ဂိလဒ်အမျိုးသား ယေဖသသည် ခွန်အားကြီးသော သူရဲဖြစ်၏။ သူ့အဘကား ဂိလဒ်၊ သူ့အမိကား ပြည့်တန်ဆာဖြစ်၏။ ဂိလဒ်၏မယား ဖွားမြင်သောသားတို့သည် ကြီးသောအခါ၊ သင်သည် အခြားတစ်ပါးသော မိန်းမ၏ သားဖြစ်သောကြောင့်၊ ငါတို့ အဆွေအမျိုးနှင့်အတူ အမွေမခံရဟု ယေဖသကိုဆို၍ နှင်ထုတ်လေ၏။ ထိုအခါ ယေဖသသည် ညီတို့ဆီမှ ထွက်သွား၍ တောဘပြည်၌နေသဖြင့်၊ လျှပ်ပေါ်သော သူတို့သည် သူ့ထံမှာစည်းဝေး၍ သူ့နောက်၌ လိုက်ကြ၏။ နောက်တစ်ဖန် အမ္မုန်အမျိုးသားတို့သည် ဣသရေလအမျိုးကို စစ်တိုက်ကြ၏။ ထိုသို့ အမ္မုန်အမျိုးသားတို့သည် ဣသရေလအမျိုးကို စစ်တိုက်သောအခါ၊ ဂိလဒ်ပြည်သား အသက်ကြီးသူတို့သည် ယေဖသကို တောဘပြည်မှခေါ်ခြင်းငှာသွား၍၊ ငါတို့သည် အမ္မုန်လူတို့ကို စစ်တိုက်ရမည်အကြောင်း၊ လာ၍ ငါတို့၏ ဗိုလ်ချုပ်မင်းလုပ်ပါဟု မှာလိုက်သော်၊ ယေဖသက၊ သင်တို့သည် ငါ့ကိုမုန်း၍ ငါ့အဘအိမ်မှ နှင်ထုတ်သည်မဟုတ်လော။ ယခု ဆင်းရဲခြင်းသို့ ရောက်သောအခါ၊ အဘယ်ကြောင့် ငါ့ထံသို့လာကြသနည်းဟု ဂိလဒ်ပြည်သား အသက်ကြီးသူတို့အား ပြောဆို၏။ ဂိလဒ်ပြည်သား အသက်ကြီးသူတို့ကလည်း၊ ထိုကြောင့် ငါတို့သည် ယခု သင့်ထံသို့ ပြန်လာပါ၏။ ငါတို့နှင့်အတူ ကြွ၍ အမ္မုန်လူတို့ကို စစ်တိုက်ပြီးလျှင်၊ ဂိလဒ်ပြည်သားအပေါင်းတို့၏ အထွတ်လုပ်ပါဟု ယေဖသအားတောင်းပန်ပြန်သော်၊ ယေဖသက၊ အမ္မုန်လူတို့ကို စစ်တိုက်စေခြင်းငှာ သင်တို့သည် ငါ့ကိုပြန်ပို့၍ ထာဝရဘုရားသည် သူတို့ကို ငါ့ရှေ့မှာ အပ်တော်မူလျှင်၊ ငါသည် သင်တို့ အထွတ်ဖြစ်ရသောအခွင့်ကို ပေးမည်လောဟု ဂိလဒ်ပြည်သား အသက်ကြီးသူတို့အား မေးလေသော်၊ ဂိလဒ်ပြည်သား အသက်ကြီးသူတို့က၊ သင်ပြောသော စကားအတိုင်း ငါတို့မပြုလျှင် ထာဝရဘုရားသည် သင်နှင့်ငါတို့စပ်ကြား၌ သက်သေဖြစ်တော်မူပါစေသောဟု ယေဖသအား ပြန်ပြောကြ၏။ ထိုအခါ ယေဖသသည် ဂိလဒ်ပြည်သား အသက်ကြီးသူတို့နှင့်သွား၍ သူ့ကို လူများတို့၏အထွတ် ဗိုလ်ချုပ်မင်းအရာ၌ ခန့်ထားကြ၏။ ယေဖသသည်လည်း ထိုစကားအလုံးစုံတို့ကို မိဇပါမြို့မှာ ထာဝရဘုရားရှေ့တော်၌ ပြန်ကြားလျှောက်ထား၏။ ထိုနောက်မှ ယေဖသသည်၊ အမ္မုန်ရှင်ဘုရင်ထံသို့ သံတမန်ကို စေလွှတ်၍၊ သင်သည် ငါနှင့် အဘယ်သို့ ဆိုင်သနည်း။ ငါ့နိုင်ငံ၌ စစ်တိုက်ခြင်းငှာ အဘယ်ကြောင့် ငါ့ကို ရန်ပြုသနည်းဟုမေးသော်၊ အမ္မုန်ရှင်ဘုရင်က၊ ဣသရေလအမျိုးသည် အဲဂုတ္တုပြည်မှလာသောအခါ၊ ငါ့မြေကို အာနုန်မြစ်မှစ၍ ယဗ္ဗုတ်ချောင်း၊ ယော်ဒန်မြစ်တိုင်အောင် လု၍ယူသောကြောင့် ငါပြု၏။ ထိုမြေကို ယခု အသင့်အတင့်ပြန်ပေးပါဟု ယေဖသ၏သံတမန်အား ပြန်ပြော၏။ တစ်ဖန် ယေဖသသည် သံတမန်ကို အမ္မုန်ရှင်ဘုရင်ထံသို့ စေလွှတ်၍၊ ယေဖသမှာလိုက်သည်ကား၊ ဣသရေလအမျိုးသည် မောဘမြေ၊ အမ္မုန်မြေကို လုယူသည်မဟုတ်။
တရားသူကြီး 11 ကို ဖတ်ရှုရန်
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: တရားသူကြီး 11:1-15
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ