နက်ဖြန်နေ့၌ ယေရှုသည် ယေရုရှလင်မြို့သို့ ကြွလာတော်မူသည်ကို၊ ထိုပွဲသို့လာသော လူအစုအဝေး အပေါင်းတို့သည် ကြားရလျှင်၊- စွန်ပလွံခက်များကို ကိုင်လျက်၊ ကိုယ်တော်ကို ခရီးဦးကြိုပြုအံ့သောငှာ ထွက်သွားကြ၍၊ ဟောရှဏ္ဏ ဖြစ်စေသတည်း။ ထာဝရဘုရား၏အခွင့်နှင့် ကြွလာတော်မူသော ဣသရေလရှင်ဘုရင်သည် မင်္ဂလာရှိစေသတည်းဟု ကြွေးကြော်ကြ၏။- ကျမ်းစာ၌လာသည်ကား၊- အို ဇိအုန်သတို့သမီး၊ မစိုးရိမ်နှင့်။ သင်၏အရှင်မင်းကြီးသည် မြည်းကလေးကိုစီး၍ သင်ရှိရာသို့ ကြွတော်မူသည်ကို ကြည့်ရှုလော့ဟု ရေးထားသည်နှင့်အညီ၊ ယေရှုသည်မြည်းကလေးကိုတွေ့၍ စီးတော်မူ၏။- ထိုအကြောင်းအရာကို တပည့်တော်တို့သည် အစအဦး၌နားမလည်သော်လည်း၊ ကိုယ်တော်ကို ရည်မှတ်၍ ထိုသို့ရေးထားသည်ကိုလည်းကောင်း၊ ကိုယ်တော်အား ထိုသို့ပြုကြသည်ကိုလည်းကောင်း၊ ဘုန်းပွင့်တော်မူသည်နောက် သတိရ၍ မှတ်မိကြ၏။ နောက်တော်သို့လိုက်သော လူအစုအဝေးတို့သည်ကား၊ လာဇရုကို သင်္ချိုင်းတွင်းမှခေါ်၍ သေခြင်းမှ ထမြောက်စေတော်မူသည်အကြောင်းကို သက်သေခံကြ၏။- ထိုနိမိတ်လက္ခဏာကိုပြတော်မူသည်ဟု လူများတို့သည် သတင်းကြားသောကြောင့်၊ ခရီးဦးကြိုပြုအံ့သောငှာ ထွက်သွားကြ၏။- ဖာရိရှဲအချင်းချင်းတို့လည်း၊ သင်တို့သည် အလျှင်းမတတ်နိုင်။ ဤလောကသည် ထိုသူနောက်သို့ လိုက်သွားပါပြီတကားဟု ပြောဆိုကြ၏။ ကိုးကွယ်ခြင်းအမှုနှင့် ထိုပွဲသို့ ရောက်လာသောသူတို့တွင် ဟေလသလူအချို့ပါ၏။- ထိုသူတို့သည် ဂါလိလဲပြည်ဗက်ဇဲဒမြို့သားဖြစ်သော ဖိလိပ္ပုထံသို့သွား၍ အကျွန်ုပ်တို့သည် ယေရှုကို မြင်ချင်ပါသည်ခင်ဗျားဟု တောင်းပန်ကြ၏။- ဖိလိပ္ပုသည်သွား၍ အန္ဒြေကို ကြားပြောပြီးမှ၊ ထိုသူနှစ်ယောက်တို့သည် ယေရှုကိုလျှောက်၏။- ယေရှုကလည်း၊ လူသားသည် ဘုန်းပွင့်ရသောအချိန်ရောက်ပြီ။- ငါအမှန်အကန်ဆိုသည်ကား၊ မြေ၌ကျသောစပါးစေ့သည် မပျက်လျှင် တစ်ခုတည်းနေ၏။ ပျက်လျှင်မူကား များစွာသောအသီးကို သီးတတ်၏။- မိမိအသက်ကို နှမြောသောသူသည် အသက်ဆုံးလိမ့်မည်။ ဤလောက၌ မိမိအသက်ကို မုန်းသောသူမူကား၊ ထာဝရအသက်ကို စောင့်ရှောက်လျက်နေ၏။- ငါ၏အမှုကို ဆောင်ရွက်သောသူဖြစ်လျှင် ငါ့နောက်သို့လိုက်ရမည်။ ငါ၏အမှုဆောင်သည်လည်း ငါရှိရာအရပ်၌ ရှိရလိမ့်မည်။ ငါ၏အမှုကိုဆောင်ရွက်သောသူဖြစ်လျှင် ထိုသူကိုခမည်းတော်သည် ချီးမြှောက်တော်မူလတ္တံ့။ ငါသည် ယခုစိတ်နှလုံးပူပန်ခြင်းရှိ၏။ အဘယ်သို့ ငါလျှောက်ရမည်နည်း။ ထိုအချိန်မှစ၍ အကျွန်ုပ်ကို ကယ်တင်တော်မူပါ၊ အဘဟု လျှောက်ရမည်လော။ အကြောင်းရှိ၍သာ ထိုအချိန်သို့ရောက်လာပြီ။- အို အဘ၊ ကိုယ်တော်၏နာမတော်ကို ချီးမြှောက်တော်မူပါဟု မိန့်မြွက်တော်မူ၏။ ထိုအခါ ကောင်းကင်မှ စကားသံကား၊ ငါချီးမြှောက်ခဲ့ပြီ၊ တစ်ဖန် ချီးမြှောက်ဦးမည်ဟုလာ၏။
ရှင်ယောဟန် 12 ကို ဖတ်ရှုရန်
နားထောင်ရန် ရှင်ယောဟန် 12
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်ယောဟန် 12:12-28
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ