ဟေရှာယ 16
16
1မြေရှင်ထံသို့ သိုးသငယ်ကို ပေးလိုက်ကြလော့။ သေလမြို့မှတောတစ်လျှောက်လုံး၊ ဇိအုန်သတို့သမီး၏တောင်သို့ ပေးလိုက်ကြလော့။ 2မိမိအသိုက်ကိုစွန့်ပစ်၍ လည်ရသောငှက်ကဲ့သို့၊ မောဘသမီးတို့သည် အာနုန်မြစ်ကူးရာ ကမ်းနားမှာရှိကြလိမ့်မည်။ 3အကြံပေးလော့။ တရားသဖြင့် စီရင်လော့။ မွန်းတည့်အလင်းထဲ၌ ညကဲ့သို့ သင်၏အရိပ်ကို ဖြစ်စေလော့။ နှင်ထုတ်သောသူတို့ကို ဝှက်ထားလော့။ ပြေးသောသူတို့ကို မပြနှင့်။ 4မောဘပြည်မှနှင်ထုတ်သော သူတို့သည် သင်နှင့်အတူ နေကြစေလော့။ ဖျက်ဆီးသောသူ၏ လက်မှလွတ်စေခြင်းငှာ သူတို့ကိုစောင့်မလော့။ သင့်ကို ညှဉ်းဆဲသောသူမရှိ။ ဖျက်ဆီးသောသူ ပြတ်လေ၏။ နှိပ်နင်းသောသူတို့ကို မြေပေါ်ကပယ်ရှင်းလေပြီ။ 5ရာဇပလ္လင်သည်လည်း၊ ကရုဏာ၌ တည်လိမ့်မည်။ သစ္စာနှင့်ပြည့်စုံ၍၊ ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသောသူသည် ဖြောင့်မတ်စွာ စစ်ကြော၍၊ တရားမှုကို အလျင်အမြန် ဆုံးဖြတ်တော်မူလျက်၊ ဒါဝိဒ်မင်း၏တဲတော်၌ တရားစီရင်တော်မူလိမ့်မည်။
6မောဘ၏မာနကို ငါတို့သည် ကြားသိကြ၏။ အလွန်ကြီးသောမာနဖြစ်၏။ ထောင်လွှားစော်ကားခြင်း၊ ဒေါသအမျက်ထွက်ခြင်းရှိ၍၊ အချည်းနှီးသက်သက် ဝါကြွားသောစကားကို ပြောတတ်၏။ 7ထိုကြောင့်၊ မောဘသည် မိမိအတွက် ညည်းတွားမြည်တမ်းရလိမ့်မည်။ ပြည်သားရှိသမျှတို့သည် ညည်းတွားမြည်တမ်းကြလိမ့်မည်။ ကိရဟရက်မြို့ ပျက်သည်အတွက် သင်တို့သည် ညည်းတွားကြလိမ့်မည်။ ထိုမြို့သည် ဒဏ်ခတ်ခြင်းကိုအလွန်ခံရ၏။ 8ဟေရှဘုန်လယ်ပြင်တို့သည် သွေ့ခြောက်ကြ၏။ စိဗမာစပျစ်နွယ်ပင် အညွန့်များကိုလည်း တစ်ပါးအမျိုးသားမင်းတို့သည် ချိုးကြပြီ။ ထိုအညွန့်တို့သည် အထက်က ယာဇာမြို့တိုင်အောင်ရောက်၍၊ တော၌လည်တတ်ကြ၏။ အလက်တို့သည် ရှည်လျား၍၊ ပင်လယ်ကိုလွန်ကြ၏။ 9ထိုကြောင့်၊ ယာဇာမြို့အတွက် မျက်ရည်ကျသကဲ့သို့၊ စိဗမာစပျစ်နွယ်ပင်အတွက် ငါသည်မျက်ရည်ကျမည်။ အိုဟေရှဘုန်မြို့နှင့် ဧလာလေမြို့၊ ငါသည် မျက်ရည်ကျလျက် သင့်ကိုရေလောင်းမည်။ အကြောင်းမူကား၊ သင်၏သစ်သီးနှင့် စပါးနှံတို့သည် စစ်တိုက်သံနှင့် တွေ့ကြုံကြပြီ။ 10ဝပြောသောလယ်ပြင်ထဲမှာ ဝမ်းမြောက်ရွှင်လန်းခြင်း ပြတ်လေပြီ။ စပျစ်ဥယျာဉ်၌ သီချင်းမဆိုရကြ။ မကြွေးကြော်ရကြ။ စပျစ်သီးနယ်ရာကျင်း၌ စပျစ်သီးကို နင်းသောသူလည်း မနင်းရ။ ကြွေးကြော်သောအသံကိုလည်း ငါပြတ်စေပြီ။ 11ထိုကြောင့်၊ ငါ့ဝမ်းသည် မောဘပြည်အတွက်၊ ငါ့အအူသည် ကိရဟရက်မြို့အတွက်၊ စောင်းကဲ့သို့ မြည်ရလိမ့်မည်။ 12ထိုအခါ မောဘသည် မိမိမြင့်သောအရပ်၌ မိမိကို ပင်ပန်းစေခြင်း၊ ပတ္ထနာပြုအံ့သောငှာ မိမိသန့်ရှင်းရာဌာနသို့ ဝင်ခြင်းအရာသည် ထင်ရှားသော်လည်း၊ အကြံမမြောက်နိုင်ရာ။
13ထိုသို့ ထာဝရဘုရားသည် မောဘ၏အကြောင်းစကားကို အထက်ကမိန့်တော်မူ၏။ 14ယခုတစ်ဖန်မိန့်တော်မူသည်ကား၊ အခစားသောသူရေတွက်သည်အတိုင်း၊ သုံးနှစ်လွန်မှ၊ မောဘပြည်၏ ဘုန်းအသရေသည် မိမိအလုံးအရင်းနှင့်တကွ ရှုတ်ချခြင်းသို့ရောက်ရမည်။ ကျန်ကြွင်းသောသူတို့သည် အလွန်နည်း၍၊ ခွန်အားကုန်ရကြလိမ့်မည်ဟု မိန့်တော်မူ၏။
လက်ရှိရွေးချယ်ထားမှု
ဟေရှာယ 16: JBMLE
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
Judson Bible Revision © Bible Society of Myanmar, 2021.