တစ်ဖန် ထာဝရဘုရားက၊ သင်သည် ကြီးသော ကျောက်သင်ပုန်းကိုယူပြီးလျှင်၊ အသော့လုယက် မြန်မြန်ဖျက်လော့ဟု ဆိုလိုသော၊ မဟေရရှာလလဟာရှဗတ်ဟူသော အက္ခရာစာလုံးကို လူဘာသာအားဖြင့် ရေးထားလော့ဟု ငါ့အား မိန့်တော်မူ၏။ ထိုအခါ သက်သေခံစေခြင်းအလိုငှာ၊ ယုံလောက်သောသက်သေ၊ ယဇ်ပုရောဟိတ်ဥရိယနှင့် ယေဗရခိ၏သား ဇာခိရိတို့ကို ငါခေါ်ထား၏။ ထိုနောက်မှ ငါသည် ပရောဖက်ကတော်ကို ချဉ်းသဖြင့်၊ သူသည် ပဋိသန္ဓေစွဲယူ၍ သားယောက်ျားကို ဖွားမြင်လေ၏။ ထာဝရဘုရားကလည်း၊ ထိုသားကို မဟေရရှာလလဟာရှဗတ်ဟူသော အမည်ဖြင့် မှည့်လော့။ အကြောင်းမူကား၊ ထိုသူငယ်သည် အမိအဘဟု မခေါ်တတ်မီ၊ ဒမာသက်မြို့၏စည်းစိမ်၊ ရှမာရိမြို့၌ လုယက်သောဥစ္စာကို အာရှုရိရှင်ဘုရင်သည် သိမ်းသွားလိမ့်မည်ဟု မိန့်တော်မူ၏။ တစ်ဖန် ထာဝရဘုရားက၊ ဤလူမျိုးသည် ဖြည်းညင်းစွာစီးသော ရှိလောင်ချောင်းကို ငြင်းပယ်၍၊ ရေဇိန်နှင့် ရေမလိသားတို့၌ ဝမ်းမြောက်ကြသောကြောင့်၊ ထာဝရဘုရားသည် အလုံးအရင်းပါသော အာရှုရိရှင်ဘုရင်တည်းဟူသော၊ ခွန်အားဗလကြီး၍ များသောမြစ်ရေနှင့် သူတို့ကို လွှမ်းမိုးစေတော်မူသဖြင့်၊ ထိုမြစ်သည် မိမိချောင်းများကို လွှမ်း၍၊ မိမိကမ်းများကိုလျှံလျက်၊ ယုဒပြည်ကို ချင်းနင်းလွှမ်းမိုးဖြန့်သွား၍၊ လည်ပင်းတိုင်အောင်မီလိမ့်မည်။ သူ၏အတောင်တို့ကိုလည်း ဖြန့်သဖြင့်၊ ကိုယ်တော်၏မြေတစ်ပြင်လုံးကို အုပ်မိုးလိမ့်မည်၊ အို ဧမာနွေလဟု မိန့်တော်မူ၏။ အချင်းလူများတို့၊ သင်းဖွဲ့၍ မှိုင်တွေကြလော့။ ဝေးသောပြည်သားအပေါင်းတို့၊ နားထောင်ကြလော့။ ခါးစည်း၍ မှိုင်တွေကြလော့။ ခါးစည်း၍ မှိုင်တွေကြလော့။ တိုင်ပင်ကြလော့။ သင်တို့အကြံသည် ပျက်လိမ့်မည်။ စီရင်ကြလော့။ စီရင်သည်အတိုင်း မတည်ရ။ အကြောင်းမူကား၊ ဘုရားသခင်သည် ငါတို့ဘက်၌ရှိတော်မူ၏။ ဤလူမျိုး၏ဘာသာဓလေ့အတိုင်း၊ ငါမကျင့်ရမည်အကြောင်း၊ ထာဝရဘုရားသည် တန်ခိုးပြလျက်၊ ငါ့ကို သွန်သင်၍ မိန့်တော်မူသည်ကား၊ သင်းဖွဲ့ခြင်းဟု၊ ဤလူမျိုးဆိုသမျှအတိုင်း၊ သင်တို့သည် သင်းဖွဲ့ခြင်းဟု မဆိုကြနှင့်။ သူတို့ကြောက်တတ်သောအရာကို မကြောက်ကြနှင့်။ မထိတ်လန့်ကြနှင့်။ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားကို ရိုသေခြင်းရှိကြလော့။ ထိုဘုရားကိုသာ ကြောက်ရွံ့ခြင်း၊ ထိတ်လန့်ခြင်း ရှိကြလော့။ ထိုသို့ပြုလျှင်၊ ထိုဘုရားသည် သင်တို့ခိုလှုံရာ ဖြစ်တော်မူလိမ့်မည်။ သို့ရာတွင် ဣသရေလလူနှစ်မျိုးတို့ ထိမိ၍လဲစရာကျောက်၊ မှားယွင်းစရာကျောက်၊ ယေရုရှလင်မြို့သားတို့၌ ကျော့ကွင်းနှင့် ထောင်ချောက် ဖြစ်တော်မူလိမ့်မည်။ ထိုသူအများတို့သည် ထိမိ၍ တိမ်းလဲကျိုးပဲ့ခြင်း၊ ကျော့မိဖမ်းဆီးခြင်းသို့ ရောက်ကြလိမ့်မည်။
ဟေရှာယ 8 ကို ဖတ်ရှုရန်
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဟေရှာယ 8:1-15
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ