အဲဂုတ္တုပြည်၌စပါးရှိကြောင်းကို ယာကုပ်ကြားသိလျှင်၊ သင်တို့သည် အဘယ်ကြောင့် တစ်ယောက်ကိုတစ်ယောက် ကြည့်ရှု၍နေကြသနည်း။ အဲဂုတ္တုပြည်၌ စပါးရှိကြောင်းကိုငါကြားရပြီ။ ငါတို့သည်မသေ၊ အသက်ရှင်မည်အကြောင်း၊ ထိုပြည်သို့သွား၍ ငါတို့အဖို့ကိုဝယ်ကြလော့ဟု မိမိသားတို့အားဆိုသည်အတိုင်း၊ ယောသပ်၏အစ်ကိုတစ်ကျိပ်တို့သည် စပါးကိုဝယ်ခြင်းငှာ အဲဂုတ္တုပြည်သို့ သွားကြ၏။ ယောသပ်၏ညီ ဗင်္ယာမိန်ကိုကား အစ်ကိုတို့နှင့်အတူ ယာကုပ်သည်မစေမလွှတ်။ အကြောင်းမူကား၊ သူ၌ဘေးရောက်ကောင်းရောက်လိမ့်မည်ဟု စိုးရိမ်သတည်း။ ထိုအခါ ခါနာန်ပြည်၌ အစာခေါင်းပါးသောကြောင့်၊ အဲဂုတ္တုပြည်သို့ရောက်လာသောသူတို့တွင်၊ ဣသရေလသားတို့သည် စပါးကိုဝယ်ခြင်းငှာ လာကြ၏။ ယောသပ်သည်နိုင်ငံအုပ်ဖြစ်၍ ပြည်သားအပေါင်းတို့အား ရောင်းသောအမှုကို စီရင်လေ၏။ ယောသပ်အစ်ကိုတို့သည်လာ၍ သူ့ရှေ့မှာ ဦးညွှတ်ချကြ၏။ ယောသပ်သည် အစ်ကိုတို့ကိုမြင်လျှင်သိ၏။ သို့သော်လည်း မသိဟန်ဆောင်၍ ကြမ်းတမ်းစွာပြောလျက်၊ သင်တို့သည် အဘယ်ကလာကြသနည်းဟုမေး၏။ သူတို့ကလည်း၊ အစာကိုဝယ်ခြင်းငှာ ခါနာန်ပြည်ကလာကြပါသည်ဟု လျှောက်ကြ၏။ ယောသပ်သည် အစ်ကိုတို့ကိုသိသော်လည်း၊ သူတို့သည် ယောသပ်ကိုမသိကြ။ ယောသပ်သည်သူတို့အကြောင်းနှင့် မြင်ရသောအိပ်မက်တို့ကို အောက်မေ့လျက်၊ သင်တို့သည်သူလျှိုဖြစ်ကြ၏။ ပြည်တော်၌ အားနည်းသောအရပ်ကို ကြည့်ရှုခြင်းငှာ လာကြပြီဟုဆိုလျှင်၊ သူတို့က၊ မဟုတ်ပါသခင်။ ကိုယ်တော်၏ကျွန်တို့သည် အစာကို ဝယ်ခြင်းငှာသာလာကြပါ၏။ ကျွန်တော်တို့သည် တစ်ယောက်တည်းသောသူ၏သား ဖြစ်ကြပါ၏။ ဖြောင့်မတ်သောသူလည်း ဖြစ်ကြပါ၏။ ကိုယ်တော်၏ကျွန်တို့သည် သူလျှိုမဟုတ်ပါဟု လျှောက်ကြ၏။ ယောသပ်ကလည်း၊ မဟုတ်ဘူး။ ပြည်တော်၌အားနည်းသော အရပ်ကိုကြည့်ရှုခြင်းငှာ လာကြပြီဟုဆိုပြန်၏။ သူတို့ကလည်း၊ ကိုယ်တော်ကျွန်တို့သည် ခါနာန်ပြည်၌ တစ်ယောက်တည်းသောသူ၏သား၊ ညီအစ်ကိုတစ်ကျိပ်နှစ်ယောက် ဖြစ်ကြပါ၏။ အငယ်ဆုံးသောသူကား အဘနှင့်အတူယခုရှိရစ်ပါ၏။ တစ်ယောက်ကားမရှိပါဟု လျှောက်ပြန်လျှင်၊ ယောသပ်က၊ သင်တို့သည်သူလျှိုဖြစ်ကြ၏ဟု ငါဆိုသည်အရာမှာ၊ သင်တို့ကို အဘယ်သို့စုံစမ်းရမည်နည်းဟူမူကား၊ အငယ်ဆုံးသောညီ မလာလျှင်၊ ဖာရောဘုရင်အသက်ရှင်တော်မူသည်အတိုင်း သင်တို့သည် ဤအရပ်မှမထွက်မသွားရ။ သင်တို့စကား မှန်သည်မမှန်သည်ကို စုံစမ်း၍သိစေခြင်းငှာ သင်တို့တွင် တစ်ယောက်သောသူကိုစေလွှတ်၍ ညီကိုဆောင်ခဲ့စေ။ ကြွင်းသောသူတို့ကို ထောင်ထဲမှာချထားမည်။ သို့မဟုတ် ဖာရောဘုရင် အသက်ရှင်တော်မူသည်အတိုင်း၊ အကယ်စင်စစ် သင်တို့သည်သူလျှို ဖြစ်ကြ၏ဟုဆိုပြီးလျှင်၊ အစ်ကိုအပေါင်းတို့ကို သုံးရက်ချုပ်ထားလေ၏။ သုံးရက်မြောက်သောနေ့၌ ယောသပ်သည်သူတို့ကိုခေါ်၍၊ ငါသည် ဘုရားသခင်ကို ကြောက်ရွံ့သောသူဖြစ်၏။ သို့ဖြစ်၍ သင်တို့သည် အသက်ချမ်းသာစေခြင်းငှာ ပြုရသောအမှုဟူမူကား၊ သင်တို့သည်ဖြောင့်မတ်သောသူမှန်လျှင်၊ သင်တို့ညီအစ်ကိုတို့တွင် တစ်စုံတစ်ယောက်ကို ထောင်အိမ်၌အချုပ်ခံလျက်နေစေပြီးလျှင်၊ ကြွင်းသောသူတို့မူကား သွားကြလော့။ အိမ်သူအိမ်သားတို့၌ အစာခေါင်းပါးသောကြောင့် စပါးကိုယူ၍သွားကြလော့။ အငယ်ဆုံးသောညီကို ငါ့ထံသို့ဆောင်ခဲ့ကြလော့။ သို့ပြုလျှင် သင်တို့စကားမှန်လိမ့်မည်။ သင်တို့ အသက်လည်း ချမ်းသာရလိမ့်မည်ဟုဆိုသည်အတိုင်း သူတို့သည်ပြုကြ၏။ ထိုအခါ သူတို့အချင်းချင်းဆိုကြသည်ကား၊ အကယ်စင်စစ် ငါတို့သည် ညီ၏အမှု၌အပြစ်ကြီးကြ၏။ သူသည် ငါတို့ကိုတောင်းပန်သောအခါ၊ သူ့စိတ်ဆင်းရဲခြင်းကို ငါတို့သည်မြင်လျက်နှင့် နားမထောင်ဘဲနေကြ၏။ ထိုကြောင့် ဤအမှုသည် ငါတို့အပေါ်မှာ ယခုရောက်လာပြီဟု တစ်ယောက်ကိုတစ်ယောက် ပြောဆိုကြ၏။ ရုဗင်ကလည်း၊ သူငယ်ကိုမပြစ်မှားပါနှင့်ဟု ကျွန်ုပ်ဆိုသည်မဟုတ်လော။ သင်တို့သည် နားမထောင်ဘဲနေကြသောကြောင့် သူ၏အသွေးအတွက် ယခုအစစ်ခံရကြသည်ဟု ပြန်၍ဆို၏။ ထိုသို့ မိမိတို့ပြောဆိုကြသောစကားကို ယောသပ်နားလည်သည်ဟု သူတို့မထင်ကြ။ အကြောင်းမူကား၊ ယောသပ်သည် စကားပြန်နှင့် သူတို့ကို ပြောတတ်သောကြောင့်တည်း။ ထိုအခါ ယောသပ်သည် သူတို့ထံမှခဏခွာ၍ငိုလေ၏။ တစ်ဖန်လာပြန်၍ နှုတ်ဆက်ပြီးလျှင်၊ ရှိမောင်ကို သူတို့အစုထဲကယူ၍ သူတို့ရှေ့တွင် ချည်နှောင်လေ၏။ ထိုနောက်သူတို့အိတ်များကို စပါးနှင့်ပြည့်စေ၍၊ သူတို့ငွေကိုလည်း အသီးအသီးအိတ်တို့တွင် ပြန်ထည့်စေခြင်းငှာလည်းကောင်း၊ လမ်းခရီး၌ စားစရိတ်ကိုပေးစေခြင်းငှာလည်းကောင်းစီရင်၍ ထိုသို့လျှင်သူတို့၌ပြုလေ၏။
ကမ္ဘာဦး 42 ကို ဖတ်ရှုရန်
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ကမ္ဘာဦး 42:1-25
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ