YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 13:1-30

ရှင်ယောဟန် 13:1-30 JBMLE

ပ​သ​ခါ​ပွဲ​မ​ခံ​မီ၌ ယေ​ရှု​သည် ဤ​လော​က​မှ​ခ​မည်း​တော်​ထံ​သို့ ပြောင်း​ရ​သော​အ​ချိန် ရောက်​သည်​ကို သိ​တော်​မူ​သည်​ဖြစ်၍၊ ဤ​လော​က၌​ရှိ​သော​မိ​မိ​လူ​တို့​ကို ချစ်​တော်​မူ​သော​ကြောင့် အ​ဆုံး​တိုင်​အောင် ချစ်​တော်​မူ၏။- ကိုယ်​တော်​ကို အပ်​နှံ​မည်​အ​ကြောင်း မာရ်​နတ်​သည် ရှိ​မုန်၏​သား ယု​ဒ​ရှ​ကာ​ရုတ်၏ စိတ်​နှ​လုံး၌ အ​ကြံ​ပေး​သွင်း​နှင့်​သ​တည်း။ ထို​အ​ခါ ည​စာ​ကို​စား​ကြ​စဉ်၊- ခ​မည်း​တော်​သည် အ​လုံး​စုံ​တို့​ကို သူ၏​လက်​သို့ အပ်​ပေး​တော်​မူ​သည်​ကို​လည်း​ကောင်း၊ သူ​သည်​ဘု​ရား​သ​ခင့်​ထံ​တော်​မှ ထွက်​လာ​သည်​ကို​လည်း​ကောင်း၊ ဘု​ရား​သ​ခင့်​ထံ​တော်​သို့ ကြွ​သွား​မည်​ကို​လည်း​ကောင်း ယေ​ရှု​သည်​သိ​တော်​မူ​သည်​နှင့်၊- စား​ပွဲ​မှ​ထ၍ ဝတ်​လုံ​တော်​ကို​ချွတ်​ပြီး​လျှင်၊ ပ​ဝါ​ကို​ယူ၍ ခါး​ကို​စည်း​တော်​မူ၏။- ထို​နောက်​မှ ရေ​ကို​အင်​တုံ၌​လောင်း၍ တ​ပည့်​တော်​တို့၏ ခြေ​ကို​ဆေး​ပြီး​မှ ခါး၌​စည်း​ထား​သော​ပ​ဝါ​နှင့် သုတ်​တော်​မူ၏။ ရှိ​မုန်​ပေ​တ​ရု​ဆီ​သို့ ရောက်​တော်​မူ​သော​အ​ခါ ထို​တ​ပည့်​တော်​က၊ သ​ခင်၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်၏ ခြေ​ကို​ဆေး​တော်​မူ​မည်​လော​ဟု မေး​လျှောက်၏။- ယေ​ရှု​က​လည်း၊ သင်​သည် ငါ​ပြု​သော​အ​မှု​ကို ယ​ခု​နား​မ​လည်​သေး။ နောက်​မှ​သိ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။- ပေ​တ​ရု​က​လည်း၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်၏​ခြေ​ကို အ​လျှင်း​ဆေး​တော်​မ​မူ​ရ​ဟု လျှောက်၏။ ယေ​ရှု​က​လည်း၊ သင့်​ကို ငါ​မ​ဆေး​ရ​လျှင် သင်​သည် ငါ​နှင့် မ​ဆက်​ဆံ​ရ​ဟု မိန့်​တော်​မူ၏။- ရှိ​မုန်​ပေ​တ​ရု​က​လည်း၊ အ​ကျွန်ုပ်၏​ခြေ​ကို​သာ မ​ဆေး​ပါ​နှင့်။ လက်​ကို​လည်း​ကောင်း၊ ဦး​ခေါင်း​ကို​လည်း​ကောင်း ဆေး​တော်​မူ​ပါ​ဟု လျှောက်​ပြန်၏။- ယေ​ရှု​က​လည်း၊ ရေ​ချိုး​ပြီး​သော​သူ​မည်​သည်​ကား၊ ခြေ​ဆေး​ခြင်း​မှ​တစ်​ပါး ဆေး​ရ​သော​အ​ကြောင်း​မ​ရှိ၊ တစ်​ကိုယ်​လုံး​စင်​ကြယ်၏။ သင်​တို့​သည် စင်​ကြယ်​သော်​လည်း အ​ချို့​မ​စင်​ကြယ်​ဟု မိန့်​တော်​မူ၏။ ကိုယ်​တော်​ကို အပ်​နှံ​မည့်​သူ​ကို သိ​တော်​မူ​သော​ကြောင့်၊ သင်​တို့​တွင် တ​ချို့​မ​စင်​ကြယ်​ဟု မိန့်​တော်​မူ​သ​တည်း။ ထို​သို့​သူ​တို့၏ ခြေ​ကို​ဆေး​တော်​မူ​ပြီး​မှ တစ်​ဖန်​ဝတ်​လုံ​ကို​ဝတ်၍ လျောင်း​တော်​မူ​လျက်၊ သင်​တို့၌ ငါ​ပြု​ခဲ့​သော​အ​မှု​ကို နား​လည်​ကြ​သ​လော။- သင်​တို့​သည် ငါ့​ကို အ​ရှင်​ဘု​ရား​ဟူ၍​လည်း​ကောင်း၊ သ​ခင်​ဟူ၍​လည်း​ကောင်း ခေါ်​တတ်​ကြ၏။ ထို​စ​ကား​သည်​လည်း ဟုတ်​မှန်​သော​စ​ကား​ဖြစ်၏။ အ​ကြောင်း​မူ​ကား၊ သင်​တို့​ခေါ်​ကြ​သည်​အ​တိုင်း ငါ​မှန်၏။- ငါ​သည် သ​ခင်​ဖြစ်​လျက်၊ အ​ရှင်​ဘု​ရား​လည်း​ဖြစ်​လျက်​နှင့် သင်​တို့၏​ခြေ​ကို​ဆေး​လျှင် သင်​တို့​သည် အ​ချင်း​ချင်း​တို့၏​ခြေ​ကို ဆေး​ရ​ကြ​မည်။- ငါ​သည် သင်​တို့၌​ပြု​သ​ကဲ့​သို့ သင်​တို့​သည်​ပြု​စေ​ခြင်း​ငှာ ပုံ​သက်​သေ​ကို ပြ​ခဲ့​ပြီ။- ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ ကျွန်​သည် သ​ခင်​ထက် သာ၍ ကြီး​မြတ်​သည်​မ​ဟုတ်၊ တ​မန်​သည်​လည်း စေ​လွှတ်​သော​သူ​ထက် သာ၍ ကြီး​မြတ်​သည်​မ​ဟုတ်။- ဤ​အ​ရာ​များ​ကို သင်​တို့​သိ၍ သိ​သည်​အ​တိုင်း​ကျင့်​လျှင် မင်္ဂ​လာ​ရှိ​ကြ၏။- သင်​တို့​ရှိ​သ​မျှ​ကို ငါ​ရည်​မှတ်၍ ပြော​သည်​မ​ဟုတ်။ ငါ​ရွေး​ကောက်​သော​သူ​တို့​ကို ငါ​သိ၏။ ကျမ်း​စာ​ချက် ပြည့်​စုံ​စေ​မည်​အ​ကြောင်း ငါ​နှင့်​အ​တူ​စား​သော​သူ​သည် ငါ့​ကို​ခြေ​နှင့်​ကျောက်​သ​တည်း။- ထို​အ​မှု​အ​ရာ​ရောက်​သော​အ​ခါ ငါ​သည် ဤ​မည်​သော​သူ​ဖြစ်​သည်​ကို သင်​တို့​သည် ယုံ​ကြည်​စေ​ခြင်း​ငှာ၊ မ​ရောက်​မီ ယ​ခု​ပင် သင်​တို့​အား​ငါ​ပြော​နှင့်​ပြီ။- ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ ငါ​စေ​လွှတ်​သော​သူ​ကို လက်​ခံ​သော​သူ​သည် ငါ့​ကို​လက်​ခံ၏။ ငါ့​ကို လက်​ခံ​သော​သူ​သည် ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​သူ​ကို လက်​ခံ​သည်​ဟု မိန့်​တော်၏။- ထို​သို့​ယေ​ရှု​သည် မိန့်​တော်​မူ​ပြီး​မှ စိတ်​နှ​လုံး​တော်​ပူ​ပန်​ခြင်း​ရှိ၍၊ ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ သင်​တို့​တွင် တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ငါ့​ကို​အပ်​နှံ​လိမ့်​မည်​ဟု သက်​သေ​ခံ​လျက်​မိန့်​တော်​မူ၏။- အ​ဘယ်​သူ​ကို​ရည်​ဆောင်၍ မိန့်​တော်​မူ​သည်​ကို တ​ပည့်​တော်​တို့​သည် တွေး​တော​ခြင်း​ရှိ​သ​ဖြင့်၊ အ​ချင်း​ချင်း တစ်​ယောက်​ကို​တစ်​ယောက် ကြည့်​ရှု​ကြ၏။- ယေ​ရှု​ချစ်​တော်​မူ​သော တ​ပည့်​တော်​သည် ရင်​ခွင်​တော်​နား​မှာ လျောင်း​သ​ဖြင့်၊- အ​ဘယ်​သူ​ကို​ရည်​ဆောင်၍ မိန့်​တော်​မူ​သ​နည်း​ဟု မေး​စေ​ခြင်း​ငှာ၊ ရှိ​မုန်​ပေ​တ​ရု​သည် ထို​တ​ပည့်​တော်​ကို အ​မှတ်​ပေး၏။- ထို​တ​ပည့်​တော်​သည် ယေ​ရှု၏​ရင်​တော်​ကို​မှီ၍ လျောင်း​နေ​လျက် သ​ခင်၊ အ​ဘယ်​သူ​နည်း​ဟု လျှောက်၏။- ယေ​ရှု​က​လည်း၊ ဤ​မုန့်​တစ်​လုပ်​စာ​ကို ငါ​နှစ်၍​ပေး​သော​သူ​ဖြစ်၏​ဟု မိန့်​တော်​မူ​ပြီး​လျှင်၊ မုန့်​တစ်​လုပ်​စာ​ကို နှစ်​ပြီး​မှ ရှိ​မုန်၏​သား​ယု​ဒ​ရှ​ကာ​ရုတ်​အား ပေး​တော်​မူ၏။- ထို​သူ​သည် မုန့်​တစ်​လုပ်​စာ​ကို​ခံ​ပြီး​မှ၊ စာ​တန်​သည် သူ့​အ​ထဲ​သို့​ဝင်​လေ၏။ ယေ​ရှု​က​လည်း၊ သင်​ပြု​ရ​သော​အ​မှု​ကို အ​လျင်​အ​မြန်​ပြု​လော့​ဟု ထို​သူ​အား​မိန့်​တော်​မူ၏။- အ​ဘယ်​ကြောင့် ထို​သို့​မိန့်​တော်​မူ​သည်​ကို စား​ပွဲ၌​လျောင်း​သော​သူ​တို့​တွင် အ​ဘယ်​သူ​မျှ​မ​သိ။- အ​ချို့​တို့​က၊ ယု​ဒ​ရှ​ကာ​ရုတ်​သည် ငွေ​အိတ်​ကို ဆောင်​သော​ကြောင့်၊ ဤ​ပွဲ၌ ငါ​တို့​သုံး​စ​ရာ​အ​ဖို့​ကို ဝယ်​လော့​ဟူ၍​လည်း​ကောင်း၊ သို့​မ​ဟုတ် ဆင်း​ရဲ​သော​သူ​တို့​အား တစ်​စုံ​တစ်​ခု​ကို ပေး​လော့​ဟူ၍​လည်း​ကောင်း၊ ယေ​ရှု​မိန့်​တော်​မူ​သည်​ဟု ထင်​မှတ်​ကြ၏။- ယု​ဒ​ရှ​ကာ​ရုတ်​သည် မုန့်​တစ်​လုပ်​စာ​ကို​ခံ​ပြီး​မှ ချက်​ချင်း​ထွက်​သွား၏။ ထို​အ​ချိန်​ကား ည​အ​ချိန်​ဖြစ်၏။

ရှင်ယောဟန် 13:1-30 အကြောင်း ဗီဒီယိုများ