တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊ အချင်းလူသား၊ ယေရုရှလင်မြို့သည် မိမိ၌ စက်ဆုပ်ရွံရှာဖွယ်သော အမှုအရာတို့ကို သိမည်အကြောင်း ပြုလော့။ ထာဝရဘုရားသည် ယေရုရှလင်မြို့အား မိန့်တော်မူသောစကားကို သင်ဆင့်ဆိုရမည်မှာ၊ သင်၏မူလ၊ သင်၏မွေးဖွားရာဌာနသည် ခါနာန်ပြည်၌ရှိ၏။ သင်၏ အဘသည် အာမောရိလူ၊ သင်၏အမိသည်ဟိတ္တိအမျိုးဖြစ်၏။ သင့်ကို ဖွားခြင်းအကြောင်းအရာဟူမူကား၊ ဖွားသောနေ့၌ ချက်ကြိုးကိုမဖြတ်၊ သန့်ရှင်းစေခြင်းငှာ ရေမချိုး၊ ဆားနှင့်မလူး၊ အဝတ်နှင့် မပတ်ရစ်၊ ကရုဏာစိတ်နှင့် ထိုသို့ပြုစုခြင်းငှာ သင့်ကိုမြင်၍ အဘယ်သူမျှ မသနား။ ဖွားသောနေ့၌ သင်သည် ကိုယ်ကို ရွံရှာရသည်တိုင်အောင် လယ်ပြင်၌ ပစ်ထားခြင်းကိုခံရ၏။ ငါသည် လျှောက်သွား၍ အသွေးနှင့်လူးလျက်ရှိသော သင်ကို မြင်သောအခါ အသက်ရှင်လော့ဟု သင်သည် အသွေး၌ရှိစဉ် ငါဆို၏။ မြက်ပင်ကဲ့သို့ ငါကြီးပွားစေသဖြင့်၊ သင်သည် အစဉ်အတိုင်းကြီး၍ လှသောအဆင်းနှင့် ပြည့်စုံ၏။ ရင်သားထ၍ ကိုယ်၌လည်း အမွေးပေါက်၏။ အရင်က အဝတ်မရှိ၊ အချည်းစည်းနေရ၏။ တစ်ဖန် ငါသည်လျှောက်သွား၍ သင့်ကိုမြင်သောအခါ၊ သင်၌ ချစ်လိုဖွယ်သော အချိန်အရွယ်ရှိသောကြောင့်၊ ငါသည် ကိုယ်အဝတ်စွန်းကို ဖြန့်၍၊ သင်၌ အချည်းစည်းရှိခြင်းကို ဖုံးအုပ်၏။ ကျိန်ဆိုခြင်းကိုလည်း ပြု၍၊ သင်နှင့် ပဋိညာဉ်ဖွဲ့သဖြင့်၊ သင်သည် ငါ၏ခင်ပွန်း ဖြစ်လေ၏။ ထိုအခါ သင့်ကိုရေချိုး၍၊ သင်၌လူးသော အသွေးရှိသမျှကို ငါဆေးကြော၏။ ဆီနှင့် လိမ်း၏။ ချယ်လှယ်သော အဝတ်ကိုဝတ်စေ၏။ တဟာရှသားရေခြေနင်းကို စီးစေ၏။ ဖဲ၊ ပိတ်ချောနှင့် ခြုံစေ၏။ လက်ကောက်နှင့်လည်ဆွဲအစရှိသော တန်ဆာမျိုးကို ဆင်စေ၏။ နားတောင်း၊ နှာဆွဲ၊ လှသောပေါင်းကိုလည်း ဆင်စေ၏။ ထိုသို့ သင်သည် ရွှေငွေနှင့်တကွ၊ ဖဲ၊ ပိတ်ချော၊ ချယ်လှယ်သော အဝတ်တန်ဆာတို့ကို ဆင်လျက်၊ မုန့်ညက်၊ ပျားရည်၊ ဆီကိုစားလျက်၊ အလွန်တရာလှသောအဆင်းနှင့် ပြည့်စုံ၍၊ မိဖုရားအရာကို ခံရ၏။ ငါသည် ကိုယ်အသရေကို သင်၌ အပ်ပေးသောကြောင့်၊ သင်သည် လှသောအဆင်းနှင့် စုံလင်၍၊ အတိုင်းတိုင်းအပြည်ပြည်၌ ကျော်စောလေ၏။ သို့ရာတွင်၊ သင်သည် ကိုယ်လှသောအဆင်းကိုကိုးစား၍၊ ဂုဏ်အသရေ ကျော်စောသောကြောင့်၊ ပြည့်တန်ဆာလုပ်၍၊ ခရီးသွားသောသူ အပေါင်းတို့နှင့် မတရားသောမေထုန်ကို အနှံ့အပြားပြုသဖြင့်၊ ယောက်ျားတိုင်း အခွင့်ရ၏။ သင်၏အဝတ်ကိုလည်းယူ၍၊ မြင့်သောအရပ်တို့ကို ထူးခြားသော အဆင်းအရောင်နှင့် ဆင်ပြင်၍၊ တစ်ခါမျှမမြင်စဖူး၊ နောက်၌လည်း မဖြစ်လတ္တံ့သောအမှု၊ မတရားသောမေထုန်ကို ထိုအရပ်၌ ပြုလေပြီ။ ငါပေးသော ရွှေငွေတန်ဆာမြတ်တို့ကိုလည်း ယူ၍၊ ယောက်ျားရုပ်တုတို့ကိုလုပ်ပြီးလျှင်၊ သူတို့နှင့် မှားယွင်းလေပြီတကား။ ချယ်လှယ်သောအဝတ်ကိုလည်း ယူ၍၊ ထိုရုပ်တုတို့ကိုခြုံပြီးလျှင်၊ ငါ့ဆီနှင့် ငါ့နံ့သာပေါင်းကို သူတို့ရှေ့မှာ တင်ထားလေပြီ။ ငါပေးသောဘောဇဉ်၊ သင့်ကိုငါကျွေးသော မုန့်ညက်၊ ဆီ၊ ပျားရည်ကိုလည်း သူတို့ရှေ့မှာ မွှေးကြိုင်စရာဖို့ တင်ထားလေပြီတကား။ ထိုမှတစ်ပါး၊ သင်ဖွားသော ငါ၏သားသမီးတို့ကိုယူ၍၊ ထိုရုပ်တုတို့အား ကျွေးမွေးခြင်းငှာ ယဇ်ပူဇော်လေပြီ။ သင်သည် မတရားသောမေထုန်ကိုပြု၍ စိတ်မပြေသောကြောင့် ငါ၏သားသမီးတို့ကို သတ်၍ ရုပ်တုတို့အား မီးဖြင့်ပူဇော်ရမည်လော။ သင်ပြုသော စက်ဆုပ်ရွံရှာဖွယ်အမှု၊ မတရားသော မေထုန်အမှုအပေါင်းတို့ကိုပြုစဉ်တွင်၊ အရွယ်ငယ်သောအခါ အဝတ်မရှိ၊ အချည်းစည်းရှိကြောင်း၊ ကိုယ်အသွေး၌ လူးလဲလျက်နေကြောင်းကို မအောက်မေ့ပါတကား။ သင်သည် အမင်္ဂလာရှိ၏။ အမင်္ဂလာရှိ၏။ ဒုစရိုက်အပေါင်းကိုပြုပြီးမှ၊ ကိုယ်နေဖို့ ကုဋီတိုက်ကိုတည်၍ လမ်းရှိတိုင်း မြင့်သောအရပ်ကို လုပ်လေ၏။ သင်သည် မြင့်သောအရပ်ကို လမ်းဦးတိုင်းလုပ်၍၊ ကိုယ်လှသောအဆင်းကို ရွံရှာဖွယ်ဖြစ်သည်တိုင်အောင်ပြုလျက်၊ ခရီးသွားသောသူအပေါင်းတို့အား ပေါင်တို့ကိုခွာဖွင့်၍၊ မတရားသောမေထုန်အမှုတို့ကို များပြားစေ၏။ ဆူဖြိုးသော သင်၏အိမ်နီးချင်းအဲဂုတ္တုလူတို့နှင့် မှားယွင်း၍၊ ငါ့အမျက်ကိုနှိုးဆော်လျက်၊ မတရားသော မေထုန်အမှုတို့ကို များပြားစေ၏။ ထိုကြောင့်၊ ငါသည် လက်ကိုဆန့်လျက် သင်၏ရိက္ခာကိုဖြတ်၍၊ သင့်ကိုမုန်းသောသူ၊ သင့်ဆိုးညစ်သော အမှုများကြောင့် ရှက်တတ်သော ဖိလိတ္တိအမျိုးသမီးတို့ လက်သို့အပ်ရ၏။ သင်သည် ကိလေသာစိတ် မပြေသောကြောင့်၊ အာရှုရိလူတို့နှင့်လည်း မှားယွင်းလေ၏။ ထိုသို့ မှားယွင်းသော်လည်း စိတ်မပြေနိုင်။ ထိုမှတစ်ပါး၊ ခါနာန်ပြည်မှသည် ခါလဒဲပြည်တိုင်အောင်၊ မတရားသောမေထုန်အမှုတို့ကို များပြားစေသော်လည်း စိတ်မပြေနိုင်။ အစိုးတရပြု၍ သီလပျက်သောမိန်းမပြုတတ်သမျှသော ဤအမှုတို့ကို သင်သည်ပြုမိလျက်၊ သင့်စိတ်နှလုံးသည် အလွန်မိုက်ပါသည်တကား။ သင်၏ကုဋီတိုက်ကို ခပ်သိမ်းသောလမ်း၌တည်၍၊ လမ်းရှိတိုင်း မြင့်သောအရပ်ကို လုပ်သဖြင့်၊ အခကိုငြင်းသောကြောင့် ပြည့်တန်ဆာနှင့် မတူ။ ကိုယ်မဆိုင်သော ယောက်ျားကို ကိုယ်လင်၏ကိုယ်စားလက်ခံ၍ မျောက်မထားသော မိန်းမနှင့်တူ၏။ ပြည့်တန်ဆာမိန်းမ ရှိသမျှတို့သည် လက်ဆောင်ကို ခံယူတတ်ကြ၏။ သင်မူကား၊ သင်၏ရည်းစားအပေါင်းတို့အား လက်ဆောင်ကို ပေးတတ်၏။ အရပ်ရပ်တို့က လာ၍ မတရားသောမေထုန်ကို ပြုစေခြင်းငှာ၊ သူတစ်ပါးတို့ကို ငှားတတ်၏။ သို့ဖြစ်၍၊ သင်သည် အခြားသော ပြည့်တန်ဆာတို့နှင့် ခြားနားစွာပြုတတ်၏။ သင်ပြုသကဲ့သို့ အဘယ်သူမျှ မတရားသောမေထုန်ကို မပြုတတ်။ သင်သည် အခကိုမခံ၊ သူတစ်ပါးတို့အားပေးသောကြောင့် အခြားသော မိန်းမတို့နှင့် ခြားနား၏။ သို့ဖြစ်၍၊ အိုပြည့်တန်ဆာမိန်းမ၊ ထာဝရဘုရား၏အမိန့်တော်ကို နားထောင်လော့။ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်၏ရည်းစားများ စက်ဆုပ်ရွံရှာဖွယ်သော ရုပ်တုအပေါင်းတို့နှင့် မှားယွင်းခြင်းအားဖြင့်လည်းကောင်း၊ သူတို့အားပေးသော သားသမီးတို့၏အသွေးအားဖြင့်လည်းကောင်း သင်သည် ကိုယ်ရှက်ကြောက်ခြင်း၊ အဝတ်အချည်းစည်းရှိခြင်းကို ထင်ရှားစွာဖော်ပြသောကြောင့်၊ သင့်ကိုချစ်သော ရည်းစားရှိသမျှတို့နှင့် သင်ချစ်သောသူ၊ မုန်းသောသူ အပေါင်းတို့ကို ငါစုဝေးမည်။ သင့်တစ်ဖက်ပတ်လည်၌ စုဝေးစေ၍၊ သင်၌ အဝတ်အချည်းစည်းရှိခြင်းကို ငါပြသဖြင့်၊ ထိုသူအပေါင်းတို့သည် သင်၌ အဝတ်အချည်းစည်းရှိသမျှကို မြင်ရကြလိမ့်မည်။ မျောက်မထားသော မိန်းမနှင့်၊ လူအသက်ကိုသတ်သော မိန်းမတို့ကိုစီရင်သကဲ့သို့ သင့်ကိုငါစီရင်၍၊ ပြင်းစွာသော ဒေါသအမျက်အသွေးကို ငါတိုက်မည်။ သင့်ကို သူတို့လက်သို့ ငါအပ်သဖြင့်၊ သူတို့သည် သင်၏ကုဋီတိုက်ကိုဖျက်၍၊ သင်၏မြင့်သောအရပ်တို့ကို ဖြိုချကြလိမ့်မည်။ သင့်အဝတ်တို့ကို ချွတ်၍ လှသောတန်ဆာတို့ကို လုယူပြီးလျှင်၊ သင့်ကို အဝတ်မပေး၊ အချည်းစည်းရှိစေခြင်းငှာ ပစ်ထားကြလိမ့်မည်။ လူအလုံးအရင်းကိုလည်း ခေါ်သဖြင့်၊ သူတို့သည် ခဲနှင့်ပစ်၍၊ ဓားနှင့်ခုတ်ကြလိမ့်မည်။ သင့်အိမ်တို့ကိုလည်း မီးရှို့၍ များစွာသော မိန်းမတို့ရှေ့မှာ သင့်ကို အပြစ်ဒဏ်ပေးကြသဖြင့်၊ သင်သည် နောက်တစ်ဖန် ပြည့်တန်ဆာမလုပ်ဘဲ နေစေခြင်းငှာ ငါပြုမည်။ နောက်တစ်ဖန် သင်သည် သူတစ်ပါးတို့ကို မငှားရ။ ထိုသို့ ငါ့ဒေါသစိတ်ကို ငါဖြေမည်။ သင့်ကိုမယုံ။ အလွန်ပူပန်သောစိတ်ငြိမ်း၍၊ ငါသည်အမျက်မထွက်ဘဲ ငြိမ်သက်စွာနေမည်။ သင်သည် အသက်ငယ်သောကာလကို မအောက်မေ့၊ အရာရာ၌ ငါ့စိတ်ကို နှောင့်ယှက်သောကြောင့်၊ သင့်အပြစ်ကို သင့်ခေါင်းပေါ်သို့ ငါသက်ရောက်စေမည်။ စက်ဆုပ်ရွံရှာဖွယ်သော အမှုရှိသမျှတို့အပေါ်မှာ ဆိုးညစ်သောအကြံကို ထပ်၍ ထိုအကြံအတိုင်းမပြုရ။ စကားပုံကိုသုံးတတ်သော သူအပေါင်းတို့က၊ အမိကဲ့သို့ သမီးဖြစ်၏ဟု သင့်ကိုရည်မှတ်၍ စကားပုံကို ပြောကြလိမ့်မည်။ သင်သည် လင်နှင့် သားသမီးကို ရွံရှာသောမိန်းမ၏သမီးဖြစ်၏။ လင်နှင့် သားသမီးကို ရွံရှာသော မိန်းမ၏ ညီမလည်းဖြစ်၏။ သင့်အမိသည် ဟိတ္တိအမျိုး၊ သင့်အဘသည် အာမောရိလူဖြစ်၏။ သင့်အစ်မသည် မိမိသမီးတို့နှင့်တကွ သင့်လက်ဝဲဘက်၌နေသော ရှမာရိမြို့ဖြစ်၏။ သင့်ထက် အသက်ငယ်သော သင်၏ညီမသည် မိမိသမီးတို့နှင့်တကွ သင့်လက်ယာဘက်၌နေသော သောဒုံမြို့ဖြစ်၏။ သို့ရာတွင်၊ သင်သည် သူတို့ထုံးစံကိုမလိုက်၊ သူတို့ပြုသော ရွံရှာဖွယ်အမှုမျှသာ ပြုသည်မဟုတ်၊ ထိုအမှုကို သာမညအမှုဟူ၍ ထင်မှတ်သဖြင့်၊ သင်သည်အရာရာ၌ သူတို့ထက်သာ၍ ဆိုးညစ်ပေ၏။ ငါအသက်ရှင်သည်အတိုင်း၊ သင်သည် ကိုယ်သမီးတို့နှင့်တကွ ပြုသကဲ့သို့၊ ညီမသောဒုံနှင့် သူ၏သမီးတို့သည် မပြုကြ။ သင့်ညီမသောဒုံ၏အပြစ်ဟူမူကား၊ သူနှင့် သူ့သမီးတို့သည် မာနကြီးခြင်း၊ ဝစွာစားသောက်ခြင်း၊ ငြိမ်ဝပ်စွာကောင်းစားခြင်းရှိ၍၊ ဆင်းရဲငတ်မွတ်သော သူတို့ကို မထောက်ပံ့ဘဲနေကြ၏။ မာနထောင်လွှား၍ ငါ့ရှေ့မှာ စက်ဆုပ်ရွံရှာဖွယ်သော အမှုတို့ကိုပြုကြ၏။ ထိုကြောင့်၊ သင်မြင်သည် အတိုင်းသူတို့ကို ငါပယ်ရှင်းပြီ။ ရှမာရိသည်လည်း၊ သင်ပြုမိသော ဒုစရိုက်တစ်ဝက်ကိုမျှမပြုမိ။ သင်မူကား၊ ညီအစ်မတို့၏အပြစ်ကို မထင်ရှားစေသည်တိုင်အောင်၊ စက်ဆုပ်ရွံရှာဖွယ်သော အမှုတို့ကို သူတို့ထက်မက များပြားစွာပြုလေပြီတကား။ သင်သည် ညီအစ်မတို့ကို အပြစ်တင်၍ စီရင်လျက်ပင်၊ သူတို့ပြုသည်ထက် စက်ဆုပ်ရွံရှာဖွယ်သော အမှုတို့ကို သာ၍ပြုသောကြောင့်၊ အရှက်ကွဲခြင်းကိုခံလော့။ သူတို့သည် သင့်ထက်သာ၍ အပြစ်နည်းကြ၏။ သင်မူကား၊ ညီအစ်မတို့၏အပြစ်ကို မထင်ရှားစေသည်တိုင်အောင်ပြုသောကြောင့် စိတ်ပျက်၍ အရှက်ကွဲခြင်းကို ခံလော့။ သိမ်းသွားခြင်းကိုခံရသော သောဒုံနှင့် သူ၏ သမီးများ၊ ရှမာရိနှင့် သူ၏သမီးများကို တစ်ဖန် ငါဆောင်ခဲ့သောအခါ၊ သိမ်းသွားခြင်းကို ခံရသော သင်၏လူတို့ကို သူတို့နှင့်အတူ ငါဆောင်ခဲ့မည်။ သို့ဖြစ်၍၊ သင်သည် သူတို့ကိုနှစ်သိမ့်စေ၍၊ ပြုလေသမျှတို့ကြောင့် စိတ်ပျက်လျက် အရှက်ကွဲခြင်းကို ခံရလိမ့်မည်။ သင်၏ညီအစ်မသောဒုံနှင့် သူ၏သမီးများ၊ ရှမာရိနှင့် သူ၏သမီးများတို့သည် အရင်နေရာသို့ ပြန်ရောက်သောအခါ၊ သင်သည်လည်း သင်၏သမီးတို့နှင့်တကွ အရင်နေရာသို့ ပြန်ရောက်ရလိမ့်မည်။ ရှုရိသမီးများနှင့် သူတို့ပတ်လည်၌နေသော သူအပေါင်းတို့သည် သင့်ကိုကဲ့ရဲ့၍၊ သင့်ပတ်လည်၌ နေသော ဖိလိတ္တိသမီးများတို့သည် မထီမဲ့မြင်ပြုကြသဖြင့်၊ သင်ပြုသောဒုစရိုက်အပြစ် မထင်ရှားမီ သင်သည် မာနထောင်လွှားစဉ် ကာလတွင်၊ သင့်ညီမသောဒုံ၏နာမကို အလျှင်းနှုတ်မမြွက်။ ယခုမူကား၊ သင်သည် ကိုယ်ဆိုးညစ်သောအမှုနှင့် စက်ဆုပ်ရွံရှာဖွယ်သော အမှုတို့၏အပြစ်ကို ခံရမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် ဝန်ခံခြင်းပဋိညာဉ်ကို ဖျက်လိုသောငှာ၊ သစ္စာကတိကို မရိုမသေပြုသည်နှင့်အညီ သင်၌ငါပြုမည်။ သို့သော်လည်း၊ ငါသည် သင့်အသက်ငယ်စဉ်၊ ဖွဲ့သောပဋိညာဉ်ကို အောက်မေ့၍၊ တစ်ဖန် ထာဝရပဋိညာဉ်ကိုသင်နှင့် ဖွဲ့ဦးမည်။ သင်သည် ဝန်ခံခြင်းပဋိညာဉ်ကို မစောင့်ရသော်လည်း၊ ပဋိညာဉ်အားဖြင့် သင်၏ညီအစ်မတို့ကို သင်၏သမီးဖြစ်ဖို့ရာ ငါပေး၍၊ သင်သည် ထိုသူတို့ကိုလက်ခံသောအခါ၊ သင်ပြုမိသောအမှုများကို အောက်မေ့၍ ရှက်ကြောက်ရလိမ့်မည်။ ထိုအခါ ငါ၏ပဋိညာဉ်ကို သင်နှင့် ငါဖွဲ့မည်။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်သိရလိမ့်မည်။ သင်ပြုဖူးသမျှသော အမှုတို့ကို ငါမမှတ်။ စိတ်ပြေသောအခါ သင်သည်အောက်မေ့၍ ရှက်ကြောက်ခြင်းနှင့် မျက်နှာပျက်ခြင်းကြောင့်၊ နှုတ်ကိုမဖွင့်ဘဲနေရလိမ့်မည်ဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။
ယေဇကျေလ 16 ကို ဖတ်ရှုရန်
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ယေဇကျေလ 16:1-63
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ