ဣရှမေလလူတို့သည် ယောသပ်ကိုဆောင်သွား၍ အဲဂုတ္တုပြည်သို့ရောက်သောအခါ၊ အဲဂုတ္တုအမျိုးသားဖာရောဘုရင်၏အမတ်ဖြစ်သော ကိုယ်ရံတော်မှူးပေါတိဖာထံမှာရောင်းကြ၏။ ထာဝရဘုရားသည် ယောသပ်ဘက်၌ရှိတော်မူသဖြင့် သူသည် အကြံထမြောက်တတ်၏။ အဲဂုတ္တုအမျိုးသား မိမိသခင်၏အိမ်၌နေရလေ၏။ သူ့ဘက်၌ ထာဝရဘုရားသည်ရှိတော်မူ၍၊ သူပြုလေရာရာ၌ အောင်စေတော်မူကြောင်းကို သခင်လည်းသိမြင်၏။ ထိုကြောင့် ယောသပ်သည် သခင်ရှေ့၌မျက်နှာရ၍ ခစားလျက်နေရ၏။ သခင်သည်လည်း မိမိအိမ်တွင် အိမ်အုပ်အရာနှင့်ခန့်ထား၍ ဥစ္စာရှိသမျှကိုအပ်လေ၏။ ထိုသို့အိမ်နှင့်ဥစ္စာရှိသမျှကို အုပ်စိုးစေသည်ကာလမှစ၍ ထာဝရဘုရားသည် ယောသပ်အတွက် ထိုအဲဂုတ္တုသား၏အိမ်ကို ကောင်းချီးပေးတော်မူသဖြင့်၊ ပေးတော်မူသောကောင်းချီးမင်္ဂလာသည် အတွင်း၊ ပြင်၊ ဥစ္စာရှိရှိသမျှအပေါ်မှာလည်း သက်ရောက်လေ၏။ သခင်သည် မိမိ၌ရှိသမျှကိုယောသပ်လက်သို့အပ်၍၊ မိမိစားသောအစာမှတစ်ပါး အခြားသောဥစ္စာရှိမှန်းကိုမျှ မသိမမှတ်ဘဲနေ၏။ ယောသပ်သည် ပုံပြင်ယဉ်ကျေး၍ အသွေးအဆင်းလည်းလှသောသူဖြစ်၏။ ထိုနောက်မှသခင်၏မယားသည် ယောသပ်ကိုတပ်သောစိတ်ရှိ၍ ငါနှင့်အတူအိပ်ပါဟုဆို၏။ ယောသပ်ကလည်း၊ ကျွန်တော်သခင်သည် အိမ်တော်၌ရှိသမျှသောဥစ္စာတို့ကို ကျွန်တော်လက်သို့အပ်ပါပြီ။ ကျွန်တော်၌ အဘယ်ဥစ္စာရှိမှန်းကိုမျှမသိမမှတ်ပါ။ ဤအိမ်တွင်လည်း ကျွန်တော်ထက်သာ၍ ကြီးသောသူမရှိပါ။ ကိုယ်မယားဖြစ်သော သခင်မမှတစ်ပါး အဘယ်အရာကိုမျှ ကျွန်တော်အားမမြစ်တားပါ။ သို့ဖြစ်လျှင် အပြစ်ကြီးသောဤအမှုကို ကျွန်တော်ပြု၍ ဘုရားသခင်ကို အဘယ်သို့ပြစ်မှားနိုင်သနည်းဟု သခင်၏မယားကိုငြင်း၍ ပြန်ဆို၏။ ထိုသို့သခင်မသည် နေ့တိုင်းသွေးဆောင်သော်လည်း၊ ယောသပ်သည် သူ၏စကားကိုနားမထောင်၊ သူနှင့်အတူအိပ်ခြင်း၊ နေခြင်းအမှုကိုရှောင်လေ၏။ တစ်နေ့သ၌ ယောသပ်သည်အမှုဆောင်ခြင်းငှာ အိမ်ထဲသို့ဝင်၍ အိမ်သားယောက်ျားတစ်ယောက်မျှ မရှိသောအခါ၊ သခင်မက ငါနှင့်အတူအိပ်ပါဟုဆိုလျက်၊ ယောသပ်အဝတ်ကိုကိုင်ဆွဲလျှင်၊ ယောသပ်သည် မိမိအဝတ်ကိုစွန့်၍ ပြင်သို့ထွက်ပြေးလေ၏။
ကမ္ဘာဦး 39 ကို ဖတ်ရှုရန်
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ကမ္ဘာဦး 39:1-12
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ