ယုဒပြည်နှင့် ယေရုရှလင်မြို့ကို ရည်ဆောင်၍၊ အာမုတ်၏သားဟေရှာယခံရသော ဗျာဒိတ်တော်အချက်ဟူမူကား၊ နောက်ဆုံးသောကာလ၌ ထာဝရဘုရား၏အိမ်တော်တည် သောတောင်သည် တောင်ကြီးတောင်ငယ်တို့၏ထိပ်ပေါ်မှာ ချီးမြှောက်၍ တည်လိမ့်မည်။ ခပ်သိမ်းသောလူမျိုးတို့သည် ထိုတောင်သို့ စည်းဝေးကြလိမ့်မည်။ များပြားသောသူတို့ကလည်း၊ လာကြလော့။ ထာဝရဘုရား၏တောင်တော်၊ ယာကုပ်အမျိုး၏ဘုရားသခင့်အိမ်တော်သို့ တက်သွားကြကုန်အံ့။ လမ်းခရီးတော်တို့ကို ပြသသွန်သင်တော်မူ၍၊ ငါတို့သည် ခြေတော်ရာသို့လိုက်သွားကြမည်ဟု ခရီးသွားလျက် ပြောဆိုကြလိမ့်မည်။ တရားတော်သည် ဇိအုန်တောင်မှလည်းကောင်း၊ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ယေရုရှလင်မြို့မှလည်းကောင်း ပေါ်ထွက်လိမ့်မည်။ ထာဝရဘုရားသည် လူမျိုးတို့တွင်တရားစီရင်၍၊ များပြားသောလူတို့ကို ဆုံးမတော်မူသဖြင့်၊ သူတို့ ဓားလက်နက်များကို ထွန်သွားဖြစ်စေခြင်းငှာလည်းကောင်း၊ လှံများကို တံစဉ်ဖြစ်စေခြင်းငှာလည်းကောင်း ထုလုပ်ကြလိမ့်မည်။ တစ်ပြည်ကိုတစ်ပြည် စစ်မတိုက်၊ စစ်အတတ်ကိုလည်း နောက်တစ်ဖန် မသင်ရကြ။ အိုယာကုပ် အမျိုးသားတို့၊ လာကြလော့။ ထာဝရဘုရား၏အလင်းတော်၌ ကျင်လည်ကြကုန်အံ့။ အကယ်စင်စစ် ကိုယ်တော်သည် ယာကုပ်အမျိုးသားတည်းဟူသော ကိုယ်တော်၏လူတို့ကို စွန့်ပစ်တော်မူပြီ။ အကြောင်းမူကား၊ သူတို့သည် အရှေ့ပြည်အတတ်နှင့် ကြွယ်ဝ၍၊ ဖိလိတ္တိလူတို့ကဲ့သို့ အနာဂတ္တိဆရာဖြစ်ကြ၏။ တစ်ပါးအမျိုးသားနှင့် အပေါင်းအဖော် ပြုကြ၏။ သူတို့ပြည်သည် ရွှေငွေနှင့်ကြွယ်ဝ၍၊ ဥစ္စာပစ္စည်း အတိုင်းမသိများ၏။ သူတို့ပြည်သည် မြင်းနှင့် ကြွယ်ဝ၍၊ မြင်းရထား အတိုင်းမသိများ၏။ သူတို့ပြည်သည် ရုပ်တုဆင်းတုနှင့် ကြွယ်ဝ၍၊ မိမိလက်နှင့်လုပ်သောအရာ၊ မိမိလက်ချောင်းတို့နှင့် ဖန်ဆင်းသောအရာကိုပင် သူတို့သည် ဦးချကြသည်တကား။ ထိုကြောင့်၊ ယုတ်သောသူလည်း ဦးနှိမ့်ခြင်း၊ မြတ်သောသူလည်း ရှုတ်ချခြင်းကို ခံရလိမ့်မည်။ သူတို့အပြစ်ကိုလည်း ကိုယ်တော်သည် လွှတ်တော်မမူရာ။ ထာဝရဘုရားသည် မြေကြီးကို ခြောက်လှန့်အံ့သောငှာထတော်မူသော ထိုအခါ၊ ဘုရားကိုကြောက်ခြင်းအရှိန်၊ ဘုန်းတန်ခိုး အာနုဘော်တော် အရှိန်ကြောင့်၊ ကျောက်ထဲသို့ ဝင်လော့။ မြေမှုန့်၌ ပုန်း၍နေလော့။ ထိုကာလ၌ လူတို့၏မော်သောမျက်နှာကို နှိမ့်ရမည်။ လူတို့၏မာနကိုလည်း ရှုတ်ချရမည်။ ထာဝရဘုရားတစ်ပါးတည်းသာ ချီးမြှောက်ခြင်းသို့ ရောက်တော်မူလိမ့်မည်။
ဟေရှာယ 2 ကို ဖတ်ရှုရန်
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဟေရှာယ 2:1-11
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ