YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ဓမ္မရာဇဝင် 7:18-24

၂ ဓမ္မရာဇဝင် 7:18-24 JBMLE

ထို​အ​ခါ ဒါ​ဝိဒ်​မင်း​ကြီး​သည် အ​ထဲ​သို့​ဝင်၍ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ထိုင်​နေ​လျက်၊ အို​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​ကို ဤ​မျှ​လောက် ချီး​မြှောက်​တော်​မူ​မည်​အ​ကြောင်း၊ အ​ကျွန်ုပ်​သည် အ​ဘယ်​သို့​သော​သူ ဖြစ်​ပါ​သ​နည်း။ အ​ကျွန်ုပ်​အ​မျိုး​သည် အ​ဘယ်​သို့​သော​အ​မျိုး ဖြစ်​ပါ​သ​နည်း။ သို့​ရာ​တွင် အို​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ထို​ကျေး​ဇူး​တော်​ကို သာ​မ​ည​ကျေး​ဇူး​ဟု ထင်​မှတ်​တော်​မူ​သော​ကြောင့်၊ ကိုယ်​တော်​ကျွန်၏​အ​မျိုး​အ​နွယ်​ကို ကြာ​မြင့်​စွာ​သော​ကာ​လ​နှင့် ယှဉ်​လျက်​မိန့်​တော်​မူ​ပါ​သည်​တ​ကား။ အို​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ လူ​တို့​သည် ထို​သို့​စီ​ရင်​လေ့​ရှိ​ပါ​သ​လော။ ဒါ​ဝိဒ်​သည် အ​ဘယ်​သို့​တိုး​တက်၍ လျှောက်​ရ​ပါ​မည်​နည်း။ အို​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် ကိုယ်​တော်၏​ကျွန်​ကို​သိ​တော်​မူ၏။ နှုတ်​က​ပတ်​တော်​ကို​ထောက်၍၊ အ​လို​တော်​ရှိ​သည်​အ​တိုင်း ကိုယ်​တော်၏​ကျွန်​သိ​ရ​မည်​အ​ကြောင်း၊ ဤ​ကြီး​စွာ​သော အ​မှု​အ​လုံး​စုံ​တို့​ကို​ပြု​တော်​မူ​ပြီ။ သို့​ဖြစ်၍ အို​ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည် ကြီး​မြတ်​တော်​မူ၏။ အ​ကျွန်ုပ်​တို့ ကြား​သ​မျှ​အ​တိုင်း ကိုယ်​တော်​နှင့် တူ​သော​ဘု​ရား၊ ကိုယ်​တော်​မှ​တစ်​ပါး အ​ခြား​သော​ဘု​ရား​မည်​မျှ​မ​ရှိ​ပါ။ နာ​မ​တော်​ကို​ထင်​ရှား​စေ၍ အဲ​ဂု​တ္တု​ပြည်​အ​စ​ရှိ​သော အ​ခြား​သော​ပြည်​များ၊ သူ​တို့​ဘု​ရား​များ​တို့​မှ ရွေး​နုတ်​တော်​မူ​သော ကိုယ်​တော်၏​လူ​မျိုး​ရှေ့​တွင် လူ​မျိုး​တော်​အ​ဖို့​နှင့် ပြည်​တော်​အ​ဖို့ ကြောက်​မက်​ဖွယ်​သော အ​မှု​ကြီး​တို့​ကို​ပြု​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​ကြွ၍ ကိုယ်​တော်​အ​ဖို့​ရွေး​နုတ်​တော်​မူ​သော ကိုယ်​တော်၏​လူ ဣ​သ​ရေ​လ​အ​မျိုး​နှင့်​တူ​သော လူ​မျိုး​တစ်​စုံ​တစ်​မျိုး​သည် မြေ​ကြီး​ပေါ်​မှာ​ရှိ​ပါ​သ​လော။ အ​ကြောင်း​မူ​ကား၊ ကိုယ်​တော်၏​လူ ဣ​သ​ရေ​လ​အ​မျိုး​ကို အ​စဉ်​အ​မြဲ ကိုယ်​တော်၏​လူ​ဖြစ်​စေ​ခြင်း​ငှာ၊ သူ​တို့​ကို ကိုယ်​တော်​အ​ဖို့ ခိုင်​ခံ့​မြဲ​မြံ​စေ၍၊ ကိုယ်​တော် ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့၏​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ၏။