ညီအစ်ကို၊ အဘတို့၊ အကျွန်ုပ်သည် ကိုယ်အပြစ်ဖြေရာ စကားကို သင်တို့ရှေ့မှာ ယခုပြောစဉ်တွင် နားထောင်ကြပါဟု ဆိုလေသော်၊- ဟေဗြဲဘာသာအားဖြင့် ပြောသည်ကို ထိုသူတို့သည် ကြားလျှင် သာ၍ အလွန်တိတ်ဆိတ်စွာနေကြ၏။ ပေါလုကလည်း၊ အကျွန်ုပ်သည် ကိလိကိပြည် တာရှုမြို့၌ မွေးဖွားသော ယုဒလူဖြစ်ပါ၏။ ဤမြို့မှာလည်း၊ ဂါမလျေလအမည်ရှိသော ဆရာ၏ခြေရင်း၌ ကျွေးမွေးခြင်းကိုခံ၍ မိစဉ်ဘဆက်ကျင့်သော တရားကို သေချာစွာသိနားလည်ခြင်းငှာ နည်းဥပဒေသကိုခံပါပြီ။ သင်တို့ ရှိသမျှသည် ယနေ့တိုင်အောင် ဘုရားသခင်ဘက်၌ စိတ်အားကြီးသည်နည်းတူ၊ အကျွန်ုပ်လည်း စိတ်အားကြီးသဖြင့်၊- ယောက်ျားမိန်းမတို့ကို ချည်နှောင်၍ ထောင်ထဲမှာ လှောင်ထားလျက် အသေသတ်ခြင်းသို့ တိုင်အောင်၊ ထိုဘာသာကိုညှဉ်းဆဲပါပြီ။- ထိုကဲ့သို့ပင် ယဇ်ပုရောဟိတ်မင်းမှစ၍ လူအကြီးအကဲအပေါင်းတို့သည် အကျွန်ုပ်ဘက်၌ သက်သေဖြစ်ကြပါ၏။ သူတို့ထံမှလည်း အကျွန်ုပ်သည် ညီအစ်ကိုတို့ထံသို့ မှာစာကိုခံပြီးမှ၊ ဒမာသက်မြို့၌ရှိသော ထိုဘာသာဝင်သူတို့ကို ဒဏ်ခံစေခြင်းငှာ ချည်နှောင်၍ ယေရုရှလင်မြို့သို့ပို့မည်ဟု ဒမာသက်မြို့သို့ အကျွန်ုပ်သွားပါ၏။ လမ်း၌သွား၍ ဒမာသက်မြို့အနီးသို့ ရောက်သောအခါ၊ မွန်းတည့်အချိန်တွင် ကောင်းကင်ထဲက ကြီးသောအလင်းသည် အကျွန်ုပ် ပတ်လည်၌ ရုတ်ခနဲ ထွန်းတောက်ပါ၏။- အကျွန်ုပ်သည် မြေပေါ်မှာလဲ၍ နေစဉ်၊ ရှောလု၊ ရှောလု၊ အဘယ်ကြောင့်ငါ့ကို ညှဉ်းဆဲသနည်းဟု အကျွန်ုပ်အား ပြောသောစကားသံကိုကြားလျှင်၊- သခင်၊ ကိုယ်တော်သည် အဘယ်သူနည်းဟု အကျွန်ုပ်ပြန်၍ မေးလျှောက်သော်၊ ငါကား၊ သင်ညှဥ်းဆဲသော နာဇရက်မြို့သားယေရှုဖြစ် သတည်းဟု မိန့်တော်မူ၏။- အကျွန်ုပ်နှင့်ပါသောသူတို့သည် ထိုအလင်းကိုမြင်၍ ကြောက်ရွံ့ခြင်းသို့ရောက်သော်လည်း၊ အကျွန်ုပ်အားပြောသောသူ၏ စကားသံကို မကြားမသိရကြ။- ထိုအခါ အကျွန်ုပ်ကလည်း၊ သခင်၊ အကျွန်ုပ်သည် အဘယ်သို့ ပြုရပါမည်နည်းဟု လျှောက်လျှင်၊ သခင်ဘုရားက၊ ထလော့။ ဒမာသက်မြို့သို့သွားလော့။ သင်ဆောင်ရွက်စရာဖို့ ခွဲခန့်စီမံသမျှတို့ကို ထိုမြို့၌ ပြောလိမ့်မည်ဟုမိန့်တော်မူ၏။- ထိုအလင်း၏ရောင်ခြည်အရှိန်အားဖြင့် အကျွန်ုပ်သည် မျက်စိကန်းသောကြောင့်၊ အကျွန်ုပ်နှင့် ပါသောသူတို့၏ လက်ဆွဲခြင်းကိုခံရ၍ ဒမာသက်မြို့သို့ ရောက်ပါ၏။ ထိုအခါ ပညတ်တရားနှင့်အညီ ဘုရားဝတ်၌မွေ့လျော်သောသူဖြစ်၍၊ ထိုမြို့မှာနေသောယုဒလူအပေါင်းတို့တွင် အသရေရှိသောသူ အာနနိသည်၊- အကျွန်ုပ်ဆီသို့လာ၍ အနား၌ရပ်လျက်၊ ညီရှောလု၊ တစ်ဖန်မျက်စိမြင်ခြင်းသို့ ရောက်လော့ဟုဆို၏။ ထိုခဏ၌ အကျွန်ုပ်သည် သူ့ကိုကြည့်ရှု၍မြင်ရ၏။- သူကလည်း၊ သင်သည်မြင်လေသမျှ၊ ကြားလေသမျှတို့ကို လူအပေါင်းတို့အားပြော၍ သခင်ဘုရား၏ သက်သေခံဖြစ်ရမည် အကြောင်း၊- သင်သည် ဘုရားသခင်၏ အလိုတော်ကို သိစေခြင်းငှာလည်းကောင်း၊ ဖြောင့်မတ်တော်မူသောသူကိုမြင်၍ နှုတ်တော်ထွက်ကို ကြားစေခြင်းငှာလည်းကောင်း၊ ငါတို့ဘိုးဘေးများ၏ ဘုရားသခင်သည် သင့်ကို ခန့်ထားတော်မူ၏။- ယခုလည်း သင်သည် အဘယ်ကြောင့် ဆိုင်းလင့်၍ နေသနည်း။ ထလော့။ သခင်ဘုရားကို ပတ္ထနာပြုလျက် ဗတ္တိဇံကိုခံ၍၊ သင်၏အပြစ်များကို ဆေးကြောလော့ဟု ဆိုပါ၏။ ထိုနောက်မှ အကျွန်ုပ်သည် ယေရုရှလင်မြို့သို့ ပြန်၍၊ ဗိမာန်တော်၌ ဆုတောင်းစဉ် ဘဝင်ကျ၍ သခင်ဘုရားက၊ သင်သည်ကြိုးစား၍ ယေရုရှလင်မြို့မှ အလျင်အမြန် ထွက်သွားလော့။ ငါ၏အကြောင်းကို သင်သည်ပြော၍ သက်သေခံသော စကားကို ဤလူတို့သည် မခံဘဲနေကြလိမ့်မည်ဟု မိန့်တော်မူလျက်ရှိသည်ကို အကျွန်ုပ်မြင်လေ၏။- အကျွန်ုပ်ကလည်း၊ သခင်၊ ကိုယ်တော်ကို ယုံကြည်သောသူတို့ကို အကျွန်ုပ်ထောင်ထဲ၌ လှောင်ထား၍၊ တရားဇရပ်များ၌ ရိုက်သည်အကြောင်းကို သူတို့သိကြပါ၏။- ကိုယ်တော်၏ သက်သေခံဖြစ်သော သတေဖန်၏ အသွေးကို သွန်းသောအခါ အကျွန်ုပ်သည် အနား၌နေလျက်၊ ကွပ်မျက်ခြင်းအမှုကို ဝန်ခံ၍၊ ကွပ်မျက်သော သူတို့၏အဝတ်ကို စောင့်နေပါ၏ဟု၊- လျှောက်ဆိုလျှင်၊ သခင်ဘုရားက၊ သွားလော့။ ငါသည်တစ်ပါးအမျိုးသားတို့ရှိရာသို့ သင့်ကိုဝေးလှစွာ စေလွှတ်မည်ဟု အကျွန်ုပ်အား မိန့်တော်မူသည်ဟု ပေါလု မြွက်ဆို၏။
တမန်တော် 22 ကို ဖတ်ရှုရန်
နားထောင်ရန် တမန်တော် 22
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: တမန်တော် 22:1-21
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ