ထိုအခါ ငါတို့သိမ်းယူသောမြေကို၊ အာနုန်မြစ်နားတွင်ရှိသော အာရော်မြို့မှစ၍ ဂိလဒ်တောင်တစ်ဝက်တိုင်အောင်၊ မြို့များနှင့်တကွ ရုဗင်အမျိုးသား၊ ဂဒ်အမျိုးသားတို့အား ငါပေး၏။ ဂိလဒ်တောင်တစ်ဝက်နှင့် ဩဃမင်းအစိုးရသော နိုင်ငံအဝင်၊ အလွန်ကြီးမားသော လူမျိုးနေရာဟူ၍ ခေါ်ဝေါ်သောအာဂေါဘတိုင်း၊ ဗာရှန်ပြည်တစ်ပြည်လုံးကို မနာရှေအမျိုးသားတစ်ဝက်အား ငါပေး၏။ မနာရှေအမျိုးသား ယာဣရသည်၊ အာဂေါဘတိုင်းတစ်တိုင်းလုံးကို ဂေရှုရရွာ၊ မာခါရွာအထိသိမ်းယူပြီးမှ၊ ယနေ့တိုင်အောင် မိမိအမည်ကိုလိုက်၍ ဗာရှန်ဟာဝုတ်ယာဣရပြည်ဟု သမုတ်လေ၏။ ဂိလဒ်မြို့ကိုကား၊ မာခိရအမျိုးသားတို့အားငါပေး၏။ ရုဗင်အမျိုးသား၊ ဂဒ်အမျိုးသားတို့အားလည်း၊ ဂိလဒ်မြို့မှ အာနုန်မြစ်တိုင်အောင်၊ မြစ်ကွေ့သောမြေနှင့်တကွ၊ အမ္မုန်ပြည်အပိုင်းအခြားဖြစ်သော ယဗ္ဗုတ်မြစ်တိုင်အောင် မြေတစ်လျှောက်လုံးကိုလည်းကောင်း၊ လွင်ပြင်နှင့်တကွ ယော်ဒန်မြစ်နား၊ ဂင်္နေသရက်အရပ်မှ လွင်ပြင်နှင့်ဆိုင်သော သောဒုံအိုင်အရှေ့၊ အာဇုတ်ဝိသဂါမြို့တိုင်အောင်၊ မြေတစ်လျှောက်လုံးကိုလည်းကောင်း ငါပေး၏။ ထိုအခါ ငါက၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် ဤမြေကို သင်တို့အားအပိုင်ပေးတော်မူပြီ။ သို့ရာတွင် စစ်တိုက်တတ်သောသူအပေါင်းတို့သည် လက်နက်ကိုကိုင်၍၊ သင်တို့ညီအစ်ကို ဣသရေလအမျိုးသားတို့ရှေ့မှာ ကူးသွားရကြမည်။ ထာဝရဘုရားသည် သင်တို့အား ချမ်းသာပေးတော်မူသည်နည်းတူ၊ ညီအစ်ကိုတို့အား ပေးတော်မမူမီတိုင်အောင်လည်းကောင်း၊ ယော်ဒန်မြစ်တစ်ဖက်၌ သင်တို့၏ ဘုရားသခင်ထာဝရဘုရားပေးတော်မူသောမြေကို သူတို့သည် မသိမ်းမယူမီတိုင်အောင်လည်းကောင်း၊ သင်တို့မယား၊ သားသူငယ်များ၊ တိရစ္ဆာန်များတို့သည် ငါပေးသောမြို့တို့၌ နေရကြမည်။ သင်တို့တွင် တိရစ္ဆာန်များစွာရှိသည်ကို ငါသိ၏။ အမှုပြီးမှ ငါပေးနှင့်သည်အတိုင်း၊ သင်တို့ရှိသမျှသည် အသီးအသီး ပိုင်ထိုက်သောမြေသို့ ပြန်လာရကြမည်ဟု သင်တို့အားငါမှာထား၏။ ထိုအခါယောရှုကိုလည်း၊ သင်၏ဘုရားသခင်ထာဝရဘုရားသည် ဤရှင်ဘုရင်နှစ်ပါး၌ ပြုတော်မူသောအမှုအလုံးစုံကို သင်သည်ကိုယ်တိုင်မြင်ရပြီ။ ထိုအတူ၊ ထာဝရဘုရားသည် သင်ရောက်သမျှသောတိုင်းနိုင်ငံတို့၌ ပြုတော်မူလိမ့်မည်။ ထိုသူတို့ကို မကြောက်နှင့်။ သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်ဘက်၌ စစ်ကူတော်မူမည်ဟု ငါမှာထားလေ၏။
တရားဟောရာ 3 ကို ဖတ်ရှုရန်
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: တရားဟောရာ 3:12-22
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ