အို လူမျိုးတို့၊ ထာဝရဘုရား၏အမိန့်တော်ကို နားထောင်ကြလော့။ ဝေးသောအရပ်ရပ်တို့၌ ကြွေးကြော်၍၊ ဣသရေလ အမျိုးသားတို့ကို အရပ်ရပ်သို့ ကွဲပြားစေသောသူသည် တစ်ဖန် စုသိမ်းပြီးလျှင်၊ သိုးထိန်းသည် မိမိသိုးစုကိုစောင့်တတ်သကဲ့သို့ စောင့်တော်မူမည်ဟု ကြားပြောကြလော့။ အကြောင်းမူကား၊ ထာဝရဘုရားသည် ယာကုပ်အမျိုးကို ရွေးနုတ်တော်မူပြီ။ သူ့ထက်အားကြီးသော သူ၏လက်မှ ကယ်လွှတ်တော်မူပြီ။ ထိုကြောင့် အမျိုးသားတို့သည်လာ၍၊ ဇိအုန်တောင်ထိပ်၌ သီချင်းဆိုကြလိမ့်မည်။ ထာဝရဘုရားပြုတော်မူခြင်း ကျေးဇူးတည်းဟူသော ဆန်စပါး၊ စပျစ်ရည်၊ ဆီ၊ သိုးသငယ်၊ နွားသငယ်တို့ကိုရအံ့သောငှာ စည်းဝေးကြလိမ့်မည်။ သူတို့စိတ်ဝိညာဉ်သည် ရေလောင်းသော ဥယျာဉ်ကဲ့သို့ဖြစ်၍၊ နောက်တစ်ဖန် ညှိုးငယ်ခြင်း မရှိရ။ ထိုအခါ သမီးကညာသည် ကခုန်လျက်၊ လူပျို၊ လူအိုတို့နှင့်တကွ ပျော်မွေ့လိမ့်မည်။ သူတို့ ညည်းတွားခြင်းအရာ၌ ဝမ်းမြောက်ခြင်းကို ငါဖြစ်စေမည်။ သူတို့သည် ဝမ်းနည်းခြင်းကို ခံရသောနောက်၊ စိတ်သက်သာ၍ ရွှင်လန်းမည်အကြောင်းကို ငါပြုမည်။ ယဇ်ပုရောဟိတ်တို့ကိုလည်း ဆူဖြိုးသော အမဲသားနှင့် ဝစွာ ကျွေးမည်။ ငါ၏လူတို့သည်လည်း ငါ့ကျေးဇူးနှင့် ဝပြောကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ရာမအရပ်၌ သည်းစွာသော ညည်းတွားငိုကြွေးခြင်းအသံကို ကြားရ၍၊ ရာခေလသည် မိမိသားတို့မရှိသောကြောင့်၊ ငို၍ စိတ်မပြေနိုင်။ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် ငိုကြွေးသံကို ချုပ်လော့၊ မျက်ရည်မကျစေနှင့်။ သင်သည် ကိုယ်ကျင့်သော အကျင့်၏ အကျိုးကိုခံရလိမ့်မည်။ သင်၏သားတို့သည် ရန်သူပြည်မှ ပြန်လာကြလိမ့်မည်။ သင်၏အဆုံး၌ မျှော်လင့်စရာအကြောင်းရှိ၏။ သင်၏သားတို့သည် နေရင်းပြည်သို့ ပြန်လာကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။ ဧဖရိမ်က၊ ကိုယ်တော်သည် အကျွန်ုပ်ကို ဆုံးမတော်မူပြီ။ အကျွန်ုပ်သည် ရိုင်းသောနွားလားကဲ့သို့ ဆုံးမခြင်းကို ခံရပါပြီ။ အကျွန်ုပ်ကို သွေးဆောင်တော်မူပါ။ သို့ပြုလျှင်၊ အကျွန်ုပ်သည် ပြန်လာပါမည်။ အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏ ဘုရားသခင် ဖြစ်တော်မူ၏။ ပြန်လာသောနောက်၊ အကျွန်ုပ်သည် အမှန်နောင်တရပါ၏။ ဆုံးမတော်မူခြင်းကို ခံရသောနောက်၊ အကျွန်ုပ်သည် ကိုယ်ပေါင်ကို ရိုက်ပါ၏။ အသက်ငယ်စဉ် ပြုမိသောအပြစ်ကြောင့် အသရေပျက်ခြင်းကို ခံရသဖြင့်၊ ရှက်ကြောက်၍ မှိုင်တွေလျက်ရှိပါ၏ဟု ကိုယ်ကို အပြစ်တင်၍ မြည်တမ်းသောစကားကို ငါသည် ဆက်ဆက်ကြားရပြီ။ ဧဖရိမ်သည် ငါ၏ချစ်သားဖြစ်သလော။ ချစ်ဖွယ်သော သူငယ်ဖြစ်သလော။ သူ၏အကြောင်းကို ငါပြောလေရာရာ၌ ငါသည် အလွန်တရာ အောက်မေ့လျက်နေ၏။ ထိုကြောင့်၊ ငါသည် သူ့အတွက် စိတ်ကြင်နာခြင်းရှိ၏။ အကယ်စင်စစ် သူ့ကိုငါကယ်မသနားမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။ လမ်း၌ မှတ်တိုင်တို့ကိုစိုက်လော့။ အလံတိုင်တို့ကို ထူလော့။ လိုက်သွားသောလမ်းမကို စိတ်စွဲလမ်းလော့။ အို ဣသရေလ သတို့သမီးကညာ၊ ပြန်လာလော့။ သင်၏နေရာ ဤမြို့များသို့ ပြန်လာလော့။ အို ဖောက်ပြန်သော သတို့သမီး၊ သင်သည် အဘယ်မျှကာလပတ်လုံး လှည့်လည်၍ နေလိမ့်မည်နည်း။ ထာဝရဘုရားသည် မြေကြီးပေါ်မှာ ထူးဆန်းသောအမှုကို စီရင်တော်မူ၍၊ မိန်းမသည် ယောက်ျားကို ပတ်ဝိုင်းလိမ့်မည်။ ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ သိမ်းသွားခြင်းကို ခံရသောသူတို့ကို ငါဆောင်ခဲ့ပြန်သောအခါ၊ ယုဒပြည်၏မြို့ရွာတို့၌ နေသောသူတို့က၊ အို ဖြောင့်မတ်ခြင်း နေရာအရပ်၊ အို သန့်ရှင်းခြင်းနေရာတောင်၊ ထာဝရဘုရားသည် သင့်ကိုကောင်းချီးပေးတော်မူစေသတည်း ဟူသောစကားကို တစ်ဖန် သုံးကြလိမ့်မည်။ ထိုအရပ်၌ ယုဒပြည်သူ၊ ယုဒမြို့ရွာသား အပေါင်းတို့သည်၊ လယ်လုပ်သောသူနှင့် သိုးထိန်းသောသူများ ပါလျက်၊ အတူနေရကြလိမ့်မည်။ ငတ်မွတ်သော သူအပေါင်းတို့ကို ငါကျွေးမွေးမည်။ ညှိုးငယ်သောသူအပေါင်းတို့ကို ငါသက်သာစေမည်ဟု မိန့်တော်မူ၏။ ထိုနောက်၊ ငါသည် နိုး၍ကြည့်ရှုသောအခါ၊ အိပ်ပျော်ခြင်းအားဖြင့် အားရလျက်ရှိ၏။ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် ဣသရေလပြည်၊ ယုဒပြည်၌ လူမျိုးစေ့နှင့် တိရစ္ဆာန်မျိုးစေ့ကို ကြဲရသော အချိန်ကာလရောက်လိမ့်မည်။ ငါသည် သူတို့ကို နုတ်ပယ်ဖြိုချ မှောက်လှန်ဖျက်ဆီး ညှဉ်းဆဲခြင်းအမှုကို ပြုဖူးသည်နည်းတူ၊ တစ်ဖန် တည်ဆောက် စိုက်ပျိုးခြင်းအမှုကို ပြုဦးမည်ဟု မိန့်တော်မူ၏။ ထိုကာလ၌ အဘသည် ချဉ်သောစပျစ်သီးကို စားသောကြောင့်၊ သားသည် သွားကျိန်းခြင်းကို ခံရ၏ဟု မဆိုရကြ။ လူတိုင်း မိမိအပြစ်ကြောင့် မိမိသေရမည်။ ချဉ်သောစပျစ်သီးကို စားသောသူတိုင်း သွားကျိန်းခြင်းကိုခံရမည်။ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် ဤလူမျိုး၏ ဘိုးဘေးတို့ကိုလက်ဆွဲ၍ အဲဂုတ္တုပြည်မှ ဆောင်သွားသောအခါ၊ သူတို့၌ ငါပေးသောပဋိညာဉ်တရားနှင့် ခြားနားသော ပဋိညာဉ်တရားသစ်ကို ဣသရေလ အမျိုးသား၊ ယုဒအမျိုးသားတို့၌ ငါပေးသော အချိန်ကာလရောက်လိမ့်မည်။ အရင်ငါပေးဖူးသော ပဋိညာဉ်တရားကို သူတို့သည်ဖျက်၍၊ ငါသည်လည်း သူတို့ကို ရွံရှာ၏။ နောင်ကာလအခါ ဣသရေလအမျိုးသားတို့၌ ငါပေးအံ့သော ပဋိညာဉ်တရားဟူမူကား၊ ငါထာဝရဘုရားသည် ငါ၏ပညတ်တရားကို သူတို့အတွင်းထဲသို့ သွင်းမည်။ သူတို့နှလုံးပေါ်မှာ ရေးထားမည်။ ငါသည် သူတို့၏ဘုရားဖြစ်မည်။ သူတို့သည်လည်း ငါ၏လူ ဖြစ်ကြလိမ့်မည်။ ထိုသူတို့က၊ ထာဝရဘုရားကို သိလော့ဟု၊ အမျိုးသားချင်း၊ ညီအစ်ကိုအချင်းချင်း တစ်ယောက်ကို တစ်ယောက် ဆုံးမဩဝါဒမပေးရကြ။ အကြောင်းမူကား၊ အငယ်ဆုံးသောသူမှစ၍ အကြီးဆုံးသောသူတိုင်အောင်၊ ထိုသူအပေါင်းတို့သည် ငါ့ကိုသိကြလိမ့်မည်။ ထိုအခါ ငါသည် သူတို့အပြစ်များကို သည်းခံမည်။ သူတို့ပြုသောဒုစရိုက်များကို မအောက်မေ့ဘဲနေမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။ နေ့အချိန်၌ လင်းစရာဖို့ နေကိုခန့်ထား၍၊ ညအချိန်၌ လင်းစရာဖို့ လနှင့်ကြယ်တို့ကို စီရင်တော်မူထသော၊ သမုဒ္ဒရာကိုဆုံးမ၍ လှိုင်းတံပိုးကို ဟုန်းစေတော်မူထသော၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားဟူသောဘွဲ့နာမရှိတော်မူသော ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုတရားတို့သည် ငါ့ရှေ့မှာကွယ်ပျောက်လျှင်၊ ဣသရေလအမျိုးသည် ငါ့ရှေ့မှာ အမျိုးတိမ်မြုပ်၍ အစဉ် ကွယ်ပျောက်လိမ့်မည်ဟု မိန့်တော်မူ၏။ တစ်ဖန် ထာဝရဘုရား မိန့်တော်မူသည်ကား၊ အထက်မိုးကောင်းကင်ကို တိုင်းထွာနိုင်လျှင်လည်းကောင်း၊ မြေကြီးအောက်ဆုံး အမြစ်တို့ကိုလိုက်၍ စစ်နိုင်လျှင်လည်းကောင်း၊ ဣသရေလအမျိုးသားအပေါင်းတို့ကို သူတို့ပြုမိသမျှသော အပြစ်တို့ကြောင့် ငါစွန့်ပစ်မည်ဟု မိန့်တော်မူ၏။ တစ်ဖန် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဟာနနေလရဲတိုက်မှစ၍ မြို့ထောင့်တံခါးတိုင်အောင်၊ မြို့တော်ကို ထာဝရဘုရားအဖို့ တည်ထောင်ရသော အချိန်ကာလသည် ရောက်လိမ့်မည်။ ဂါရက်တောင်ကိုလွန်၍ မျဉ်းကြိုးနှင့် တန်းချလိမ့်မည်။ ဂေါသတောင်ကိုလည်း ဝိုင်းမိလိမ့်မည်။ အရှေ့ဘက်မြင်းတံခါးရှိသော မြို့ထောင့်တိုင်အောင်၊ အသေကောင်များ၊ ပြာများစွန့်ပစ်ရာချိုင့် တစ်လျှောက်လုံးနှင့်၊ ကေဒြုန်ချောင်းအတွင်းတွင်၊ လယ်ပြင်ရှိသမျှတို့သည် ထာဝရဘုရားအဖို့ သန့်ရှင်းကြလိမ့်မည်။ နောက်တစ်ဖန် နုတ်ပယ်ဖြိုချခြင်း အလျှင်းမရှိရဟု မိန့်တော်မူ၏။
ယေရမိ 31 ကို ဖတ်ရှုရန်
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ယေရမိ 31:10-40
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ