ထိုအခါ မောရှေ၊ အာရုန်၊ နာဒပ်၊ အဘိဟုအစရှိသော ဣသရေလအမျိုး အသက်ကြီးသူ ခုနစ်ကျိပ်တို့သည်တက်၍၊ ဣသရေလအမျိုး၏ဘုရားသခင်ကို မြင်ကြ၏။ ခြေတော်အောက်၌ နီလာကျောက်ဖြင့်ပြီးသော ကျောက်ခင်းကဲ့သို့လည်းကောင်း၊ ကြည်လင်သော ကောင်းကင်မျက်နှာကဲ့သို့လည်းကောင်း ထင်လေ၏။ ဣသရေလအမျိုးသားမှူးမတ်တို့ကို အပြစ်ပေးတော်မမူ။ သူတို့သည် ဘုရားသခင်ကိုမြင်ရသော်လည်း၊ စားသောက်လျက်နေကြ၏။ ထာဝရဘုရားကလည်း၊ ငါရှိရာတောင်ပေါ်သို့ တက်၍နေလော့။ လူများတို့အား သွန်သင်ဖို့ရာ ကျောက်ပြားပေါ်မှာ ငါရေးထားသောပညတ်တရားများကို သင်၌ ငါအပ်ပေးမည်ဟု မောရှေအားမိန့်တော်မူလျှင်၊ မောရှေသည် မိမိလက်ထောက်ယောရှုနှင့်အတူထ၍ ဘုရားသခင်၏ တောင်တော်ပေါ်သို့ တက်သွား၏။ အသက်ကြီးသူတို့အားလည်း၊ ငါတို့မလာမီတိုင်အောင် ဤအရပ်၌ ငံ့နေကြလော့။ အာရုန်နှင့်ဟုရသည် သင်တို့၌ရှိသည်ဖြစ်၍၊ မည်သည့်သူမဆို အမှုအခင်းရှိလျှင်၊ သူတို့ထံသို့သွားစေဟု မှာထားလေ၏။ မောရှေသည်တောင်တော်ပေါ်သို့တက်၍၊ မိုးတိမ်သည် တောင်တော်ကို လွှမ်းမိုး၏။ ထာဝရဘုရား၏ဘုန်းတော်သည် သိနာတောင်ပေါ်မှာထိ၍၊ မိုးတိမ်သည် ခြောက်ရက်ပတ်လုံးလွှမ်းမိုး၏။ သတ္တမနေ့ရက်၌ မိုးတိမ်အထဲက အသံတော်ထွက်၍၊ မောရှေကိုခေါ်တော်မူ၏။ ထာဝရဘုရား၏ဘုန်းတော်သည် တောင်ထိပ်ပေါ်မှာ လောင်သောမီးကဲ့သို့ ထင်၍၊ ဣသရေလအမျိုးသားတို့သည် မြင်ရကြ၏။ မောရှေသည် မိုးတိမ်အထဲသို့ဝင်သဖြင့် တောင်ပေါ်သို့ရောက်၍ အရက်လေးဆယ်ပတ်လုံး တောင်ပေါ်မှာနေလေ၏။
ထွက်မြောက်ရာ 24 ကို ဖတ်ရှုရန်
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ထွက်မြောက်ရာ 24:9-18
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ