တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊ အချင်းလူသား၊ လူအသက်ကို သတ်တတ်သောမြို့ကို သင်သည် စစ်ကြောလော့။ စစ်ကြောလော့။ သူ၌ ပြုသမျှသော စက်ဆုပ်ရွံရှာဖွယ်အမှုတို့ကိုပြလော့။ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ မိမိအချိန်ရောက်စေခြင်းငှာ၊ မိမိအလယ်၌ လူအသက်ကိုသတ်၍၊ မိမိကိုညစ်ညူးစေဖို့ မိမိတစ်ဖက်၌ ရုပ်တုတို့ကိုလုပ်တတ်သောမြို့၊ သင်သည် လူအသက်ကို သတ်သောအားဖြင့် အပြစ်ရောက်၏။ လုပ်သောရုပ်တုအားဖြင့် ညစ်ညူးခြင်းရှိ၏။ သင်၏ နေ့ရက်ကာလအချိန်ကို ကိုယ်တိုင်ရောက်စေပြီ။ ထိုကြောင့်၊ ငါသည် သင့်ကို အတိုင်းတိုင်းအပြည်ပြည်တို့တွင် ကဲ့ရဲ့ရာ၊ ပျက်ချော်ရာဖြစ်စေမည်။ အို အသရေပျက်၍ နှောင့်ယှက်ခြင်းကိုခံရသောသင်ကို၊ အဝေးအနီး၌နေသော သူတို့သည် ပျက်ချော်ကြလိမ့်မည်။ ဣသရေလမင်းသားတို့သည် အသီးအသီး အခွင့်တန်ခိုးရှိသည်အတိုင်း၊ သင့်အလယ်၌ လူအသက်ကို သတ်တတ်ကြ၏။ သင့်အလယ်၌ မိဘတို့ကို မထီမဲ့မြင်ပြုကြ၏။ တစ်ပါးအမျိုးသားတို့ကို အနိုင်အထက်ပြုကြ၏။ မိဘမရှိသောသူနှင့် မုဆိုးမတို့ကို ညှဉ်းဆဲကြ၏။ သင်သည် ငါ၏သန့်ရှင်းသောအရာတို့ကို မထီမဲ့မြင်ပြုပြီ။ ငါ၏ ဥပုသ်နေ့တို့ကို ရှုတ်ချပြီ။ သင့်အလယ်၌ လူအသက်ကို သတ်လို၍ ကုန်းတိုက်သောသူ၊ တောင်ပေါ်မှာ စားသောသူ၊ အဓမ္မအမှုကိုပြုသောသူ ရှိကြ၏။ သင့်အလယ်၌ အဘ၏မယားကို ပြစ်မှားကြ၏။ ဥတုရောက်သောမိန်းမနှင့် မှားယွင်းကြ၏။ သင့်အလယ်၌ အချို့တို့သည် အိမ်နီးချင်းမယားကို ပြစ်မှားကြ၏။ အချို့တို့သည် မိမိချွေးမနှင့် ဆိုးညစ်သောအဓမ္မအမှုကို ပြုကြ၏။ အချို့တို့သည် မိမိနှမ၊ မိမိအဘ၏သမီးကို ရှုတ်ချကြ၏။ သင့်အလယ်၌လည်း လူအသက်သတ်ခကိုခံကြ၏။ အတိုးစား၍ ငွေကိုချေးကြ၏။ အိမ်နီးချင်း၏ဥစ္စာကို လုယူကြ၏။ ငါ့ကိုလည်း မေ့လျော့ကြ၏။ သို့ဖြစ်၍၊ သင်ဆည်းပူးသောဥစ္စာ၊ သင့်အလယ်၌သွန်းသော အသွေးကြောင့် ငါလက်ခုပ်တီး၏။ သင့်ကို ငါစီရင်သောအခါ၊ သင်၏နှလုံးသည် ခိုင်ခံ့နိုင်သလော။ သင်၏လက်သည်လည်း အားကြီးနိုင်သလော။ ငါထာဝရဘုရားသည် အမိန့်တော်ရှိသည်အတိုင်း ပြုမည်။ သင့်ကိုလည်း အတိုင်းတိုင်းအပြည်ပြည်တို့တွင်၊ အရပ်ရပ်သို့ ကွဲပြားစေမည်။ သင်၏အညစ်အကြေးကိုလည်း ပယ်ရှင်းမည်။ လူအမျိုးမျိုးတို့ရှေ့မှာ၊ သင်သည် ကိုယ်တိုင် အသရေရှုတ်ချခြင်းကို ခံရ၍၊ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကို သိရလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။ တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊ အချင်းလူသား၊ ဣသရေလအမျိုးသည် ငါ့ရှေ့မှာချော်ဖြစ်လေပြီ။ ထိုသူအပေါင်းတို့သည် မိုက်ထဲ၌ ထည့်သော ကြေးနီ၊ ကြေးဖြူ၊ သံ၊ ခဲကဲ့သို့ငွေနှင့်ကွာသော ချော်ဖြစ်ကြ၏။ ထိုကြောင့် အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့အပေါင်းသည် ချော်ဖြစ်သောကြောင့်၊ ယေရုရှလင်မြို့ထဲ၌ ငါစုဝေးစေမည်။ ငွေ၊ ကြေးနီ၊ ကြေးဖြူ၊ သံ၊ ခဲတို့ကို မီးမှုတ်၍ အရည်ကျိုခြင်းငှာ မိုက်ထဲ၌စုထားသကဲ့သို့၊ ထိုအတူ ငါသည် ပြင်းစွာအမျက်ထွက်လျက်၊ သင်တို့ကို ထိုမြို့ထဲ၌ စုထား၍ အရည်ကျိုမည်။ အကယ်စင်စစ် စုထားပြီးမှ ငါ့အမျက်မီးကိုမှုတ်၍၊ သင်တို့သည် မြို့ထဲမှာ အရည်ကျိုခြင်းကို ခံရကြလိမ့်မည်။ ငွေကို မိုက်ထဲ၌ အရည်ကျိုသကဲ့သို့၊ သင်တို့သည် မြို့ထဲမှာ အရည်ကျိုခြင်းကို ခံရသဖြင့်၊ ငါထာဝရဘုရားသည် သင်တို့အပေါ်သို့၊ ငါ၏ဒေါသအရှိန်ကို သွန်းလောင်းသည်ကို သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။ တစ်ဖန်အရှင်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊ အချင်းလူသား၊ သင်ဆင့်ဆိုရမည်မှာ၊ အမျက်ထွက်သောနေ့၌မိုးမရွာ၊ သင်သည် မိုးရေကို မခံရသောပြည်ဖြစ်၏။ ထိုပြည်အလယ်၌ ပရောဖက်တို့သည် သင်းဖွဲ့ခြင်းကို ပြုကြပြီ။ ဟောက်၍ အကောင်ကိုကိုက်ဖြတ်သော ခြင်္သေ့ကဲ့သို့ လူတို့ကို ကိုက်စားကြ၏။ ဘဏ္ဍာများနှင့် အဖိုးထိုက်သောဥစ္စာများကို လုယူကြ၏။ ပြည်အလယ်၌ မုဆိုးမတို့ကို များပြားစေကြ၏။ ယဇ်ပုရောဟိတ်တို့သည်လည်း ငါ၏တရားကိုဖျက်၍၊ ငါ၏သန့်ရှင်းရာဌာနကိုလည်း ညစ်ညူးစေကြ၏။ သန့်ရှင်းသောအရာ၊ မသန့်ရှင်းသောအရာတို့ကို မပိုင်းခြား၊ စင်ကြယ်သောအရာ၊ မစင်ကြယ်သောအရာတို့ကို ရောနှောကြ၏။ ငါ၏ဥပုသ်နေ့တို့မှလည်း မျက်နှာလွှဲကြ၏။ သူတို့အလယ်၌ ငါသည် ရှုတ်ချခြင်းကိုခံရ၏။ မင်းတို့သည်လည်း အကောင်ကို ကိုက်ဖြတ်သောတောခွေးကဲ့သို့ ပြည်အလယ်၌ဖြစ်၍၊ မတရားသော စီးပွားကို ရှာလိုသောငှာ လူအသက်ကိုသတ်၍၊ သူတစ်ပါးတို့ကို သုတ်သင်ပယ်ရှင်းတတ်ကြ၏။ ပရောဖက်တို့ကလည်း၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်ဟု ထာဝရဘုရား မိန့်တော်မမူဘဲ၊ အချည်းနှီးသောအရာကို မြင်၍၊ မုသားစကားကို ဟောပြောလျက်၊ သူတို့ကို အင်္ဂတေနှင့် မွမ်းမံကြ၏။ ပြည်သူပြည်သားတို့သည်လည်း ညှဉ်းဆဲခြင်း၊ ဓားပြတိုက်ခြင်း၊ ဆင်းရဲငတ်မွတ်သောသူတို့ကို နှိပ်စက်ခြင်း၊ တစ်ပါးအမျိုးသားတို့အား မတရားသဖြင့် ညှဉ်းဆဲခြင်းကို ပြုကြ၏။ ထိုပြည်ကို ငါမဖျက်ဆီးစေခြင်းငှာ ကွယ်ကာသောသူ၊ မြို့ရိုးပျက်ပေါ်မှာရပ်၍ ဆီးတားသောသူ တစ်ယောက်ကိုမျှ ငါရှာ၍မတွေ့။ ထိုကြောင့်၊ ငါအမျက်ကို ငါသွန်းလောင်းလျက်၊ ငါ့ဒေါသမီးဖြင့် သူတို့ကိုရှို့၍၊ သူတို့အပြစ်ကို သူတို့ခေါင်းပေါ်သို့ ရောက်စေမည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
ယေဇကျေလ 22 ကို ဖတ်ရှုရန်
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ယေဇကျေလ 22:1-31
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ