ထိုသတင်းကို ဟာဇော်မင်းကြီးယာဘိန်သည် ကြားသောအခါ၊ မာဒုန်မင်းကြီးယောဗပ်၊ ရှိမြုန်မင်းကြီး၊ အာခရှပ်မင်းကြီးတို့ထံသို့လည်းကောင်း၊ တောင်ရိုးမြောက်ဘက်အရပ်၊ ဂင်္နေသရက်မြို့ တောင်ဘက်လွင်ပြင်အရပ်၊ ချိုင့်ထဲအရပ်၊ အနောက်မျက်နှာ ဒေါရပြည်နယ်၌ရှိသော မင်းကြီးများထံသို့လည်းကောင်း၊ အရှေ့အနောက်၌နေသော ခါနနိလူ၊ တောင်ပေါ်မှာနေသော အာမောရိလူ၊ ဟိတ္တိလူ၊ ဖေရဇိလူ၊ ယေဗုသိလူ၊ မိဇပါပြည်၊ ဟေရမုန်တောင်ခြေရင်း၌နေသော ဟိဝိလူတို့ရှိရာသို့လည်းကောင်းစေလွှတ်၍၊ ထိုမင်းကြီးများတို့သည် အရေအတွက်အားဖြင့် သမုဒ္ဒရာသဲလုံးနှင့်အမျှ အလွန်များစွာသော ဗိုလ်ပါအပေါင်း၊ မြင်းများ၊ ရထားများအပေါင်းတို့နှင့်တကွ ထွက်လာကြ၏။ ထိုမင်းကြီးအပေါင်းတို့သည် စည်းဝေးလျက်၊ ဣသရေလအမျိုးကို တိုက်ခြင်းငှာချီလာ၍၊ မေရုံအိုင်နားမှာ တစ်စုတည်း တပ်ချလျက်နေကြ၏။ ထာဝရဘုရားကလည်း၊ သူတို့ကို မကြောက်နှင့်။ ငါသည် နက်ဖြန်နေ့ ယခုအချိန်၌ ဣသရေလအမျိုးရှေ့မှာ၊ ထိုသူအပေါင်းတို့ကို အသေအပ်မည်။ မြင်းတို့၏ ခြေကြောကိုဖြတ်ရမည်။ ရထားတို့ကိုမီးရှို့ရမည်ဟု ယောရှုအားမိန့်တော်မူ၏။ ယောရှုသည်လည်း၊ မိမိစစ်သူရဲအပေါင်းတို့နှင့်တကွ မေရုံအိုင်နားသို့ အမှတ်တမဲ့ စစ်ချီ၍တိုက်လေ၏။ ထာဝရဘုရားသည် သူတို့ကို ဣသရေလအမျိုးသားတို့လက်၌ အပ်တော်မူသဖြင့်၊ သူတို့ကိုလုပ်ကြံ၍ ဇိဒုန်ရဗ္ဗာမြို့၊ မိသရဖောသမိမ်မြို့ အရှေ့မျက်နှာ မိဇပါချိုင့်တိုင်အောင်လိုက်၍ တစ်ယောက်ကိုမျှ မကျန်ကြွင်းစေခြင်းငှာ လုပ်ကြံကြ၏။ ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ ယောရှုသည် မြင်းတို့၏ခြေကြောကိုဖြတ်၍ ရထားတို့ကို မီးရှို့လေ၏။ ထိုအခါ ယောရှုသည်ပြန်၍ ဟာဇော်မြို့ကို တိုက်ယူသဖြင့်၊ မင်းကြီးကို ဓားနှင့်ကွပ်မျက်လေ၏။ ရှေးကာလ၌ ဟာဇော်မြို့သည် ထိုပြည်များတို့ကို အုပ်စိုးရသတည်း။ ထိုမြို့သူမြို့သားအပေါင်းတို့ကို ဓားနှင့်ကွပ်မျက်သဖြင့် တစ်ယောက်ကိုမျှ အသက်ရှင်စေခြင်းငှာမထား။ ရှင်းရှင်းဖျက်ဆီး၍ မြို့ကိုလည်းမီးရှို့လေ၏။ ထာဝရဘုရား၏ကျွန် မောရှေမှာထားသည်အတိုင်း၊ ထိုမင်းကြီးများအစိုးရသော မြို့ရှိသမျှတို့နှင့် မင်းကြီးအပေါင်းတို့ကို ယောရှုတိုက်ယူ၍ ဓားနှင့်လုပ်ကြံသဖြင့် ရှင်းရှင်းဖျက်ဆီးလေ၏။ သို့ရာတွင်၊ ဟာဇော်မြို့မှတစ်ပါး၊ တောင်ပေါ်၌တည်သောမြို့တို့ကို ဣသရေလလူတို့သည် မီးမရှို့ကြ။ ဟာဇော်မြို့တစ်မြို့ကိုသာ ယောရှုမီးရှို့သတည်း။ ထိုမြို့များ၌ လက်ရဥစ္စာနှင့် တိရစ္ဆာန်ရှိသမျှတို့ကို ဣသရေလလူတို့သည် ကိုယ်အဖို့သိမ်းယူကြ၏။ လူတို့ကို မဖျက်ဆီးမီတိုင်အောင် ရှိသမျှတို့ကို ဓားနှင့်လုပ်ကြံကြ၏။ တစ်ယောက်ကိုမျှ အရှင်မကျန်ကြွင်းစေကြ။ ထာဝရဘုရားသည် မိမိကျွန်မောရှေကို မှာထားတော်မူသည်အတိုင်း၊ မောရှေသည် ယောရှုကိုဆင့်ဆို၏။ ယောရှုလည်း ထိုသို့ပြုလေ၏။ ထာဝရဘုရားသည် မောရှေကိုမှာထားတော်မူသမျှသော အမှုတစ်စုံတစ်ခုကို လှပ်၍မထား။
ယောရှု 11 ကို ဖတ်ရှုရန်
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ယောရှု 11:1-15
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ