YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 53:1-12

ဟေရှာယ 53:1-12 JBMLE

ငါ​တို့​ဟော​ပြော​သော သ​တင်း​စ​ကား​ကို အ​ဘယ်​သူ ယုံ​သ​နည်း။ ထာ​ဝ​ရ​ဘု​ရား၏ လက်​တော်​သည် အ​ဘယ်​သူ​အား ထင်​ရှား​တော်​မူ​သ​နည်း။ ထာ​ဝ​ရ​ဘု​ရား၏​ကျွန်​သည် အ​ညွန့်​ကဲ့​သို့​လည်း​ကောင်း၊ သွေ့​ခြောက်​သော​မြေ၌ ပေါက်​သော​အ​တက်​ကဲ့​သို့​လည်း​ကောင်း၊ ရှေ့​တော်၌ ကြီး​ပွား၏။ ပ​မာ​ဏ​ပြု​စ​ရာ အ​ဆင်း​တင့်​တယ်​ခြင်း​မ​ရှိ။ ချစ်​လို​ဖွယ်​သော မျက်​နှာ​လ​က္ခ​ဏာ​နှင့် မ​ပြည့်​စုံ။ မ​ထီ​မဲ့​မြင်​ပြု​ခြင်းကိုခံ၍၊ လူ​တို့​တွင်​အ​ယုတ်​ဆုံး​သော​သူ​ဖြစ်​၏။ ငြို​ငြင်​သော​သူ၊ နာ​ကြည်း​ခြင်း​ဝေ​ဒ​နာ​နှင့် ကျွမ်း​ဝင်​သော​သူ ဖြစ်၏။ သူ​တစ်​ပါး​မျက်​နှာ​လွှဲ​ခြင်း​ကို ခံ​ရ​သော​သူ​ကဲ့​သို့ ဖြစ်၏။ မ​ထီ​မဲ့​မြင်​ပြု​ခြင်း​ကို​ခံ​လျက်​ရှိ၍၊ ငါ​တို့​သည် မ​ရို​သေ​ကြ။ သို့​သော်​လည်း၊ ထို​သူ​သည် ငါ​တို့​အ​နာ​ရော​ဂါ ဝေ​ဒ​နာ​များ​ကို ယူ​တင်​ဆောင်​ရွက်​လေ၏။ ဒဏ်​ခတ်​တော်​မူ​ခြင်း​ကို​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​ဆုံး​မ၍ နှိမ့်​ချ​တော်​မူ​ခြင်း​ကို​လည်း​ကောင်း ခံ​ရ​သော​သူ​ဖြစ်​သည်​ဟု ငါ​တို့​သည် ထင်​မှတ်​ကြ​ပြီ။ ထို​သူ​သည် ငါ​တို့​လွန်​ကျူး​ခြင်း အ​ပြစ်​များ​ကြောင့်၊ နာ​ကျင်​စွာ ထိုး​ခြင်း၊ နှိပ်​စက်​ခြင်း​ကို ခံ​ရ​လေ၏။ ငါ​တို့၏ ငြိမ်​သက်​ခြင်း​ချမ်း​သာ​ကို ဖြစ်​စေ​သော ဆုံး​မ​ခြင်း​သည် သူ့​အ​ပေါ်​သို့​ရောက်၍၊ သူ​ခံ​ရ​သော ဒဏ်​ချက်​အား​ဖြင့် ငါ​တို့​သည် အ​နာ​ပျောက်​လျက်​ရှိ​ကြ၏။ ငါ​တို့​ရှိ​သ​မျှ​သည် သိုး​ကဲ့​သို့​လမ်း​လွဲ​လျက်၊ ကိုယ်​လမ်း​သို့ အ​သီး​အ​သီး လိုက်​သွား​ကြ​သည်​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား​သည် ခပ်​သိမ်း​သော ငါ​တို့၏​အ​ပြစ်​များ​ကို သူ့​အ​ပေါ်၌​တင်​တော်​မူ၏။ ထို​သူ​သည် ညှဉ်း​ဆဲ​ခြင်း​နှင့် နှိမ့်​ချ​ခြင်း​ကို​ခံ၍ နှုတ်​ကို မ​ဖွင့်​ဘဲ​နေ၏။ အ​သေ​သတ်​ခြင်း​ငှာ ဆောင်​သွား​သော သိုး​သ​ငယ်​ကဲ့​သို့ သူ့​ကို​ဆောင်​သွား၍၊ သိုး​သည် အ​မွေး​ညှပ်​သော​သူ​ရှေ့​မှာ မ​မြည်​ဘဲ​နေ​သ​ကဲ့​သို့၊ သူ​သည် နှုတ်​ကို​မ​ဖွင့်​ဘဲ နေ၏။ မ​တ​ရား​စွာ စီ​ရင်​ခြင်း​အား​ဖြင့် သူ့​ကို​ထုတ်​သွား​ကြ၏။ အ​သက်​ရှင်​သော သူ​တို့၏​နေ​ရာ​မှ သူ့​ကို သုတ်​သင်​ပယ်​ရှင်း​သည်​ဖြစ်၍၊ သူ၏​အ​မျိုး​အ​နွယ်​ကို အ​ဘယ်​သူ ပြ​ညွှန်​မည်​နည်း။ ငါ၏​လူ​မျိုး​အ​ပြစ်​ကြောင့် ဒဏ်​ခတ်​တော်​မူ​ခြင်း​ကို ခံ​လေ၏။ ပြစ်​မှား​ခြင်း​ကို မ​ပြု။ သူ​၏​နှုတ်​၌ မု​သား​မ​ရှိ​သော်​လည်း၊ လူ​ဆိုး​တို့​နှင့်​အ​တူ မြေ​မြုပ်​ခြင်း​ငှာ စီ​ရင်​ကြ​၏။ သို့​ရာ​တွင် သေ​ပြီး​မှ သူ​ဌေး​၌​ရှိ​၏။ ထာ​ဝ​ရ​ဘု​ရား​သည် သူ့​ကို​နှိပ်​စက်​ခြင်း​ငှာ အ​လို​တော်​ရှိ၍ နာ​စေ​တော်​မူ၏။ သူ​သည် အ​ပြစ်​ဖြေ​သော​ယဇ်​ကို ပူ​ဇော်​ပြီး​မှ၊ အ​မျိုး​အ​နွယ်​တော်​ကို မြင်​ရ​လိမ့်​မည်။ အ​သက်​တော်​လည်း​ရှည်​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား၏​အ​ကြံ​တော်​သည်​လည်း သူ၏​လက်၌ ပြည့်​စုံ​ခြင်း​သို့ ရောက်​လိမ့်​မည်။ မိ​မိ​စိတ်​ဝိ​ညာဉ်​ခံ​ရ​သော ဝေ​ဒ​နာ၏​အ​ကျိုး​ကို မိ​မိ​မြင်၍ အား​ရ​လိမ့်​မည်။ ထို​ဖြောင့်​မတ်​သော ငါ၏​ကျွန်​ကို​သိ​ကျွမ်း​ခြင်း​အား​ဖြင့်၊ သူ​သည် အ​များ​သော​သူ​တို့​ကို ဖြောင့်​မတ်​ရာ၌ တည်​စေ​လိမ့်​မည်။ သူ​တို့၏​အ​ပြစ်​ကို ကိုယ်​တိုင်​ဆောင်​ရွက်​ရ၏။ ထို​သို့ မိ​မိ​အ​သက်​ကို သေ​ခြင်း၌​သွန်း၍၊ မ​တ​ရား​သော​သူ​တို့​နှင့် ရေ​တွက်​ဝင်​ခြင်း​သို့​ရောက်​သ​ဖြင့်၊ လူ​များ​တို့၏​အ​ပြစ်​ကို ဆောင်​ရွက်၍၊ မ​တ​ရား​သော​သူ​တို့​အ​ဖို့ တောင်း​ပန်​သော​ကြောင့်၊ လူ​ကြီး​တို့​ကို သူ၏​အ​ဖို့​ဖြစ်​စေ​ခြင်း​ငှာ ငါ​ခွဲ​မည်။ အ​စွမ်း​သ​တ္တိ​ရှိ​သော သူ​တို့​ကို သူ၏​လက်​ရ​ဥ​စ္စာ​ကဲ့​သို့၊ ကိုယ်​တိုင် ဝေ​ဖန်​ရ​သော​အ​ခွင့် ရှိ​လိမ့်​မည်။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။