သက္ကရာဇ်ဆယ်ခု၊ ဒသမလ တစ်ဆယ်တစ်ရက်နေ့တွင်၊ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊ အချင်းလူသား၊ သင်သည် အဲဂုတ္တုရှင်ဘုရင် ဖာရောမင်းတစ်ဖက်၌ မျက်နှာထား၍၊ သူနှင့် အဲဂုတ္တုပြည် တစ်ပြည်လုံးတစ်ဖက်၌ ပရောဖက်ပြုလျက်၊ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ အို အဲဂုတ္တုရှင်ဘုရင် ဖာရောမင်း၊ ကိုယ်မြစ်များအလယ်၌ နေလျက်၊ ငါ့မြစ်ကို ငါပိုင်၏။ ငါ့အဖို့ ငါဖန်ဆင်းပြီဟု ဆိုတတ်သော မိကျောင်းကြီး၊ သင့်တစ်ဖက်၌ ငါနေ၏။ သင့်ပါးရိုးကို သံချိတ်နှင့်ချိတ်၍၊ သင့်မြစ်၌နေသော ငါးတို့ကို သင့်အကြေးတို့၌ ငါကပ်စေမည်။ သင့်မြစ်များအလယ်ထဲက သင့်ကိုငါနုတ်၍ မြစ်၌ရှိသမျှသော ငါးတို့သည် သင့်အကြေးတို့၌ ကပ်ကြလိမ့်မည်။ သင်နှင့် သင့်မြစ်၌ရှိသမျှသော ငါးတို့ကို တော၌ ငါပစ်ထားမည်။ လွင်ပြင်၌ကျ၍ နောက်တစ်ဖန် စုဝေးခြင်းကိုမပြုရ။ တောသားရဲများ၊ မိုးကောင်းကင်ငှက်များ စားစရာဖို့ သင့်ကိုငါအပ်၏။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို အဲဂုတ္တုပြည်သားအပေါင်းတို့သည် သိရကြလိမ့်မည်။ အကြောင်းမူကား၊ သင်သည် ဣသရေလအမျိုး၌ ကျူတောင်ဝှေး ဖြစ်လေပြီ။ သင့်ကို လက်နှင့်ကိုင်သောအခါ သင်သည် အကိုင်မခံ။ သူတို့ ပခုံးဆစ်ကို ဖြုတ်လေ၏။ သင်နှင့်ကိုယ်ကိုထောက်သောအခါ သင်သည်ကျိုး၍ သူတို့ခါးကို နာစေ၏။ သို့ဖြစ်၍၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် သင့်အပေါ်သို့ ဓားကိုဆောင်ခဲ့၍ လူနှင့်တိရစ္ဆာန်တို့ကို ပယ်ဖြတ်သဖြင့်၊ အဲဂုတ္တုပြည်သည် လူဆိတ်ညံလျက်၊ ပျက်စီးလျက်ရှိသောအခါ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရလိမ့်မည်။ သင်က၊ ငါ့မြစ်ကိုငါပိုင်၏။ ငါဖန်ဆင်းပြီဟု ဆိုမိသောကြောင့်၊ သင်နှင့် သင့်မြစ်တစ်ဖက်၌ ငါနေ၏။ အဲဂုတ္တုပြည်ကို မိဂဒေါလမှစ၍ သုဏေမြို့တိုင်အောင်လည်းကောင်း၊ အဲသယောပိပြည် စွန်း တိုင်အောင်လည်းကောင်း၊ ဓားနှင့်ဖျက်ဆီး၍ ဆိတ်ညံစေမည်။ အနှစ်လေးဆယ်ပတ်လုံး လူလျှောက်၍မသွားရ။ တိရစ္ဆာန်လည်း လျှောက်၍မသွားရ။ အဘယ်သူမျှ မနေရ။ ပျက်စီးသောပြည်တို့တွင် အဲဂုတ္တုပြည်ကို ငါဖျက်ဆီးမည်။ လူဆိတ်ညံသောမြို့တို့တွင် အနှစ်လေးဆယ်ပတ်လုံး အဲဂုတ္တုမြို့တို့သည် ပျက်စီးလျက်ရှိကြလိမ့်မည်။ အဲဂုတ္တုလူတို့ကို အတိုင်းတိုင်း အပြည်ပြည်တို့ကို ငါကွဲပြား ပျံ့လွင့်စေမည်။ သို့ရာတွင်၊ အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ အနှစ်လေးဆယ်စေ့သောအခါ၊ ကွဲပြားလျက်နေရသော လူမျိုးတို့မှ အဲဂုတ္တုလူတို့ကို ငါခေါ်၍ စုဝေးစေမည်။ သိမ်းသွားခြင်းကိုခံရသော အဲဂုတ္တုလူတို့ကို ငါတစ်ဖန်ဆောင်ခဲ့၍ သူတို့နေရင်းပြည်၊ ပါသရုပြည်သို့ ပြန်စေမည်။ ထိုပြည်၌ ယုတ်သောနိုင်ငံ ဖြစ်ရလိမ့်မည်။ တစ်ပါးသောလူမျိုးတို့ကို နောက်တစ်ဖန်အစိုးမရ။ နိုင်ငံတကာတို့တွင် အယုတ်ဆုံးဖြစ်ရလိမ့်မည်။ တစ်ပါးသောလူမျိုးတို့ကို နောက်တစ်ဖန် အစိုးမရစေခြင်းငှာ ငါရှုတ်ချမည်။ ဣသရေလအမျိုးသားတို့သည် ထိုပြည်သားတို့ကို မျှော်လင့်၍၊ မိမိအပြစ်ကို ငါအောက်မေ့စေသဖြင့်၊ နောက်တစ်ဖန် ထိုပြည်သည် သူတို့ခိုလှုံရာ မဖြစ်ရာ။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။ သက္ကရာဇ် နှစ်ဆယ်ခုနစ်ခု၊ ပထမလ တစ်ရက်နေ့တွင်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊ အချင်းလူသား၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည်၊ သူ၏စစ်သူရဲတို့ကို တုရုမြို့တစ်ဖက်၌ များစွာသောအမှုကို ဆောင်ရွက်စေပြီ။ စစ်သူရဲတိုင်း ခေါင်းတုံးပြီ။ ပခုံးလည်း ပွန်းပြီ။ သို့ရာတွင်၊ ရှင်ဘုရင်နှင့် စစ်သူရဲတို့သည် တုရုမြို့တစ်ဖက်၌ အမှုဆောင်ရွက်ခကို ထိုမြို့တွင် မခံရကြ။ သို့ဖြစ်၍၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ အဲဂုတ္တုပြည်ကို ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာအား ငါပေးမည်။ ထိုမင်းသည် ပြည်သား အလုံးအရင်းကိုလည်းကောင်း၊ လက်ရဥစ္စာ အမျိုးမျိုးကိုလည်းကောင်း၊ သိမ်းယူပြီးလျှင်၊ မိမိစစ်သူရဲတို့ အခဖို့ ဝေငှလိမ့်မည်။ ငါ့အမှုကို ဆောင်ရွက်သောကြောင့်၊ တုရုမြို့တစ်ဖက်၌ အမှုဆောင်ရွက်ခဖို့ အဲဂုတ္တုပြည်ကို ငါပေးပြီ။ ထိုကာလ၌ ဣသရေလအမျိုး၏ ချိုကို ငါပေါက်စေ၍၊ သူတို့အထဲမှာ သင်ဟောပြောရသော အခွင့်ကို ငါပေးမည်။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သူတို့သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။
ယေဇကျေလ 29 ကို ဖတ်ရှုရန်
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ယေဇကျေလ 29:1-21
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ