တစ်ကျွန်းတစ်နိုင်ငံအရပ်တို့၊ ငါ့စကားကိုကြားကြလော့။ ဝေးစွာသောလူမျိုးတို့၊ စေ့စေ့နားထောင်ကြလော့။ ငါဖွားစကပင် ထာဝရဘုရားသည် ငါ့ကိုခေါ်တော်မူ၏။ အမိဝမ်းထဲမှစ၍ ငါ၏နာမကို မှတ်တော်မူ၏။ ငါ့နှုတ်ကို ထက်သောဓားကဲ့သို့ ဖြစ်စေ၍၊ လက်တော်အရိပ်၌ ဖုံးထားတော်မူ၏။ ငါ့ကိုလည်း ဦးသစ်သော စည်းသွားဖြစ်စေ၍၊ မိမိမြားတောင့်ထဲမှာ ဝှက်ထားတော်မူ၏။ အို ဣသရေလ၊ သင်သည် ငါ၏ကျွန်ဖြစ်၏။ သင့်အားဖြင့် ငါ့ဘုန်းသည် ထင်ရှားလိမ့်မည်ဟု ငါ့အားမိန့်တော်မူပြီ။ ငါကလည်း၊ အကျိုးမရှိဘဲ ငါလုပ်ဆောင်ရပြီ။ အချည်းနှီးသက်သက် ငါ့ခွန်အားကုန်ရပြီ။ သို့သော်လည်း၊ ငါ့အမှုသည် ထာဝရဘုရားရှေ့တော်၌ရှိ၏။ ငါခံရသောအခလည်း ငါ၏ဘုရားသခင်လက်တော်၌ ရှိသည်ဟုဆို၏။ ငါသည် ထာဝရဘုရားရှေ့တော်၌ အသရေထင်ရှား၍၊ ငါ၏ဘုရားသခင်သည် ငါ့ကို ခိုင်ခံ့စေတော်မူသည်အကြောင်းနှင့်တကွ၊ ဣသရေလအမျိုးသည် အထံတော်၌ စုဝေးစေခြင်းကို မခံသော်လည်း၊ ငါသည် ယာကုပ်အမျိုးကို အထံတော်သို့ တစ်ဖန်ဆောင်ခဲ့ရသောကျွန် ဖြစ်စေမည်အကြောင်း၊ ငါ့ကိုအမိဝမ်းထဲမှစ၍ ဖန်ဆင်းတော်မူသော ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် ယာကုပ်၏အမျိုးအနွယ်တို့ကို ချီးမြှောက်ခြင်း၊ ဘေးလွတ်သော ဣသရေလသားတို့ကို အရင်ကဲ့သို့ ဖြစ်စေခြင်းအလိုငှာသာ၊ ငါ့အမှုကိုဆောင်ရွက်သောအမှုသည် သာမညအမှု ဖြစ်၏။ ထိုအမှုမက၊ သင်သည် မြေကြီးစွန်းတိုင်အောင် ငါ၏ကယ်တင်ခြင်းကို ပြုစိမ့်သောငှာ၊ သင့်ကို တစ်ပါးအမျိုးသားတို့ လင်းစရာဖို့ ငါခန့်ထားသည်ဟု မိန့်တော်မူ၏။ ဣသရေလအမျိုးကို ရွေးနုတ်တော်မူ၍၊ ထိုအမျိုး၏ သန့်ရှင်းသော ထာဝရဘုရားသည်၊ အဘယ်သူမျှ မနှစ်သက်၊ တစ်ပြည်လုံး ရွံရှာဖွယ်ဖြစ်၍၊ မင်းထံ၌ ကျွန်ခံရသောသူအား မိန့်တော်မူသည်ကား၊ သစ္စာရှိတော်မူသော ထာဝရဘုရား၊ သင့်ကို ရွေးကောက်တော်မူသော ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရား၏ ကျေးဇူးတော်ကြောင့်၊ ရှင်ဘုရင်တို့သည် မြင်၍ ထကြလိမ့်မည်။ မင်းသားတို့သည်လည်း ကိုးကွယ်ကြလိမ့်မည်။
ဟေရှာယ 49 ကို ဖတ်ရှုရန်
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဟေရှာယ 49:1-7
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ