ဖြောင့်မတ်သောသူသည်ဆုံး၍ ကျေးဇူးပြုတတ်သောသူတို့သည် ပယ်ရှားခြင်းကို ခံရသောအခါ၊ ဖြောင့်မတ်သောသူကို မကောင်းသောအမှုအရာထဲက ရုပ်သိမ်းပြီဟု အဘယ်သူမျှ မဆင်ခြင်၊ အဘယ်သူမျှ မအောက်မေ့ကြ။ ထိုသို့သော သူသည် ချမ်းသာထဲသို့ ဝင်ရ၏။ ဖြောင့်မတ်စွာကျင့်လျက် မိမိအိပ်ရာပေါ်မှာ ငြိမ်ရ၏။ စုန်းမသား၊ မျောက်မထားသော မိန်းမသား၊ ပြည့်တန်ဆာမသားတို့၊ ချဉ်းကပ်ကြလော့။ သင်တို့သည် အဘယ်သူကို ကျီစယ်ကြသနည်း။ အဘယ်သူအားနှုတ်ကိုဖွင့်၍ လျှာကို ထုတ်ပြကြသနည်း။ သင်တို့သည် ဖောက်ပြန်သော အမျိုး၊ သစ္စာပျက်သောအမျိုး ဖြစ်ကြသည်မဟုတ်လော။ စိမ်းသော သစ်ပင်ရှိသမျှအောက်မှာ ရုပ်တုဆင်းတု၌ တပ်မက်သောသူ၊ ချိုင့်ထဲ၊ ကျောက်စောင်းအောက်မှာ သူငယ်ကို သတ်သောသူ မဟုတ်လော။ ချိုင့်ထဲမှာ ချောသောကျောက်ခဲတို့တွင် သင်၏တာရှိ၏။ ထိုသို့သောအရာတို့သည် သင်၏အမွေဖြစ်၏။ ထိုသို့သော အရာရှေ့မှာ သွန်းလောင်းရာပူဇော်သကာနှင့် ဘောဇဉ်ပူဇော်သကာကို ပြုတတ်၏။ ထိုအမှုတို့ကို ငါနှစ်သက်တတ်သလော။ မြင့်လှသော တောင်ကြီးပေါ်မှာ သင်၏ခုတင်ကိုထားပြီးလျှင်၊ ထိုအရပ်သို့တက်၍ ယဇ်ပူဇော်တတ်၏။ သင်အောက်မေ့စရာ သက်သေကို တံခါးနှင့် တိုင်နောက်မှာ ထားပြီး။ ငါမှတစ်ပါး အခြားသူတို့အား အဝတ်ကိုချွတ်၍၊ အိပ်ရာပေါ်သို့ တက်လေပြီ။ မိမိခုတင်ကို ကျယ်စေ၍ သူတို့နှင့် ဝန်ခံပြီ။ သူတို့ခုတင်ကိုလည်း တပ်မက်၍၊ နေရာအရပ်ကို ရှာလေပြီ။ ဆီမွှေးပါလျက်၊ ရှင်ဘုရင့်ထံသို့သွားပြီ။ နံ့သာမျိုးများကိုသုံးပြီ။ တမန်တို့ကို ဝေးသောအရပ်သို့ စေလွှတ်၍၊ မရဏနိုင်ငံတိုင်အောင် မိမိကိုမိမိ နှိမ့်ချပြီ။ ဝေးစွာခရီးသွား၍ ပင်ပန်းသော်လည်း စိတ်မပျက်။ ကြိုးစား၍ အသက်လွတ်သောကြောင့် အားလျော့ခြင်းမရှိ။ သင်သည် သစ္စာပျက်သည် တိုင်အောင်လည်းကောင်း၊ ငါ့ကိုမေ့လျော့၍ သတိမပြုဘဲနေသည် တိုင်အောင်လည်းကောင်း၊ အဘယ်သူကို ကြောက်ရွံ့သနည်း။ ငါသည် ရှေးကာလမှစ၍ တိတ်ဆိတ်စွာနေသောကြောင့်၊ သင်သည် ငါ့ကိုမကြောက်ဘဲ နေသည်မဟုတ်လော။ သင်၏ကုသိုလ်နှင့်၊ သင်ပြုသောအမှုတို့ကို ငါဖော်ပြမည်။ ထိုသို့သောအမှုသည် အကျိုးကို မပေးနိုင်။ သင်သည် အော်ဟစ်သောအခါ၊ သင်၏အလုံးအရင်းတို့သည် ကယ်နုတ်ကြစေ။ လေသည် သူတို့ကို တိုက်သွားလိမ့်မည်။ လေတစ်မှုတ်နှင့် လွင့်ကြလိမ့်မည်။ ငါ့ကို ကိုးစားသောသူမူကား၊ ပြည်တော်ကို ပိုင်၍၊ ငါ၏သန့်ရှင်းသောတောင်ကို အမွေခံရလိမ့်မည်။
ဟေရှာယ 57 ကို ဖတ်ရှုရန်
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဟေရှာယ 57:1-13
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ