ​ပြီ။ ငါ၏​လူ​မျိုး သ​တို့​သ​မီး​ပျက်​စီး​သော​ကြောင့်၊ ငါ့​မျက်​စိ​သည် မြစ်​ရေ​ဖြစ်၍ စီး​လျက်​ရှိ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ကောင်း​ကင်​က​ငုံ့​ကြည့်၍ ရှု​မှတ်​တော်​မ​မူ​မီ​တိုင်​အောင်၊ ငါ့​မျက်​ရည်​သည်​ကျ၍ အ​စဉ်​မ​ပြတ် ယို​စီး​လျက်​ရှိ၏။ ငါ၏​မြို့​သ​မီး​အ​ပေါင်း​တို့​အ​တွက်​ကြောင့်၊ ငါ့​မျက်​စိ​သည် ငါ့​နှ​လုံး​ကို ပူ​စေ​တတ်၏။ အ​ကြောင်း​မ​ရှိ​ဘဲ ငါ့​ကို​ရန်​ပြု​သော သူ​တို့​သည် ငှက်​ကို​လိုက်၍ ရှာ​သ​ကဲ့​သို့ ငါ့​ကို လိုက်၍​ရှာ​ကြ၏။ မြေ​တွင်း၌ ငါ့​အ​သက်​ကို​ဖြတ်၍ ငါ့​အ​ပေါ်​မှာ ကျောက်​ကို တင်​ထား​ကြ၏။ ငါ့​ခေါင်း​ကို ရေ​လွှမ်း​မိုး​သည်​ဖြစ်၍၊ ငါ​သည် ဆုံး​ရှုံး​ပြီ​ဟု ဆို​ရ၏။ အို ထာ​ဝ​ရ​ဘု​ရား၊ နက်​သော​မြေ​တွင်း​ထဲ​က အ​ကျွန်ုပ်​သည် ကိုယ်​တော်၏​နာ​မ​ကို​ခေါ်​ပါ၏။ အ​ကျွန်ုပ်​ခေါ်​သံ​ကို ကြား​တော်​မူ​သည်​ဖြစ်၍၊ အ​ကျွန်ုပ်​ညည်း​တွား​အော်​ဟစ်​သော​အ​ခါ နား​တော်​ကို လွှဲ​တော်​မ​မူ​ပါ​နှင့်။ အ​ကျွန်ုပ်​သည် ကိုယ်​တော်​ကို​ဟစ်​ခေါ်​သော​အ​ခါ၊ ကိုယ်​တော်​သည် ချဉ်း​ကပ်​တော်​မူ၍၊ မ​ကြောက်​နှင့်​ဟု မိန့်​တော်​မူ​ပြီ။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​အ​သက်​နှင့် ဆိုင်​သော​အ​မှု​ကို​စောင့်၍ ရွေး​နုတ်​တော်​မူ​ပြီ။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ခံ​ရ​သော​ညှဉ်း​ဆဲ​ခြင်း​ကို မြင်​တော်​မူ​ပြီ။ အ​ကျွန်ုပ်​အ​ဖို့ တ​ရား​စီ​ရင်​တော်​မူ​ပါ။ သူ​တို့​သည် အ​ကျွန်ုပ်​ကို ရန်​ငြိုး​ဖွဲ့​သ​မျှ​နှင့် မ​ကောင်း​သော​အ​ကြံ​ရှိ​သ​မျှ​ကို ကိုယ်​တော်​မြင်​တော်​မူ​ပြီ။ အို ထာ​ဝ​ရ​ဘု​ရား၊ သူ​တို့​ကဲ့​ရဲ့​သော​အ​ကြောင်း​နှင့် မ​ကောင်း​သော​အ​ကြံ​ရှိ​သ​မျှ​ကို​လည်း​ကောင်း၊ အ​ကျွန်ုပ်​တစ်​ဖက်၌ ထ​သော​သူ​တို့၏​အ​ပြစ်​တင်​ခြင်း၊ အ​ကျွန်ုပ်​တစ်​ဖက်၌ တစ်​နေ့​လုံး ကြံ​စည်​ခြင်း​ကို​လည်း​ကောင်း ကိုယ်​တော်​ကြား​တော်​မူ​ပြီ။ သူ​တို့​ထိုင်​ခြင်း၊ ထ​ခြင်း​ကို​ကြည့်​ရှု​တော်​မူ​ပါ။ အ​ကျွန်ုပ်​သည် သူ​တို့ သီ​ချင်း​ဆို​စ​ရာ​အ​ကြောင်း​ဖြစ်​ပါ၏။ အို ထာ​ဝ​ရ​ဘု​ရား၊ သူ​တို့​ကျင့်​သော အ​ကျင့်​နှင့်​အ​လျောက် အ​ကျိုး​အ​ပြစ်​ကို ဆပ်​ပေး​တော်​မူ​ပါ။ သူ​တို့​စိတ်​နှ​လုံး​ကို​ခိုင်​မာ​စေ၍ ကျိန်​တော်​မူ​ပါ။ အ​မျက်​တော်​ထွက်၍ သူ​တို့​ကို ညှဉ်း​ဆဲ​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား၏ မိုး​ကောင်း​ကင်​အောက်​မှ သုတ်​သင်​ပယ်​ရှင်း​တော်​မူ​ပါ။