YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေဇကျေလ 25:1-17

ယေဇကျေလ 25:1-17 JBMLE

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ၍၊ အ​ချင်း​လူ​သား၊ သင်​သည် အ​မ္မုန်​အ​မျိုး​သား​တို့​တစ်​ဖက်၌ မျက်​နှာ​ထား၍ ပ​ရော​ဖက်​ပြု​လျက်၊ ဆင့်​ဆို​ရ​မည်​မှာ၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို နား​ထောင်​ကြ​လော့။ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ရှုတ်​ချ​လျက်​ရှိ​သော ငါ၏​သန့်​ရှင်း​ရာ​ဌာ​န​ကို​လည်း​ကောင်း၊ လူ​ဆိတ်​ညံ​ခြင်း​သို့​ရောက်​သော ဣ​သ​ရေ​လ​ပြည်​ကို​လည်း​ကောင်း၊ အေ့​ဟေ​ဟု သင်​ဆို​မိ​သော​ကြောင့်၊ သင့်​ကို အ​ရှေ့​ပြည်​သား​တို့​အား ငါ​အ​ပိုင်​ပေး​မည်။ သူ​တို့​သည် သင်၏​အ​ထဲ၌ ဘုံ​ဗိ​မာန်​တို့​ကို တည်​ဆောက်၍ နေ​ရာ​ကျ​ကြ​လိမ့်​မည်။ သင်၏​အ​သီး​အ​နှံ​ကို​စား၍ သင်၏​နို့​ကို​သောက်​ကြ​လိမ့်​မည်။ ရ​ဗ္ဗာ​မြို့​ကို ကု​လား​အုတ်​တင်း​ကုပ်၊ အ​မ္မုန်​ပြည်​ကို သိုး​ကျက်​စား​ရာ​ငါ​ဖြစ်​စေ​မည်။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သင်​တို့ သိ​ရ​ကြ​လိမ့်​မည်။ သင်​သည် ဣ​သ​ရေ​လ​ပြည်​ကို မ​နာ​လို​သော​စိတ်​အား​ကြီး​လျက် လက်​ခုပ်​တီး​ခြင်း၊ ခြေ​နှင့်​ဆောင့်​ခြင်း​ကို ဝမ်း​မြောက်​စွာ ပြု​သော​ကြောင့်၊ ငါ​သည် သင့်​ကို​တိုက်၍၊ လူ​အ​မျိုး​မျိုး​လု​ယူ​ဖို့​ရာ​အပ်​မည်။ လူ​နေ​ရာ​အ​တိုင်း​တိုင်း​အ​ပြည်​ပြည်​ထဲ​က သင့်​ကို သုတ်​သင်​ပယ်​ရှင်း​မည်။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သင်​သိ​ရ​လိမ့်​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။ တစ်​ဖန် မော​ဘ​ပြည်​နှင့် စိ​ရ​မြို့​က၊ ယု​ဒ​အ​မျိုး​သည် တစ်​ပါး​အ​မျိုး​သား​အ​ပေါင်း​တို့​နှင့် တူ​သည်​ဟု​ဆို​သော​ကြောင့်၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ မော​ဘ​နံ​ပါး၊ ပြည်​စွန်း​နား​မှာ နိုင်​ငံ၏​ဘုန်း​ဖြစ်​သော ဗက်​ယေ​ရှိ​မုတ်​မြို့၊ ဗာ​လ​မောင်​မြို့၊ ကိ​ရ​ယ​သိမ်​မြို့​တို့​ကို ငါ​လှန်​ထား​မည်။ ထို​မြို့​တို့​ကို အ​မ္မုန်​အ​မျိုး​သား​တို့​နှင့်​တ​ကွ အ​ရှေ့​ပြည်​သား​တို့​အား အ​ပိုင်​ပေး​မည်။ အ​မ္မုန်​ပြည်​သား​တို့​ကို တိုင်း​နိုင်​ငံ​စု​တွင် မ​မှတ်​ရ။ မော​ဘ​ပြည်​ကို​လည်း ငါ​သည်​အ​ပြစ်​ဒဏ်​စီ​ရင်၍၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သူ​တို့​သိ​ရ​ကြ​လိမ့်​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ တစ်​ဖန်​ဧ​ဒုံ​ပြည်​သည် ချင်​ရဲ​ပြေ​စေ​ခြင်း​ငှာ၊ ယု​ဒ​အ​မျိုး​တစ်​ဖက်၌​နေ၍ အ​လွန်​ပြစ်​မှား​သ​ဖြင့်၊ အ​ပြစ်​ဒဏ်​စီ​ရင်​သော​ကြောင့်၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဧ​ဒုံ​ပြည်​ကို​ငါ​တိုက်၍ လူ​နှင့် တိ​ရ​စ္ဆာန်​တို့​ကို​ပယ်​ဖြတ်​မည်။ တေ​မန်​မြို့​မှ​စ၍ လူ​ဆိတ်​ညံ​စေ​မည်။ ဒေ​ဒန်​မြို့​တိုင်​အောင် ဓား​ဖြင့်​ဆုံး​ရ​ကြ​လိမ့်​မည်။ ငါ၏​လူ​ဣ​သ​ရေ​လ​အ​မျိုး​သား​များ​အား​ဖြင့်၊ ဧ​ဒုံ​ပြည်​ကို​ငါ၏ ချင်​ရဲ​ပြေ​စေ​ခြင်း​ငှာ ဒဏ်​ပေး​မည်။ သူ​တို့​သည် ငါ၏​အ​မျက်​အ​ရှိန် အား​ကြီး​သည်​အ​တိုင်း ဧ​ဒုံ​ပြည်​ကို​ပြု​ကြ​လိမ့်​မည်။ ငါ​ပေး​သော​အ​ပြစ်​ဒဏ်​ကို​သိ​ရ​ကြ​လိမ့်​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။ တစ်​ဖန် ဖိ​လိ​တ္တိ​လူ​တို့​သည် အ​ငြိုး​ထား၍ မ​နာ​လို​သော​စိတ်​အား​ကြီး​သည်​နှင့် ဒေါ​သ​အ​လို​ကို​ပြည့်​စုံ​စွာ​ပြု၍၊ ရှင်း​ရှင်း​ဖျက်​ဆီး​ခြင်း​ငှာ အ​ပြစ်​ဒဏ်​ပေး​သော​ကြောင့်၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဖိ​လိ​တ္တိ​လူ​တို့​ကို ငါ​တိုက်၍ ခေ​ရ​သိ​လူ​တို့​ကို ပယ်​ဖြတ်​မည်။ ပင်​လယ်​ကမ်း​နား၌ ကျန်​ကြွင်း​သော​သူ​တို့​ကို ဖျက်​ဆီး​မည်။ ပြင်း​စွာ​သော ဆုံး​မ​ခြင်း​နှင့်​တ​ကွ ကြီး​စွာ​သော​အ​ပြစ်​ဒဏ်​ကို ပေး​မည်။ ထို​သို့ ငါ၏​ချင်​ရဲ​ပြေ​စေ​ခြင်း​ငှာ​ဒဏ်​ပေး​သော​အ​ခါ၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သူ​တို့​သိ​ရ​ကြ​လိမ့်​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။