ထိုအခါ ဒါရိမင်းကြီးပေးလိုက်သော အမိန့်တော်အတိုင်း၊ မြစ်အနောက်ဘက် မြို့ဝန်တာတနဲ၊ ရှေသာဗောဇနဲနှင့် သူတို့အပေါင်းအဖော်တို့သည် အလျင်အမြန်ပြုကြ၏။ ယုဒအမျိုး အသက်ကြီးသူတို့သည် တည်ဆောက်၍၊ ပရောဖက်ဟဂ္ဂဲနှင့် ဣဒေါသားဇာခရိ ဟောသောအားဖြင့်၊ အကြံထမြောက်ကြ၏။ ဣသရေအမျိုး၏ ဘုရားသခင်အမိန့်တော်နှင့် ပေရသိရှင်ဘုရင်ကုရုမင်း၊ ဒါရိမင်း အမိန့်တော်အတိုင်း တည်ဆောက်၍ လက်စသတ်ကြ၏။ ဒါရိမင်းကြီးနန်းစံ ခြောက်နှစ်၊ အာဒါလ သုံးရက်နေ့တွင် အိမ်တော်သည် ပြီးပြည့်စုံ၏။ ဣသရေလအမျိုးသား၊ ယဇ်ပုရောဟိတ်၊ လေဝိသားအစရှိသော သိမ်းသွားခြင်းကိုခံဖူးသော အမျိုးသားချင်းရှိသမျှတို့သည် ဘုရားသခင်၏ အိမ်တော်ကို ဝမ်းမြောက်သောစိတ်နှင့် အနုမောဒနာပွဲခံကြ၏။ ထိုအိမ်တော်၏ အနုမောဒနာပွဲတွင် နွားတစ်ရာ၊ သိုးထီးနှစ်ရာ၊ သိုးသငယ်လေးရာကိုလည်းကောင်း၊ ဣသရေလအမျိုး တစ်ဆယ်နှစ်မျိုးအလိုက် အမျိုးသားအပေါင်းတို့၏ အပြစ်ဖြေရာယဇ်တည်းဟူသော ဆိတ်ထီး တစ်ဆယ်နှစ်ကောင်ကိုလည်းကောင်း၊ ယဇ်ပူဇော်ကြ၏။ မောရှေကျမ်းစာ၌ ပါသည်အတိုင်း၊ ယေရုရှလင်မြို့၌ ဘုရားဝတ်ကို ပြုစေခြင်းငှာ၊ ယဇ်ပုရောဟိတ် အသီးအသီးတို့ကိုလည်းကောင်း၊ သင်းဖွဲ့သော လေဝိသားတို့ကိုလည်းကောင်း ခန့်ထားကြ၏။ သိမ်းသွားခြင်းကို ခံရသောအမျိုးသားတို့သည် ပထမလ တစ်ဆယ်လေးရက်နေ့တွင် ပသခါပွဲကိုလည်း ခံကြ၏။ ယဇ်ပုရောဟိတ်နှင့် လေဝိသားတို့သည် တညီတညွတ်တည်း ကိုယ်ကိုသန့်ရှင်းစေ၍၊ အလုံးစုံတို့သည် သန့်ရှင်းသဖြင့်၊ မိမိတို့အဖို့မှစ၍ ပေါက်ဖော်ချင်း ယဇ်ပုရောဟိတ်တို့အဖို့နှင့် သိမ်းသွားခြင်းကိုခံရသော အမျိုးသားအပေါင်းတို့အဖို့ ပသခါသိုးသငယ်ကို သတ်ကြ၏။ သိမ်းသွားခြင်းကိုခံသော လူစုထဲက ထွက်လာသော ဣသရေလအမျိုးသားများ၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားကို ရှာလိုသောငှာ၊ တစ်ပါးအမျိုးသား နေရာအရပ်အညစ်အကြေးကို ပယ်ရှားသော သူများအပေါင်းတို့သည် ပသခါပွဲကိုစား၍၊ ခုနစ်ရက်ပတ်လုံး ဝမ်းမြောက်သောစိတ်နှင့် အဇုမပွဲကိုလည်း ခံကြ၏။ အကြောင်းမူကား၊ ထာဝရဘုရားသည် ဝမ်းမြောက်သောအခွင့်ကို ပေးတော်မူ၏။ ဣသရေလအမျိုး၏ ဘုရားသခင်ဗိမာန်တော် တည်ဆောက်ခြင်းအမှုမှာ၊ အာရှုရိရှင်ဘုရင် မစမည်အကြောင်း၊ စိတ်နှလုံးတော်ကို သူတို့ဘက်သို့ ကူးစေတော်မူ၏။
ဧဇရ 6 ကို ဖတ်ရှုရန်
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဧဇရ 6:13-22
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ