YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေရမိမြည်တမ်း 2:7-22

ယေရမိမြည်တမ်း 2:7-22 JBMLE

ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​ယဇ်​ပ​လ္လင်​တော်​ကို ပယ်​တော်​မူ​ပြီ။ မိ​မိ​သန့်​ရှင်း​ရာ​ဌာ​န​တော်​ကို စက်​ဆုပ်​တော်​မူ​ပြီ။ ဘုံ​ဗိ​မာန်​တော်​ကို ရန်​သူ​လက်​သို့​အပ်​တော်​မူ​သ​ဖြင့်၊ ပွဲ​သ​ဘင်​ခံ​သော​နေ့၌ အ​သံ​ပြု​သ​ကဲ့​သို့၊ ရန်​သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်၌ အ​သံ​ပြု​ကြ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည် ဇိ​အုန်​သ​တို့​သ​မီး၏​မြို့​ရိုး​ကို ဖြို​ဖျက်​မည်​ဟု အ​ကြံ​တော်​ရှိ​သည်​အ​တိုင်း၊ ကြိုး​ကို​တန်း၍ အ​စဉ်​မ​ပြတ် ဖြို​ဖျက်​တော်​မူ​သ​ဖြင့်၊ အ​တွင်း​မြို့​ရိုး​နှင့် ပြင်​မြို့​ရိုး​တို့​သည် အ​တူ​ညည်း​တွား၍ ငို​ကြွေး​မြည်​တမ်း​ရ​မည် အ​ကြောင်း​ပြု​တော်​မူ​ပြီ။ မြို့​တံ​ခါး​ရွက်​တို့​သည် မြေ၌​မြှုပ်​လျက်​ရှိ​ကြ၏။ ကန့်​လန့်​ကျင်​တို့​ကို ချိုး​ဖဲ့​တော်​မူ​ပြီ။ ရှင်​ဘု​ရင်​နှင့် မင်း​သား​တို့​သည် သာ​သ​နာ​ပ​လူ​တို့​တွင် နေ​ရ​ကြ၏။ တ​ရား​တော်​မ​ရှိ။ ပ​ရော​ဖက်​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ ဗျာ​ဒိတ်​တော်​ကို မ​ခံ​မ​ရ​ကြ။ ဇိ​အုန်​သ​တို့​သ​မီး၏ အ​သက်​ကြီး​သူ​တို့​သည် မြေ​မှုန့်​ကို မိ​မိ​တို့​ခေါင်း​ပေါ်​မှာ​ပစ်​တင်​လျက်၊ လျှော်​တေ​အ​ဝတ်​ကို ဝတ်​စည်း​လျက်၊ မြေ​ပေါ်​မှာ​ထိုင်၍ တိတ်​ဆိတ်​စွာ​နေ​ကြ၏။ ယေ​ရု​ရှ​လင်​မြို့​သူ​က​ညာ​တို့​သည် ခေါင်း​ကို ငိုက်​ဆိုက်​ညွှတ်​လျက် နေ​ကြ၏။ ငါ၏​လူ​မျိုး သ​တို့​သ​မီး​ပျက်​စီး​သော​ကြောင့်၊ ငါ​သည်​မျက်​ရည်​ကျ၍ မျက်​စိ​ပျက်​လေ​ပြီ။ ဝမ်း၌ ဆူ​လှိုက်​ခြင်း​ရှိ၍ အ​သည်း​လည်း မြေ​ပေါ်​မှာ သွန်း​လျက်​ရှိ၏။ အ​ကြောင်း​မူ​ကား၊ သူ​ငယ်​နှင့် နို့​စို့​က​လေး​တို့​သည် မြို့​လမ်း၌ အား​ပျက်​လျက်​နေ​ကြ၏။ သူ​တို့​က​လည်း၊ ဆန်​စ​ပါး​နှင့် စ​ပျစ်​ရည်​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း​ဟု၊ ရန်​သူ​ညှဉ်း​ဆဲ​သော​သူ​ကဲ့​သို့ မြို့​လမ်း၌​အား​ပျက်​လျက်၊ အ​မိ​ရင်​ခွင်၌ မိ​မိ​အ​သက်​ကို သွန်း​လျက်၊ အ​မိ​ကို မေး​တတ်​ကြ​သည်​တ​ကား။ အို ယေ​ရု​ရှ​လင်​သ​တို့​သ​မီး၊ သင်၏​အ​မှု၌​အ​ဘယ်​သက်​သေ​ကို ငါ​ပြ​ရ​မည်​နည်း။ အို​ဇိ​အုန်​သ​တို့ သ​မီး​က​ညာ၊ သင့်​ကို​နှစ်​သိမ့်​စေ​ခြင်း​ငှာ၊ သင်​နှင့်​အ​ဘယ်​သူ​ကို ငါ​ခိုင်း​နှိုင်း​ရ​မည်​နည်း။ သင်၏​ပြို​ပျက်​ရာ​သည် သ​မု​ဒ္ဒ​ရာ​ကဲ့​သို့ ကျယ်​သော​ကြောင့် အ​ဘယ်​သူ ပြု​ပြင်​နိုင်​သ​နည်း။ သင်၏ ပ​ရော​ဖက်​တို့​သည် အ​ချည်း​နှီး​သော​အ​ရာ၊ မိုက်​သော​အ​ရာ​တို့​ကို သင့်​အ​ဖို့​မြင်​ကြ​ပြီ။ သိမ်း​သွား​ချုပ်​ထား​သော အ​မှု​ကို ပြေ​စေ​ခြင်း​ငှာ၊ သင်၏​အ​ပြစ်​ကို​မ​ဖော်​မ​ပြ​ဘဲ မှား​သော​ရူ​ပါ​ရုံ၊ လမ်း​လွဲ​စ​ရာ​အ​ရာ​ကို သင့်​အ​ဖို့ မြင်​ကြ​ပြီ။ လမ်း၌ လျှောက်​သွား​သ​မျှ​သော​သူ​တို့​က၊ ဂုဏ်​သ​ရေ​အထွတ်၊ မြေ​တစ်​ပြင်​လုံး ရွှင်​လန်း​ရာ​ဘွဲ့​ရှိ​သော မြို့​ကား ဤ​မြို့​လော​ဟု၊ ယေ​ရု​ရှ​လင်​သ​တို့​သ​မီး​ကို လက်​ခုပ်​တီး​လျက်၊ ကဲ့​ရဲ့​သံ​ကို​ပြု​လျက်၊ ခေါင်း​ကို ညိတ်​လျက် မေး​တတ်​ကြ၏။ သင်၏​ရန်​သူ​အ​ပေါင်း​တို့​သည် သင့်​တစ်​ဖက်၌ နှုတ်​ကို​ဖွင့်​ကြ၏။ ငါ​တို့​သည် သူ့​ကို​မျို​ပြီ။ အ​ကယ်​စင်​စစ် ဤ​သည်​နေ့​ကား၊ ငါ​တို့​မျှော်​လင့်​ခဲ့​ပြီး​သော နေ့​ဖြစ်၏။ ငါ​တို့​တွေ့​မြင်​ရ​ပြီ​ဟု ကဲ့​ရဲ့​သံ​ကို​ပြု​လျက်၊ အံ​သွား​ကို ခဲ​ကြိတ်​လျက် ဆို​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ကြံ​စည်​သော​အ​မှု​ကို ပြု​တော်​မူ​ပြီ။ ရှေး​ကာ​လ၌ မိန့်​တော်​မူ​သော စ​ကား​တော်​ကို ပြည့်​စုံ​စေ​တော်​မူ​ပြီ။ မ​နှ​မြော​ဘဲ ဖြို​ဖျက်​တော်​မူ​ပြီ။ ရန်​သူ​သည် သင်၏​အ​ပေါ်​မှာ ဝမ်း​မြောက်​ရ​သော​အ​ခွင့်​ကို ပေး၍၊ ရန်​သူ၏​ဦး​ချို​ကို ချီး​မြှင့်​တော်​မူ​ပြီ။ သူ​တို့​သည် စိတ်​နှ​လုံး​ထဲ​က ထာ​ဝ​ရ​ဘု​ရား​ကို အော်​ဟစ်​ကြ၏။ အို ဇိ​အုန်​သ​တို့​သ​မီး၏ မြို့​ရိုး၊ သင်၏​မျက်​ရည်​သည် မြစ်​ရေ​စီး​သ​ကဲ့​သို့ နေ့​ည​မ​ပြတ် စီး​စေ​လော့။ ကိုယ်​ကို​ကိုယ် မ​ငြိမ်း​စေ​နှင့်။ သင်၏​မျက်​ဆန်​ကို​လည်း မ​ငြိမ်း​စေ​နှင့်။ ညဉ့်​ဦး​ယံ​အ​ချိန်၌ ထ၍ အော်​ဟစ်​လော့။ ထာ​ဝ​ရ​ဘု​ရား၏​မျက်​နှာ​တော်​ရှေ့​မှာ သင်၏​နှ​လုံး​ကို ရေ​ကဲ့​သို့ သွန်း​လောင်း​လော့။ ငတ်​မွတ်၍ ခပ်​သိမ်း​သော​လမ်း​ဝ​မှာ အား​ပျက်​လျက်​နေ​သော သင်၏​သူ​ငယ်​တို့​ကို အ​သက်​ချမ်း​သာ​စေ​ခြင်း​ငှာ၊ အ​ထံ​တော်​သို့ သင်၏​လက်​ကို ချီ​ဆန့်​လော့။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ဘယ်​သူ၌ ဤ​သို့​စီ​ရင်​တော်​မူ​သည်​ကို ကြည့်​ရှု​ဆင်​ခြင်​တော်​မူ​ပါ။ မိန်း​မ​သည် မိ​မိ​ရင်​သွေး၊ မိ​မိ​ချီ​ပိုက်​သော သား​ကို​စား​ရ​ပါ​မည်​လော။ ယဇ်​ပု​ရော​ဟိတ်​နှင့် ပ​ရော​ဖက်​သည် ထာ​ဝ​ရ​ဘု​ရား၏ သန့်​ရှင်း​ရာ​ဌာ​န​တော်၌ အ​သေ​သတ်​ခြင်း​ကို ခံ​ရ​ပါ​မည်​လော။ လူ​အ​ကြီး​အ​ငယ်​တို့​သည် လမ်း၌ မြေ​ပေါ်​မှာ တုံး​လုံး​နေ​ရ​ကြ​ပါ၏။ အ​ကျွန်ုပ်၏ လူ​ပျို​နှင့် အ​ပျို​တို့​သည် ဓား​ဖြင့် သေ​ရ​ကြ​ပါ​ပြီ။ ကိုယ်​တော်​သည် အ​မျက်​တော်​ထွက်​သော​နေ့၌၊ သူ​တို့​ကို​မ​သ​နား​ဘဲ ကွပ်​မျက်​တော်​မူ​ပြီ။ ပွဲ​သ​ဘင်​နေ့၌ လူ​တို့​ကို​ခေါ်​ဖိတ်​သ​ကဲ့​သို့၊ အ​ကျွန်ုပ်​ပတ်​လည်၌ ကြောက်​မက်​ဖွယ်​သော အ​ရာ​တို့​ကို ခေါ်​ဖိတ်​တော်​မူ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​အ​မျက်​တော်​ထွက်​သော​နေ့၌ အ​ဘယ်​သူ​မျှ​မ​လွတ်၊ မ​ကျန်​ကြွင်း​ရ​ပါ။ အ​ကျွန်ုပ် ချီ​ပိုက်​ကျွေး​မွေး​သော သူ​တို့​ကို အ​ကျွန်ုပ်၏​ရန်​သူ​သည် ဖျက်​ဆီး​ပါ​ပြီ။