YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားသူကြီး 7:1-25

တရားသူကြီး 7:1-25 JBMLE

ယေ​ရု​ဗ္ဗာ​လ​အ​မည်​ဖြင့် ခေါ်​ဝေါ်​သော ဂိ​ဒေါင်​သည် နံ​နက်​စော​စော​ထ၍၊ ရှိ​သ​မျှ​သော သူ​တို့​နှင့်​တ​ကွ ဟာ​ရုတ်​ရေ​တွင်း​နား​မှာ တပ်​ချ​သ​ဖြင့်၊ မိ​ဒျန်​တပ်​သည် မြောက်​ဘက်၊ မော​ရေ​တောင်​ခြေ​ရင်း​ချိုင့်၌ ရှိ၏။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်၌​ပါ​သော​လူ​တို့​သည် အ​လွန်​များ၍၊ သူ​တို့​လက်၌ မိ​ဒျန်​လူ​တို့​ကို ငါ​မ​အပ်​ရ။ အပ်​လျှင် ဣ​သ​ရေ​လ​အ​မျိုး​က၊ ငါ့​လက်​ရုံး​သည် ငါ့​ကို​ကယ်​တင်​ပြီ​ဟု ငါ့​တစ်​ဖက်၌ ဝါ​ကြွား​လိမ့်​မည်။ သို့​ဖြစ်၍၊ ကြောက်​လန့်​သော​သူ မည်​သည်​ကား၊ ဂိ​လဒ်​တောင်​မှ စော​စော​ပြန်​သွား​စေ​ဟု လူ​များ​တို့​အား ဟစ်​ကြော်​လော့​ဟု ဂိ​ဒေါင်​အား​မိန့်​တော်​မူ​သ​ဖြင့်၊ လူ​နှစ်​သောင်း​နှစ်​ထောင်​ပြန်​သွား၍ တစ်​သောင်း​ကျန်​ရစ်၏။ တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ လူ​တို့​သည် အ​လွန်​များ​သေး၏။ ရေ​ဆိပ်​သို့ ခေါ်​ခဲ့​လော့။ သူ​တို့​ကို ရေ​ဆိပ်​မှာ သင့်​အ​ဖို့ ငါ​စုံ​စမ်း​မည်။ ထို​အ​ခါ ဤ​မည်​သော​သူ​သည် သင်​နှင့်​အ​တူ​သွား​ရ​မည်​ဟု ငါ​ဆို​လျှင်၊ ထို​သူ​သည် သွား​ရ​မည်။ ဤ​မည်​သော​သူ​မ​သွား​ရ​ဟု ငါ​ဆို​လျှင် ထို​သူ​သည် မ​သွား​ရ​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ ဂိ​ဒေါင်​သည် လူ​တို့​ကို ရေ​ဆိပ်​သို့​ခေါ်​ခဲ့၍၊ ထာ​ဝ​ရ​ဘု​ရား​က၊ ခွေး​သည် ရေ​ကို​လျက်၍ သောက်​သ​ကဲ့​သို့ လျှာ​နှင့်​လျက်၍ သောက်​သော​သူ​တစ်​စု၊ ဒူး​ထောက်​လျက် ဝပ်၍​သောက်​သော​သူ​တစ်​စု၊ ထို​လူ​နှစ်​စု​ကို ခွဲ​ထား​လော့​ဟု ဂိ​ဒေါင်​အား မိန့်​တော်​မူ၏။ ထို​အ​ခါ မိ​မိ​လက်​ခုပ်​နှင့် ရေ​ကို​ယူ​သ​ဖြင့် လျက်၍​သောက်​သော​သူ သုံး​ရာ​ရှိ၏။ ကြွင်း​သော​သူ​အ​ပေါင်း​တို့​သည် ရေ​သောက်​ခြင်း​ငှာ ဒူး​ထောက်၍ ဝပ်​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ လျက်၍ သောက်​သော​သူ သုံး​ရာ​အား​ဖြင့် သင့်​ကို​ငါ​ကယ်​တင်၍ မိ​ဒျန်​လူ​တို့​ကို သင့်​လက်၌​အပ်​မည်။ ကြွင်း​သော​သူ​တို့​ကို မိ​မိ​နေ​ရာ​သို့ ပြန်​သွား​စေ​ဟု ဂိ​ဒေါင်​အား​မိန့်​တော်​မူ၏။ ထို​သူ​တို့​သည် စား​စ​ရိတ်​နှင့် တံ​ပိုး​များ​ကို​ယူ၍၊ ကြွင်း​သော ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​ကို မိ​မိ​နေ​ရာ​သို့ ဂိ​ဒေါင်​သည် လွှတ်​လိုက်​သ​ဖြင့်၊ ထို​သုံး​ရာ​သော​လူ​တို့​ကို​သာ မိ​မိ​နှင့်​အ​တူ ချန်​ထား​လေ၏။ မိ​ဒျန်​လူ​တို့​သည် သူ့​အောက်​ချိုင့်၌ တပ်​ချ​လျက် ရှိ​ကြ၏။ ထို​ည​တွင် ထာ​ဝ​ရ​ဘု​ရား​က၊ ထ​လော့။ ရန်​သူ​တပ်​ချ​ရာ​သို့ ချီ​သွား​လော့။ သင့်​လက်၌ ငါ​အပ်​မည်။ မ​ချီ​ဝံ့​လျှင် သင်၏​ကျွန်​ဖု​ရ​ကို ရှေ့​ဦး​စွာ​ခေါ်​သွား​လော့။ သူ​တို့​သည် အ​ဘယ်​သို့​ပြော​သည်​ကို ကြား​လိမ့်​မည်။ ထို​နောက်​မှ တပ်​ချ​ရာ​သို့ ချီ​သွား​ခြင်း​ငှာ သင့်​လက်​အား​ကြီး​လိမ့်​မည်​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ ဂိ​ဒေါင်​သည် မိ​မိ​ကျွန်​ဖု​ရ​ကို​ခေါ်၍ ရန်​သူ၏​တပ်​ပြင်၌ ကင်း​ထိုး​သော​သူ​ရှိ​ရာ​သို့ သွား​လေ၏။ မိ​ဒျန်​ပြည်​သား၊ အာ​မ​လက်​ပြည်​သား၊ အ​ရှေ့​ပြည်​သား​အ​ပေါင်း​တို့​သည် ချိုင့်၌​အိပ်​လျက်၊ ကျိုင်း​ကောင်​နှင့်​အ​မျှ များ​ကြ၏။ ကု​လား​အုတ်​တို့​သည်​လည်း၊ သ​မု​ဒ္ဒ​ရာ​သဲ​လုံး​နှင့်​အ​မျှ အ​တိုင်း​မ​သိ​များ​ကြ၏။ ဂိ​ဒေါင်​သည် ရောက်​သော​အ​ခါ၊ လူ​တစ်​ယောက်​သည် မိ​မိ​မြင်​မက်​သော အိပ်​မက်​ကို မိ​မိ​အ​ပေါင်း​အ​ဖော်​အား ပြန်​ပြော​သည်​မှာ၊ ငါ​မြင်​မက်​သည်​ကား၊ မု​ယော​မုန့်​တစ်​ပြား​သည် မိ​ဒျန်​တပ်​ထဲ​သို့​လိမ့်၍ တဲ​တစ်​ဆောင်​ကို​တွေ့​လျှင်၊ ထိ​ခိုက်​မှောက်​လှန်​ဖြို​ချ​လေ၏​ဟု ဆို​သော်၊ သူ၏​အ​ပေါင်း​အ​ဖော်​က၊ ထို​မုန့်​ပြား​သည် အ​ခြား​မ​ဟုတ် ဣ​သ​ရေ​လ​အ​မျိုး ယော​ရှ​သား​ဂိ​ဒေါင်၏​ဓား​ဖြစ်၏။ ထို​သူ​လက်၌ ဘု​ရား​သ​ခင်​သည် မိ​ဒျန်​အ​မျိုး၊ မိ​ဒျန်​ဗိုလ်​ခြေ​အ​ပေါင်း​ကို အပ်​တော်​မူ​မည်​ဟု ပြန်​ပြော၏။ ထို​အိပ်​မက်​နှင့် အိပ်​မက်​အ​နက်​ကို ဂိ​ဒေါင်​သည်​ကြား​သော​အ​ခါ၊ ကိုး​ကွယ်၍ ဣ​သ​ရေ​လ​တပ်​သို့ ပြန်​ပြီး​လျှင်၊ ထ​ကြ၊ ထာ​ဝ​ရ​ဘု​ရား​သည် မိ​ဒျန်​ဗိုလ်​ခြေ​တို့​ကို သင်​တို့​လက်၌ အပ်​တော်​မူ​မည်​ဟု ဆို၏။ ထို​အ​ခါ လူ​သုံး​ရာ​တို့​ကို သုံး​စု​ခွဲ၍၊ တံ​ပိုး​တစ်​လုံး​နှင့် မီး​ခွက်​ပါ​သော အိုး​တစ်​လုံး​စီ​ကို လူ​တိုင်း​လက်၌ ဆောင်​စေ၏။ ငါ့​ကို​ကြည့်၍ ငါ​ပြု​သည်​အ​တိုင်း​ပြု​ကြ။ တပ်​ပြင်​သို့ ရောက်​သော​အ​ခါ၊ ငါ​ပြု​သည်​အ​တိုင်း ပြု​ကြ။ ငါ​နှင့် ငါ၌​ပါ​သော​သူ အ​ပေါင်း​တို့​သည် တံ​ပိုး​မှုတ်​သော​အ​ခါ၊ တပ်​ပတ်​လည်​အ​ရပ်​ရပ်၌ သင်​တို့​သည် တံ​ပိုး​မှုတ်၍၊ ထာ​ဝ​ရ​ဘု​ရား​နှင့် ဂိ​ဒေါင်၏​ဓား​ဟု ဟစ်​ကြ​လော့​ဟု မှာ​ထား၏။ ထို​သို့ ဂိ​ဒေါင်​နှင့် သူ၌​ပါ​သော လူ​တစ်​ရာ​တို့​သည် သန်း​ခေါင်​ယံ၌ ကင်း​လဲ​စ​က တပ်​ပြင်​သို့​ရောက်​သ​ဖြင့် တံ​ပိုး​မှုတ်​ကြ၏။ မိ​မိ​ကိုင်​သော အိုး​တို့​ကို​လည်း​ခွဲ​ကြ၏။ လူ​သုံး​စု​တို့​သည် တံ​ပိုး​မှုတ်၍ အိုး​တို့​ကို​ခွဲ​သ​ဖြင့် လက်​ဝဲ​လက်၌ မီး​ခွက်​တို့​ကို​လည်း​ကောင်း၊ လက်​ယာ​လက်၌ မှုတ်​စ​ရာ​တံ​ပိုး​တို့​ကို​လည်း​ကောင်း​ကိုင်​လျက်၊ ထာ​ဝ​ရ​ဘု​ရား​နှင့် ဂိ​ဒေါင်၏​ဓား​ဟု ဟစ်​ကြ၏။ သူ​တို့​သည် တပ်​ပတ်​ဝန်း​ကျင်၌ လူ​တိုင်း မိ​မိ​နေ​ရာ​အ​ရပ်​တွင် ရပ်​နေ၍၊ တပ်​သား​အ​ပေါင်း​တို့​သည် ပြေး​လျက်၊ အော်​လျက် ထွက်​ပြေး​ကြ၏။ လူ​သုံး​ရာ​တို့​သည် တံ​ပိုး​မှုတ်​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား၏​တန်​ခိုး​တော်​ကြောင့်၊ တပ်​သား​အ​ပေါင်း​တို့​သည် တစ်​ယောက်​ကို​တစ်​ယောက် တိုက်၍၊ ဇေ​ရ​ရတ်​အ​ရပ် ဗက်​ရှိ​တ္တ​မြို့​သို့​လည်း​ကောင်း၊ တ​ဗ္ဗတ်​မြို့​နား​မှာ အာ​ဗေ​လ​မ​ဟော​လ မြို့​နယ်​သို့​လည်း​ကောင်း ပြေး​ကြ၏။ ဣ​သ​ရေ​လ​လူ​တို့​သည် နဿ​လိ​ခ​ရိုင်၊ အာ​ရှာ​ခ​ရိုင်၊ မ​နာ​ရှေ​ခ​ရိုင် အ​ရပ်​ရပ်​ထဲ​က စု​လာ၍၊ မိ​ဒျန်​လူ​တို့​ကို လိုက်​ကြ၏။ ဂိ​ဒေါင်​သည်​လည်း၊ တ​မန်​တို့​ကို ဧ​ဖ​ရိမ်​တောင်​တစ်​လျှောက်​လုံး​သို့ စေ​လွှတ်၍၊ သင်​တို့​သည် မိ​ဒျန်​လူ​တို့​ကို ဆီး​တား​ခြင်း​ငှာ ယော်​ဒန်​မြစ်​နား၊ ဗက်​ဗာ​ရ​ရွာ​တိုင်​အောင် သူ​တို့​အ​ရင်​စောင့်​နေ​ကြ​လော့​ဟု မှာ​လိုက်​သည်​အ​တိုင်း၊ ဧ​ဖ​ရိမ်​လူ​အ​ပေါင်း​တို့​သည် စု​ဝေး၍၊ ယော်​ဒန်​မြစ်​နား၊ ဗက်​ဗာ​ရ​ရွာ​တိုင်​အောင် စောင့်​နေ​ကြ၏။ မိ​ဒျန်​ဗိုလ်​ချုပ်​နှစ်​ယောက်၊ ဩ​ရ​ဘ​နှင့်​ဇေ​ဘ​ကို ဖမ်း​ဆီး၍၊ ဩ​ရ​ဘ​ကို ဩ​ရ​ဘ​ကျောက်​ပေါ်၌​လည်း​ကောင်း၊ ဇေ​ဘ​ကို ဇေ​ဘ​စ​ပျစ်​သီး​နယ်​ရာ တန်​ဆာ၌​လည်း​ကောင်း သတ်​ပြီး​မှ၊ မိ​ဒျန်​လူ​တို့​ကို​လိုက်​သ​ဖြင့်၊ ဩ​ရ​ဘ၏​ဦး​ခေါင်း​နှင့် ဇေ​ဘ၏​ဦး​ခေါင်း​တို့​ကို ယော်​ဒန်​မြစ်​တစ်​ဖက်၊ ဂိ​ဒေါင်​ထံ​သို့ ဆောင်​ခဲ့​ကြ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။