မိန့်မြွက်တော်မူသောစကားဟူမူကား၊ ငါသည် သင့်ကို ကျွန်ခံနေရာအဲဂုတ္တုပြည်မှ ကယ်နုတ်ဆောင်ယူခဲ့ပြီးသော သင်၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။ ငါမှတစ်ပါး အခြားသောဘုရားကို မကိုးကွယ်နှင့်။ အထက် မိုးကောင်းကင်၌လည်းကောင်း၊ အောက်အရပ် မြေကြီးပေါ်၌လည်းကောင်း၊ မြေကြီးအောက် ရေထဲ၌လည်းကောင်း ရှိသောအရာနှင့် ပုံသဏ္ဌာန်တူစွာ ရုပ်တုဆင်းတုကို ကိုယ်အဖို့မလုပ်နှင့်။ ဦးမချ၊ ဝတ်မပြုနှင့်။ အကြောင်းမူကား၊ သင်၏ဘုရားသခင်၊ ငါထာဝရဘုရားသည် သင်၌အပြစ်ရှိသည်ဟု ယုံလွယ်သောဘုရား၊ ငါ့ကိုမုန်းသောသူတို့၏ အမျိုးအစဉ်အဆက်၊ တတိယအဆက်၊ စတုတ္ထအဆက်တိုင်အောင်၊ အဘတို့၏အပြစ်ကို သားတို့၌ ဆပ်ပေးစီရင်သောဘုရား၊ ငါ့ကိုချစ်၍ ငါ့ပညတ်တို့ကိုကျင့်သောသူတို့၏ အမျိုးအစဉ်အဆက် အထောင်အသောင်းတိုင်အောင် ကရုဏာကိုပြသောဘုရားဖြစ်၏။ သင်၏ဘုရားသခင် ထာဝရဘုရား၏နာမတော်ကို မုသားနှင့်ဆိုင်၍ မမြွက်မဆိုနှင့်။ အကြောင်းမူကား၊ နာမတော်ကို မုသားနှင့်ဆိုင်၍ မြွက်ဆိုသောသူကို အပြစ်မရှိဟု ထာဝရဘုရားမှတ်တော်မမူ။ သင်၏ ဘုရားသခင်ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ ဥပုသ်နေ့ကို သန့်ရှင်းစေခြင်းငှာ၊ ထိုနေ့ရက်ကိုစောင့်လော့။ ခြောက်ရက်ပတ်လုံး အလုပ်မျိုးကို ကြိုးစား၍လုပ်ဆောင်လော့။ သတ္တမနေ့ရက်သည် သင်၏ဘုရားသခင် ထာဝရဘုရား၏ဥပုသ်နေ့ဖြစ်၏။ ထိုနေ့၌ သင်မှစ၍သင်၏သားသမီး၊ ကျွန်ယောက်ျား မိန်းမ၊ နွားမြည်းအစရှိသော သင်၏တိရစ္ဆာန်၊ သင်၏တံခါးအတွင်း၌နေသော ဧည့်သည်အာဂန္တုသည် အလုပ်မလုပ်ရ။ သင်သည် ငြိမ်ဝပ်စွာနေသကဲ့သို့၊ သင်၏ကျွန်ယောက်ျား မိန်းမတို့သည် ငြိမ်ဝပ်စွာနေရကြမည်။ သင်သည် အဲဂုတ္တုပြည်၌ ကျွန်ခံကြောင်းကိုလည်းကောင်း၊ သင်၏ဘုရားသခင် ထာဝရဘုရားသည် အားကြီးသော လက်ရုံးတော်ကိုဆန့်၍၊ ထိုပြည်မှ သင့်ကိုနုတ်ဆောင်တော်မူကြောင်းကိုလည်းကောင်း အောက်မေ့လော့။ ထိုအကြောင်းကြောင့်၊ သင်သည် ဥပုသ်နေ့ကိုစောင့်ရမည်ဟု သင်၏ ဘုရားသခင်ထာဝရဘုရားမှာထားတော်မူ၏။ သင်၏ ဘုရားသခင်ထာဝရဘုရား ပေးသနားတော်မူသောပြည်၌ သင်သည် အသက်တာရှည်၍ ကောင်းစားရမည်အကြောင်း၊ သင်၏ ဘုရားသခင်ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ သင်၏မိဘကို ရိုသေစွာပြုလော့။ လူအသက်ကို မသတ်နှင့်။ သူ့မယားကို မပြစ်မှားနှင့်။ သူ့ဥစ္စာကို မခိုးနှင့်။ ကိုယ်နှင့်စပ်ဆိုင်သောသူတစ်ဖက်၌ မမှန်သောသက်သေကို မခံနှင့်။ ကိုယ်နှင့်စပ်ဆိုင်သောသူ၏မယားကို တပ်မက်သောစိတ် မရှိစေနှင့်။ ကိုယ်နှင့်စပ်ဆိုင်သောသူ၏အိမ်၊ လယ်ယာ၊ ကျွန်ယောက်ျား မိန်းမ၊ နွားမြည်းမှစ၍ ကိုယ်နှင့်စပ်ဆိုင်သောသူ၏ဥစ္စာ တစ်စုံတစ်ခုကိုမျှ တပ်မက်လိုချင်သောစိတ် မရှိစေနှင့်ဟု မိန့်တော်မူ၏။
တရားဟောရာ 5 ကို ဖတ်ရှုရန်
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: တရားဟောရာ 5:6-21
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ