ထိုနေ့ချင်းတွင်၊ ရှင်ဘုရင်အာရွှေရုသည် ယုဒအမျိုး၏ ရန်သူဟာမန်အိမ်ကို မိဖုရားဧသတာအား ပေးတော်မူ၏။ ဧသတာသည် မော်ဒကဲနှင့် အဘယ်သို့ ပေါက်ဖော်တော်သည်ကို ဧသတာလျှောက်သဖြင့်၊ မော်ဒကဲသည် ရှင်ဘုရင်ထံတော်သို့ ဝင်ရ၏။ ရှင်ဘုရင်သည်လည်း၊ ဟာမန်လက်မှနုတ်သော လက်စွပ်တော်ကို တစ်ဖန်ချွတ်၍ မော်ဒကဲအား ပေးတော်မူ၏။ ဧသတာလည်း၊ ဟာမန်အိမ်ကို မော်ဒကဲ၌ အပ်လေ၏။ တစ်ဖန် ဧသတာသည် ရှင်ဘုရင်ခြေတော်ရင်း၌ ပျပ်ဝပ်၍၊ အာဂတ်အမျိုး ဟာမန်ပြုသောအပြစ်၊ ယုဒအမျိုးတစ်ဖက်၌ ကြံစည်သောအကြံအစည်ကို ပယ်တော်မူမည်အကြောင်း၊ မျက်ရည်ကျလျက် တောင်းပန်လေ၏။ ရှင်ဘုရင်သည် ရွှေရာဇလှံတံကို ဧသတာသို့ ကမ်းတော်မူသဖြင့်၊ ဧသတာသည်ထ၍ ရှင်ဘုရင်ရှေ့တော်၌ ရပ်လျက်၊ အရှင်မင်းကြီး အလိုတော်ရှိ၍၊ ကျွန်တော်မကို စိတ်နှင့် တွေ့တော်မူလျှင်လည်းကောင်း၊ ကျွန်တော်မအမှုသည် ရှေ့တော်၌ လျောက်ပတ်၍ ကိုယ်တော်သည် ကျွန်တော်မကိုလည်း ချစ်တော်မူလျှင်လည်းကောင်း၊ နိုင်ငံတော်အတိုင်းတိုင်း အပြည်ပြည်တို့၌ရှိသော ယုဒလူတို့ကို ဖျက်ဆီးခြင်းငှာ၊ အာဂတ်အမျိုး ဟမ္မေဒါသသား ဟာမန်စီရင်သောစာကို ပယ်မည်အကြောင်း၊ ထပ်၍ စာရေးစေတော်မူပါ။ ကျွန်တော်မအမျိုးအပေါ်သို့ ရောက်ရသော ဘေးကိုလည်းကောင်း၊ ကျွန်တော်မအမျိုးသားချင်း ပျက်စီးသော အမှုကိုလည်းကောင်း၊ ကျွန်တော်မသည် ကြည့်ရှုခြင်းငှာ၊ အဘယ်သို့ တတ်နိုင်ပါအံ့နည်းဟု လျှောက်ဆို၏။ ရှင်ဘုရင် အာရွှေရုကလည်း၊ ဟာမန်သည် ယုဒလူတို့ကို ထိခိုက်သောကြောင့်၊ သူ၏အိမ်ကို မိဖုရားဧသတာအား ငါပေးပြီ။ ထိုသူကိုလည်း လည်ဆွဲချတိုင်၌ ကွပ်မျက်စေပြီ။ သို့ရာတွင် ရှင်ဘုရင်လက်စွပ်နှင့် တံဆိပ်ခတ်သော ရှင်ဘုရင် အမိန့်တော်စာကို အဘယ်သူမျှ မပယ်ရသည်ဖြစ်၍၊ စိတ်ရှိသည်အတိုင်း ယုဒလူတို့အဖို့ အမိန့်တော်စာကို တစ်ဖန်ရေး၍၊ လက်စွပ်တော်နှင့် တံဆိပ်ခတ်ရမည်ဟု မိဖုရားဧသတာနှင့် ယုဒလူမော်ဒကဲတို့အား မိန့်တော်မူ၏။
ဧသတာ 8 ကို ဖတ်ရှုရန်
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဧသတာ 8:1-8
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ