အို ဣသရေလအမျိုးသားတို့၊ အဲဂုတ္တုပြည်မှ ငါနုတ်ဆောင်သော အမျိုးသားအပေါင်းတို့၊ သင်တို့ကို ရည်မှတ်၍ ငါထာဝရဘုရား မိန့်တော်မူသောစကားကို နားထောင်ကြလော့။ မြေကြီးပေါ်မှာနေသော အမျိုးသားအပေါင်းတို့တွင် သင်တို့ တစ်မျိုးတည်းကိုသာ ငါလက်ခံသောကြောင့်၊ သင်တို့အပြစ် ရှိသမျှတို့ကို ငါစစ်ကြောမည်။ လူနှစ်ဦးသည် သဘောမတူလျှင်၊ ပေါင်းဖော်၍ ခရီးသွားနိုင်သလော။ ခြင်္သေ့သည် ဖမ်းစရာမရှိလျှင်၊ တော၌ ဟောက်လိမ့်မည်လော။ ခြင်္သေ့ပျိုသည် အဘယ်အရာကိုမျှ မဖမ်းမိလျှင်၊ တွင်းထဲက အသံပြုလိမ့်မည်လော။ မြေပေါ်မှာ ကျော့ကွင်းနှင့်မထောင်လျှင်၊ ငှက်ကို ကျော့မိလိမ့်မည်လော။ ထောင်ထားသောကျော့ကွင်း၌ အဘယ်အရာကိုမျှမရမီ ထောင်ထားရာအရပ်မှ နုတ်သွားလိမ့်မည်လော။ မြို့ထဲမှာ တံပိုးမှုတ်လျှင်၊ မြို့သားတို့သည် မကြောက်မလန့်ဘဲနေကြလိမ့်မည်လော။ ထာဝရဘုရား စီရင်တော်မမူဘဲ ဘေးတစ်စုံတစ်ခုသည် မြို့ထဲမှာ ရောက်လိမ့်မည်လော။ အကယ်စင်စစ် အရှင်ထာဝရဘုရားသည် မိမိကျွန် ပရောဖက်တို့အားမဖော်မပြဘဲ အဘယ်အမှုကိုမျှ စီရင်တော်မမူ။ ခြင်္သေ့ဟောက်သောအခါ၊ အဘယ်သူမျှ မကြောက်မလန့်ဘဲနေလိမ့်မည်နည်း။ အရှင်ထာဝရ ဘုရားမိန့်တော်မူသောအခါ၊ အဘယ်သူသည် ပရောဖက်မပြုဘဲနေလိမ့်မည်နည်း။ အာဇုတ်မြို့ ဘုံဗိမာန်တို့နှင့် အဲဂုတ္တုပြည်ဘုံဗိမာန်တို့တွင် သတင်းကြားပြောရမည်မှာ၊ ရှမာရိတောင်တို့ အပေါ်မှာစုဝေး၍၊ ရှမာရိမြို့ထဲမှာ ရုန်းရင်းခတ်ခြင်းအမှုကိုလည်းကောင်း၊ မြို့ထဲမှာ ညှဉ်းဆဲခံရသော သူတို့ကိုလည်းကောင်း ကြည့်ရှုကြလော့။ မြို့သားတို့သည် တရားသောအမှုကို မပြုတတ်၊ အနိုင်အထက်ပြု၍ လုယူသောဥစ္စာကို ဘုံဗိမာန်တို့၌ သိုထားတတ်ကြသည်ဟု ထာဝရဘုရားမိန့်တော်မူ၏။ ထိုကြောင့်၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ရန်သူတို့သည် ရှမာရိပြည်ကိုဝိုင်းပြီးလျှင်၊ သင်၏အစွမ်းသတ္တိကို နှိမ့်ချ၍၊ ဗိမာန်တို့ကို ဖြိုဖျက်ကြလိမ့်မည်။
အာမုတ် 3 ကို ဖတ်ရှုရန်
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: အာမုတ် 3:1-11
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ