တစ်ဖန်ထာဝရဘုရားက၊ နံနက်စောစောထ၍၊ ဖာရောဘုရင်ရှေ့မှာရပ်လျက်၊ ဟေဗြဲလူတို့၏ဘုရားသခင်ထာဝရဘုရားက၊ ငါ၏လူတို့သည် ငါ့အားဝတ်ပြုမည်အကြောင်း၊ သွားရသောအခွင့်ကိုပေးလော့။ သို့မဟုတ် ယခုကာလအခါသင်၏နှလုံး၌လည်းကောင်း၊ သင်၏ကျွန်များ၊ လူများ၌လည်းကောင်း၊ ငါ၏ဘေးဒဏ်အလုံးစုံတို့ကို သင့်ရောက်စေမည်။ မြေကြီးတစ်လျှောက်လုံး၌ ငါကဲ့သို့သောသူမရှိကြောင်းကို သင်သည်သိရလိမ့်မည်။ ငါ့လက်ကိုငါဆန့်၍ သင်နှင့်သင်၏လူတို့ကို ကာလနာဖြင့် ဒဏ်ခတ်မည်။ သင့်ကိုလည်းမြေကြီးပေါ်က သုတ်သင်ပယ်ရှင်းမည်။ အကယ်စင်စစ် ငါ့တန်ခိုးကို သင်၌ငါပြခြင်းငှာလည်းကောင်း၊ ငါ့နာမကို မြေကြီးတစ်ပြင်လုံးတွင် ကျော်စောစေခြင်းငှာလည်းကောင်း၊ သင့်ကိုငါချီးမြှောက်ခဲ့ပြီ။ သင်သည်ငါ၏လူတို့ကိုမလွှတ်ဘဲ၊ သူတို့ကိုစော်ကားသေးသလော။ ကြည့်ရှုလော့။ အဲဂုတ္တုပြည်တည်သည်ကာလမှစ၍ ယခုတိုင်အောင် မရွာဖူးသော အလွန်ကြီးစွာသော မိုးသီးရွာခြင်းကို နက်ဖြန်နေ့ဤအချိန်၌ ငါဖြစ်စေမည်။ ထိုကြောင့် ယခုစေလွှတ်၍၊ လယ်ပြင်၌ရှိသော တိရစ္ဆာန်များနှင့် ရှိလေသမျှတို့ကို သိမ်းယူလော့။ အိမ်သို့မဆောင်လျှင်၊ လယ်ပြင်၌ တွေ့သမျှသောလူနှင့် တိရစ္ဆာန်တို့အပေါ်မှာမိုးသီးကျ၍၊ သူတို့သည် သေကြလိမ့်မည်အကြောင်းကိုပြောလော့ဟု မောရှေအား မိန့်တော်မူ၏။ ထာဝရဘုရား၏နှုတ်ကပတ်တော်ကို ကြောက်ရွံ့သော ဖာရောဘုရင်၏ကျွန်တို့သည်၊ မိမိကျွန်နှင့် မိမိတိရစ္ဆာန်တို့ကို အိမ်သို့ပြေးစေကြ၏။
ထွက်မြောက်ရာ 9 ကို ဖတ်ရှုရန်
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ထွက်မြောက်ရာ 9:13-20
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ