အန္တိအုတ်မြို့တွင်ရှိသော အသင်းတော်၌ ဗာနဗမှစ၍ နိဂါဟုခေါ်ဝေါ်သော ရှုမောင်၊ ကုရေနေပြည်သား လုကိ၊ စော်ဘွားဟေရုဒ်၏ သူငယ်ချင်းအရင်းဖြစ်သော မာနင်နှင့် ရှောလုတည်းဟူသော ပရောဖက်ပြုသူ၊ ဆရာပြုသူရှိကြ၏။- ထိုသူတို့သည် သခင်ဘုရားဝတ်ကိုပြု၍ အစာကိုရှောင်ကြစဉ်၊ သန့်ရှင်းသောဝိညာဉ်တော်က၊ ငါခန့်ထားသောအမှုကို ဆောင်ရွက် စေခြင်းငှာ ဗာနဗနှင့်ရှောလုတို့ကို ရွေးချယ်ခွဲထားကြလော့ဟု မိန့်တော်မူသည်အတိုင်း၊- အစာရှောင်၍ ပတ္ထနာပြုလျက်၊ ထိုသူတို့ခေါင်းပေါ်မှာ လက်ကိုတင်၍ လွှတ်လိုက်ကြ၏။ ထိုသို့သန့်ရှင်းသော ဝိညာဉ်တော် စေလွှတ်တော်မူသောအားဖြင့်၊ ထိုသူတို့သည် သေလုကိမြို့သို့သွား၍ ထိုမြို့မှ သင်္ဘောနှင့်လွှင့်သဖြင့်၊ ကုပရုကျွန်းသို့ ရောက်ကြ၏။- ရှာလမိမြို့၌ရှိနေစဉ်၊ ယုဒတရားဇရပ်များတွင် ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို ဟောပြောကြ၏။ ယောဟန်သည်လည်း ထိုသူတို့၏လက်ထောက် ဖြစ်သတည်း။- တစ်ကျွန်းလုံးကိုလျှောက်၍ ပါဖုမြို့သို့ရောက်လျှင်၊- ဗာယေရှုအမည်ရှိသော ယုဒအမျိုးသား မိစ္ဆာပရောဖက်ဖြစ်သော နတ်ဝိဇ္ဇာအတတ်သမားကို မြို့ဝန်မင်းသေရဂိပေါလုထံ၌ တွေ့ကြ၏။ ထိုမြို့ဝန်သည် ပညာသတိရှိသဖြင့်၊ ဗာနဗနှင့် ရှောလုတို့ကိုခေါ်ပင့်၍ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို နာလိုသောစိတ်ရှိသော်၊- အနက်အားဖြင့် နတ်ဝိဇ္ဇာအတတ်သမားဟု ဆိုလိုသော ဧလုမ အမည်ရှိသောထိုသူသည် မြို့ဝန်ကို ယုံကြည်ခြင်းမှ လွှဲအံ့သောငှာ တမန်တော်တို့ကို ဟန့်တားလေ၏။- ထိုအခါပေါလုဟု အမည်တွင်သော ရှောလုသည် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်သဖြင့်၊ ထိုနတ်ဝိဇ္ဇာအတတ်သမားကို စေ့စေ့ကြည့်ရှုလျက်၊- လှည့်ဖြားခြင်း၊ အကျိုးကိုဖျက်ခြင်း အမျိုးမျိုးနှင့်ပြည့်စုံသော မာရ်နတ်၏သား၊ ဖြောင့်မတ်ခြင်းတရား၏ရန်သူ၊ သင်သည် ထာဝရဘုရား၏ ဖြောင့်မတ်သောလမ်းခရီးတို့ကို မဖျက်ဆီးဘဲမနေနိုင်သလော။- ယခုပင် ထာဝရဘုရား၏ လက်တော်သည် သင့်အပေါ်သို့ရောက်၍၊ နေကိုမျှမမြင်နိုင်အောင် အင်တန်ကာလပတ်လုံး သင်၏ မျက်စိကွယ်လိမ့်မည်ဟု ပေါလုဆိုသော ခဏချင်းတွင် မျက်စိမြှေးယှက်၍ မှောင်မိုက်အတိဖြစ်သဖြင့်၊ လက်ဆွဲပေးသော သူတို့ကိုရှာလျက် တလည်လည်ရှိ၍နေ၏။- ထိုအကြောင်းအရာကို မြင်လျှင်၊ မြို့ဝန်သည် ယုံကြည်ခြင်းသို့ ရောက်၍၊ သခင်ဘုရား၏ ဒေသနာတော်ကို အလွန်အံ့ဩမိန်းမော၍ နေ၏။ ပေါလုနှင့် ပါသောသူတို့သည် ပါဖုမြို့မှလွှင့်၍ ပမ်ဖုလိပြည်၊ ပေရဂေမြို့သို့ရောက်ကြလျှင်၊ ယောဟန်သည် သူတို့ထံမှထွက်၍ ယေရုရှလင်မြို့သို့ ပြန်လေ၏။- ပေရဂေမြို့မှထွက်သွားပြန်၍ ပိသိဒိပြည်၊ အန္တိအုတ်မြို့သို့ ရောက်လျှင်၊ ဥပုသ်နေ့၌ တရားဇရပ်သို့ဝင်၍ ထိုင်ကြ၏။- ပညတ္တိကျမ်း၊ အနာဂတ္တိကျမ်းကို ဖတ်ရွတ်ပြီးမှ၊ တရားဇရပ်မှူးတို့သည်၊ ညီအစ်ကိုတို့၊ လူများအား ဆုံးမစရာစကားရှိလျှင် ဟောပြော ကြပါဟု လူကိုစေလွှတ်၍ ကြားပြောစေ၏။ ထိုအခါပေါလုသည်ထ၍ မိမိလက်နှင့် အမှတ်ပေးလျက်၊ ဣသရေလလူမှစ၍ ဘုရားသခင်ကို ကြောက်ရွံ့သောသူတို့၊ နားထောင်ကြလော့။- ဣသရေလအမျိုး၏ ဘုရားသခင်သည် ငါတို့ဘိုးဘေးများကို ရွေးကောက်တော်မူ၍၊ အဲဂုတ္တုပြည်၌ ဧည့်သည်ဖြစ်သော ထိုလူမျိုးကို ချီးမြှောက်သဖြင့်၊ ထင်ရှားသော လက်တော်နှင့် ထိုပြည်မှ နုတ်ဆောင်တော်မူ၏။- အနှစ်လေးဆယ်မျှလောက်သော ကာလပတ်လုံး တော၌ ကျွေးမွေးတော်မူ၏။- ခါနာန်ပြည်၌ လူခုနစ်မျိုးတို့ကို ပယ်ရှားပြီးလျှင်၊ ထိုပြည်ကို ဣသရေလအမျိုးအား အမွေပေးကမ်း ဝေငှတော်မူ၏။- ထိုနောက်မှ ပရောဖက်ရှမွေလမပေါ်မရှိမီ အနှစ်လေးရာငါးဆယ်မျှလောက်သော ကာလပတ်လုံး၊ တရားသူကြီးတို့ကို ပေးတော်မူ၏။- နောက်တစ်ဖန် ရှင်ဘုရင်ကို တောင်းကြသောအခါ ရှောလုအမည်ရှိသော ကိရှ၏သား၊ ဗင်္ယာမိန် အမျိုးဖြစ်သောသူကို အနှစ်လေးဆယ်ပတ်လုံး ပေးတော်မူ၏။- နောက်မှထိုသူကိုပယ်၍၊ ဣသရေလရှင်ဘုရင်အရာ၌ ဒါဝိဒ်ကို ချီးမြှောက်တော်မူ၏။ ထိုသူအား သက်သေခံတော်မူလျက်၊ စိတ်နှလုံး၌ ညီညွတ်သည်ဖြစ်၍ ငါ့အလိုကိုပြည့်စုံစေမည့်သူ၊ ယေရှဲ၏သားဒါဝိဒ်ကို ငါတွေ့ရပြီဟု မိန့်တော်မူ၏။
တမန်တော် 13 ကို ဖတ်ရှုရန်
နားထောင်ရန် တမန်တော် 13
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: တမန်တော် 13:1-22
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ