ငါတို့ပြောဆိုသော နောင်ကပ်ကမ္ဘာကို အုပ်စိုးရသောအခွင့်ကို ကောင်းကင်တမန်တို့၌ အပ်ပေးတော်မူသည်မဟုတ်၊- ကျမ်းစာတစ်ချက်၌ တစ်ယောက်သောသူက၊ လူသည် အဘယ်သို့သောသူဖြစ်၍ ကိုယ်တော်သည် အောက်မေ့တော်မူရသနည်း။ လူသားသည် အဘယ်သို့သောသူဖြစ်၍ အကြည့်အရှု ကြွလာတော်မူရသနည်း။- သူ့ကို ကောင်းကင်တမန်တို့အောက်၌ အနည်းငယ် နှိမ့်တော်မူပြီ။ သူ၏ခေါင်းကို ဘုန်းအသရေနှင့် ပတ်ရစ်တော်မူပြီ။ ဖန်ဆင်းတော်မူသောအရာများကို အုပ်စိုးစေ၍၊- ခပ်သိမ်းသောအရာတို့ကို သူ၏ခြေအောက်၌ ချထားတော်မူပြီဟု သက်သေခံသတည်း။ ခပ်သိမ်းသော အရာတို့ကို ချထားတော်မူ၏ဟုဆိုသော်၊ မချမထားဘဲ ကျန်ရစ်သောအရာ တစ်စုံတစ်ခုမျှ မရှိရ။ ယခုမူကား၊ ခပ်သိမ်းသောအရာတို့သည် ချထားလျက်ရှိသည်ကို ငါတို့ မမြင်ရကြသေး။- ယေရှုသည် ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် လူအပေါင်းတို့အတွက်ကြောင့် အသေခံရသော အခွင့်ရှိစေခြင်းငှာ၊ ကောင်းကင်တမန်တို့အောက်၌ အနည်းငယ်နှိမ့်ပြီးမှ၊ အသေခံရသောကြောင့် ခေါင်းတော်၌ ဘုန်းအသရေ ပတ်ရစ်လျက်ရှိသည်ကို ငါတို့မြင်ကြ၏။- အကြောင်းမူကား၊ များစွာသော သားတို့ကိုကယ်တင်၍၊ ဘုန်းစည်းစိမ်စံစားရာသို့ ပို့ဆောင်သောအရှင်သည်၊ ဒုက္ခဝေဒနာအားဖြင့် စုံလင်ခြင်းသို့ ရောက်ရမည်အကြောင်း၊ ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်း၍ အုပ်စိုးတော်မူသောဘုရားသည် စီရင်တော်မူအပ်၏။ သန့်ရှင်းစေတတ်သောသူနှင့် သန့်ရှင်းစေအပ်သောသူများတို့သည် တစ်ပါးတည်းသော ပကတိရှိကြ၏။ ထိုကြောင့်၊ သန့်ရှင်းစေတတ်သောသူသည် သန့်ရှင်းစေအပ်သောသူတို့ကို ညီအစ်ကိုဟူ၍ ခေါ်ခြင်းငှာ ရှက်ကြောက်တော်မမူ။ ထိုသို့ခေါ်သောအချက် ဟူမူကား၊- သတင်းတော်ကို အကျွန်ုပ်ညီအစ်ကိုတို့အား အကျွန်ုပ်ကြားပြောပါမည်။ ပရိသတ်အလယ်မှာ ကိုယ်တော်ကို ချီးမွမ်း၍ သီချင်းဆိုပါမည်ဟု လာသတည်း။- တစ်ချက်ကား၊ ငါသည်ဘုရားသခင်ကို ကိုးစားမည်ဟု လာသတည်း။ တစ်ဖန်ကား၊ ငါမှစ၍ ငါ့အား ဘုရားသခင် ပေးတော်မူသောသူငယ်တို့သည် ရှိကြ၏ဟု လာသတည်း။ ထိုသူငယ်တို့သည် အသွေးအသားနှင့် ဆက်ဆံကြသောကြောင့်၊ ခရစ်တော်သည် အသေခံတော်မူသောအားဖြင့်၊ သေခြင်းတရားကို အစိုးရသောသူတည်းဟူသော မာရ်နတ်၏တန်ခိုးကို ချိုးဖဲ့ဖျက်ဆီးခြင်းငှာလည်းကောင်း၊ သေဘေးကိုကြောက်၍ တစ်သက်လုံး ကျွန်ခံရသော သူတို့ကို ကယ်လွှတ်ခြင်းငှာလည်းကောင်း၊ ထိုသူငယ်တို့၏ နည်းတူ အသွေးအသားကို ဆောင်ယူတော်မူ၏။- အကြောင်းမူကား၊ ခရစ်တော်သည် ကောင်းကင်တမန်တို့ကို မစတော်မူသည်မဟုတ်၊ အာဗြဟံအမျိုးကို မစတော်မူ၏။- ထိုကြောင့်၊ ခရစ်တော်သည် လူတို့၏ အပြစ်ဖြေစရာအကြောင်းကို စီရင်၍၊ ဘုရားသခင်နှင့် စပ်ဆိုင်သောအရာတို့၌ ကရုဏာနှင့်လည်းကောင်း၊ သစ္စာနှင့်လည်းကောင်း ပြည့်စုံသော ယဇ်ပုရောဟိတ်အကြီး ဖြစ်အံ့သောငှာ၊ မိမိညီအစ်ကိုတို့နှင့် လုံးလုံးတူရသော အကြောင်းရှိ၏။- ထိုသို့ စုံစမ်းနှောင့်ယှက်ခြင်းကို ကိုယ်တော်တိုင်ခံ၍ ဒုက္ခဆင်းရဲခြင်း၌ ကျင်လည်သောကြောင့်၊ စုံစမ်းနှောင့်ယှက်ခြင်းအမှုနှင့် တွေ့ကြုံသောသူတို့ကို မစခြင်းငှာ တတ်နိုင်တော်မူ၏။
ဟေဗြဲ 2 ကို ဖတ်ရှုရန်
နားထောင်ရန် ဟေဗြဲ 2
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဟေဗြဲ 2:5-18
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ