ထိုအခါယေရှုက၊ သင်တို့သည် ငါ၏ဒေသနာ၌ တည်လျှင် ငါ့တပည့်အမှန်ဖြစ်ကြ၏။- သမ္မာတရားကိုလည်း သိကြသဖြင့်၊ ထိုတရားသည် သင်တို့ကို လွှတ်လိမ့်မည်ဟု၊ ယုံကြည်သော ယုဒလူတို့အား မိန့်တော်မူ၏။- ယုဒလူတို့ကလည်း၊ ငါတို့သည် အာဗြဟံအမျိုး ဖြစ်ကြ၏။ အဘယ်သူထံ၌ တစ်ရံတစ်ခါမျှ ကျွန်မခံကြ။ လွှတ်လိမ့်မည်ဟူ၍ သင်သည်အဘယ်သို့ပြောဆိုသနည်းဟု မေးမြန်းကြ၏။ ယေရှုကလည်း၊ ငါအမှန်အကန်ဆိုသည်ကား၊- ဒုစရိုက်ကို ပြုသမျှသောသူတို့သည် ဒုစရိုက်၏ကျွန်ဖြစ်၏။- ကျွန်သည်ကား အိမ်၌ အစဉ်အမြဲနေသည်မဟုတ်။ သားမူကား အစဉ်အမြဲနေ၏။- ထိုကြောင့် သားသည် သင်တို့ကိုလွှတ်လျှင်၊ သင်တို့သည် ဧကန်အမှန်လွတ်ကြလိမ့်မည်။- သင်တို့သည် အာဗြဟံအမျိုးဖြစ်ကြသည်ကို ငါသိ၏။ သို့သော်လည်း ငါ၏ဒေသနာသည် သင်တို့၌ တည်နေရာကို မရသောကြောင့် သင်တို့သည် ငါ့ကို သတ်အံ့သောငှာ ရှာကြံကြ၏။- ငါသည်ငါ့ခမည်းတော်ထံ၌ မြင်ခဲ့ပြီးသည်အတိုင်း ဟောပြော၏။ သင်တို့သည် သင်တို့၏အဘထံ၌ မြင်ခဲ့ပြီးသည်အတိုင်း ပြုကြ၏ဟု မိန့်တော်မူ၏။- ထိုသူတို့ကလည်း၊ အာဗြဟံသည် ငါတို့အဘဖြစ်၏ဟု ဆိုကြ၏။ ယေရှုကလည်း၊ သင်တို့သည် အာဗြဟံ၏သားမှန်လျှင် အာဗြဟံ၏အကျင့်ကို ကျင့်ကြလိမ့်မည်။- ဘုရားသခင့် အထံတော်၌ ကြားရသောသစ္စာတရားကို သင်တို့အား ဟောပြောသောသူတည်းဟူသော ငါ့ကိုသတ်အံ့သောငှာ သင်တို့သည် ယခုရှာကြံကြ၏။ အာဗြဟံသည် ထိုနည်းတူကျင့်သည်မဟုတ်။- သင်တို့သည် သင်တို့အဘ၏အကျင့်ကို ကျင့်ကြ၏ဟု မိန့်တော်မူ၏။ ထိုသူတို့ကလည်း၊ ငါတို့သည် မျောက်မထားသောအမျိုး မဟုတ်။ ဘုရားသခင်တည်းဟူသော ငါတို့အဘတစ်ပါးတည်းရှိတော်မူသည်ဟု ဆိုကြ၏။- ယေရှုကလည်း၊ ဘုရားသခင်သည် သင်တို့အဘမှန်လျှင် သင်တို့သည် ငါ့ကိုချစ်ကြလိမ့်မည်။ အကြောင်းမူကား၊ ငါသည် ဘုရားသခင့်အထံတော်မှ ထွက်ကြွရောက်လာ၏။ ကိုယ်အလိုအလျောက် လာသည်မဟုတ်။ ဘုရားသခင်သည် ငါ့ကိုစေလွှတ်တော်မူ၏။- အဘယ်ကြောင့်ငါ့စကားကို နားမလည်ကြသနည်း။ ငါ၏ဒေသနာကို နားမခံမယူနိုင်သောကြောင့်သာ သင်တို့သည် ငါ့စကားကို နားမလည်ကြ။- သင်တို့သည် သင်တို့အဘတည်းဟူသော မာရ်နတ်မှဆင်းသက်ကြ၏။ သင်တို့အဘ၏အလိုသို့လည်း လိုက်တတ်ကြ၏။ မာရ်နတ်သည် ရှေ့ဦးစွာမှစ၍ လူအသက်ကိုသတ်သောသူ ဖြစ်၏။ သူ၌သစ္စာတရားမရှိသောကြောင့် သစ္စာတရား၌ မတည်မနေ။ သူသည် မုသားစကားကိုပြောသောအခါ မိမိပကတိအတိုင်းပြော၏။ မုသားစကား၌ ကျင်လည်သောသူဖြစ်၏။ မုသား၏အဘလည်း ဖြစ်၏။- ငါသည်သစ္စာစကားကို ပြောသောကြောင့် သင်တို့မယုံကြ။- ငါ၌ အပြစ်ရှိကြောင်းကို သင်တို့တွင် အဘယ်သူဖော်ပြသနည်း။ သစ္စာစကားကိုငါပြောသည်မှန်လျှင် အဘယ်ကြောင့်သင်တို့ မယုံကြသနည်း။- ဘုရားသခင်နှင့်စပ်ဆိုင်သောသူသည် ဘုရားသခင်၏စကားတော်ကို နားထောင်တတ်၏။ သင်တို့သည် ဘုရားသခင်နှင့်မစပ်ဆိုင်သောကြောင့် နားမထောင်ကြဟု မိန့်တော်မူ၏။ ယုဒလူတို့ကလည်း၊ သင်သည် ရှမာရိလူဖြစ်၏။ နတ်ဆိုးစွဲသောသူလည်းဖြစ်၏ဟု ငါတို့ပြောသောစကားသည် လျောက်ပတ်သည်မဟုတ်လောဟု ဆိုကြ၏။- ယေရှုကလည်း၊ ငါသည်နတ်ဆိုးစွဲသောသူ မဟုတ်။ ငါ့ခမည်းတော်ကို ချီးမြှောက်၏။ သင်တို့သည် ငါ့ကို ရှုတ်ချကြ၏။- ငါသည် ကိုယ်ဘုန်းအသရေကိုမရှာ။ ငါ၏ဘုန်းအသရေကိုရှာ၍ စီရင်တော်မူသောသူ ရှိသေး၏။- ငါအမှန်အကန်ဆိုသည်ကား၊ ငါ့စကားကို နားထောင်သောသူသည် သေခြင်းနှင့် အစဉ်မပြတ်ကင်းလွတ်လိမ့်မည်ဟု မိန့်တော်မူ၏။- ယုဒလူတို့ကလည်း၊ သင်၌နတ်ဆိုးစွဲသည်ကို ယခုငါတို့သိကြ၏။ အာဗြဟံမှစ၍ ပရောဖက်တို့သည် သေလွန်ကြပြီ။ သင်မူကား၊ ငါ့စကားကို နားထောင်သောသူသည် သေခြင်းနှင့် အစဉ်မပြတ်ကင်းလွတ်လိမ့်မည်ဟု ဆိုပါသည်တကား။- ငါတို့အဘအာဗြဟံထက် သင်သည် သာ၍ကြီးမြတ်သလော။ သူသည်သေပြီ။ ပရောဖက်တို့လည်း သေကြပြီ။ သင်သည်အဘယ်သို့သောသူ၏အယောင်ကို ဆောင်သနည်းဟု ဆိုကြ၏။- ယေရှုကလည်း၊ ငါသည် ကိုယ်ဂုဏ်ကိုပြလျှင်၊ ငါ့ဂုဏ်သည် အချည်းနှီးဖြစ်၏။ ငါ့ခမည်းတော်သည် ငါ့ဂုဏ်ကို ထင်ရှားစေတော်မူ၏။ ထိုဘုရားသခင်သည် ငါတို့၏ဘုရားဟူ၍ သင်တို့ခေါ်ဝေါ်တတ်ကြ၏။- သို့သော်လည်း ထိုဘုရားသခင်ကို သင်တို့မသိကြ။ ငါမူကားသိ၏။ ငါမသိဟုငါဆိုလျှင် သင်တို့ကဲ့သို့ မုသားသုံးသောသူဖြစ်လိမ့်မည်။ ထိုဘုရားသခင်ကို ငါသိ၏။ ဘုရားသခင်၏စကားတော်ကိုလည်း နားထောင်၏။- သင်တို့အဘ အာဗြဟံသည် ငါကြွလာမည့်အချိန်ကာလကို မြော်မြင်ခြင်းငှာ အလွန်အလိုရှိ၏။ မြင်ရသောအခါ ဝမ်းမြောက်ခြင်းသို့ ရောက်သည်ဟု မိန့်တော်မူ၏။- ယုဒလူတို့ကလည်း၊ သင်၏အသက်သည် အနှစ်ငါးဆယ်မျှမရှိဘဲလျက် သင်သည် အာဗြဟံကို မြင်လေပြီတကားဟု ဆိုကြ၏။- ယေရှုကလည်း၊ ငါအမှန်အကန်ဆိုသည်ကား၊ အာဗြဟံမဖြစ်မီ ငါဖြစ်၏ဟု မိန့်တော်မူ၏။- ထိုအခါ ကိုယ်တော်ကို ခဲနှင့်ပစ်ခြင်းငှာ ကျောက်ခဲတို့ကို ကောက်ယူကြ၏။ ယေရှုသည်တိမ်းရှောင်၍ ထိုသူတို့အလယ်၌ လျှောက်သွားပြီးလျှင် ဗိမာန်တော်မှ ထွက်ကြွတော်မူ၏။
ရှင်ယောဟန် 8 ကို ဖတ်ရှုရန်
နားထောင်ရန် ရှင်ယောဟန် 8
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်ယောဟန် 8:31-59
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ