ဒါဝိဒ်သည် ရှောလုမင်းမှစ၍ ရန်သူအပေါင်းတို့လက်မှ ထာဝရဘုရား ကယ်လွှတ်တော်မူခြင်းကျေးဇူးကိုခံရသောအခါ၊ ထာဝရဘုရားရှေ့တော်တွင် မြွက်ဆိုသော သီချင်းစကားဟူမူကား၊ ထာဝရဘုရားသည် ငါ၏ကျောက်၊ ငါ၏မြို့ရိုး၊ ငါ့ကိုကယ်လွှတ်သောသခင်၊ ငါ၏ဘုရား၊ ငါကိုးစားသော အစွမ်းသတ္တိ၊ ငါ၏အကွယ်အကာ၊ ငါ့ကိုကယ်တင်သောဦးချို၊ ငါ၏ရဲတိုက်၊ ငါခိုလှုံရာ၊ ငါ့ကိုကယ်တင်သောအရှင် ဖြစ်တော်မူ၏။ ကိုယ်တော်သည် ညှဉ်းဆဲခြင်းထဲက အကျွန်ုပ်ကိုကယ်လွှတ်တော်မူ၏။ ချီးမွမ်းအပ်သော ထာဝရဘုရားကို ငါတောင်းလျှောက်၍၊ ရန်သူတို့လက်မှ ကယ်တင်ခြင်းသို့ ရောက်၏။ သေခြင်းလှိုင်းတံပိုးတို့သည် ငါ့ကိုဝိုင်းမိ၍ ဖျက်ဆီးတတ်သော ရေစီးခြင်းကြောင့် ငါကြောက်လန့်ရ၏။ မရဏနိုင်ငံ၏ ကြိုးတို့သည်ဝိုင်း၍ သေမင်း၏ကျော့ကွင်းသည် ငါ့ကိုကျော့မိလျက်ရှိ၏။ ထိုသို့ငါသည် ဆင်းရဲငြိုငြင်သောအခါ၊ ထာဝရဘုရားကိုခေါ်၍ ငါ၏ဘုရားသခင်ကို အော်ဟစ်လေ၏။ ခေါ်သောအသံကို ဗိမာန်တော်ထဲမှာ ကြားတော်မူ၍၊ အော်ဟစ်သောအသံသည် နားတော်ထဲသို့ဝင်လေ၏။ ထိုအခါ အမျက်တော်ထွက်သောအားဖြင့် မြေကြီးတုန်လှုပ်၍၊ မိုးကောင်းကင်အမြစ်တို့သည် တရွေ့ရွေ့လှုပ်ရှားကြ၏။ နှာခေါင်းတော်ထဲက မီးခိုးထွက်၍၊ နှုတ်တော်ထဲက မီးလောင်သောအားဖြင့် မီးခဲတောက်လေ၏။ မိုးကောင်းကင်ကိုညွှတ်သဖြင့် ဆင်းသက်တော်မူ၍၊ ခြေဖဝါးတော်အောက်၌ မှောင်မိုက်ဖြစ်လေ၏။ ခေရုဗိမ်ကိုစီးလျက် ပျံတော်မူ၏။ လေ၏အတောင်တို့အပေါ်မှာ ထင်ရှားတော်မူ၏။ မှောင်မိုက်တည်းဟူသော တစ်ခဲနက်သောရေနှင့် ထူထပ်သောမိုးတိမ်တို့ကို ကိုယ်တော်၌ ကာရံစေတော်မူ၏။ ရှေ့တော်၌ ရောင်ခြည်ကြောင့် မီးခဲတောက်လျက်ရှိ၏။ ထာဝရဘုရားသည်လည်း၊ ကောင်းကင်ပေါ်မှာ မိုးချုန်း၍၊ အမြင့်ဆုံးသောဘုရားသည် အသံတော်ကို လွှင့်တော်မူ၏။ လေးမြားတို့ကိုပစ်၍ လျှပ်စစ်ပြက်စေသဖြင့်၊ ရန်သူတို့ကို အရပ်ရပ်သို့ခွဲ၍ ရှုံးစေတော်မူ၏။ ထိုအခါ ထာဝရဘုရားသည် အပြစ်တင်၍၊ နှာခေါင်းတော်ထဲက အသက်ရှူတော်မူသောအားဖြင့် သမုဒ္ဒရာအောက်ပြင်နှင့် လောကတိုက်မြစ်တို့သည် ဖွင့်လှစ်ထင်ပေါ်လျက်ရှိကြ၏။ အထက်အရပ်က လက်တော်ကိုဆန့်၍၊ တစ်ခဲနက်သောရေထဲက ငါ့ကို ဆယ်ယူတော်မူ၏။ ငါ့ကိုမုန်းသော သူတည်းဟူသော ငါပြိုင်၍ မနိုင်နိုင်အောင် ခွန်အားကြီးသော ရန်သူတို့လက်မှ ငါ့ကို ကယ်လွှတ်တော်မူ၏။ ဘေးဥပဒ်ရောက်သောကာလ၌ သူတို့သည် ဆီးတားသော်လည်း၊ ထာဝရဘုရားသည် ငါမှီခိုရာဖြစ်၍၊ ငါ့ကိုကျယ်ဝန်းရာအရပ်သို့ ပို့ဆောင်တော်မူ၏။ ငါ့ကိုနှစ်သက်သောကြောင့် ကယ်လွှတ်တော်မူ၏။ ငါဖြောင့်မတ်ခြင်းရှိသည်အလျောက် ထာဝရဘုရားသည် အကျိုးကိုပေး၍၊ ငါ့လက်စင်ကြယ်ခြင်း၏အကျိုးကို စီရင်တော်မူ၏။ အကြောင်းမူကား၊ ငါသည်ထာဝရဘုရား၏လမ်းတော်သို့ အစဉ်လိုက်၏။ ငါ၏ဘုရားသခင့်ထံမှ ပြစ်မှား၍မသွား။ စီရင်တော်မူချက်ရှိသမျှကို ငါသည် မျက်မှောက်ပြု၏။ အထုံးအဖွဲ့တော်တို့မှ မလွှဲ။ ရှေ့တော်မှာဖြောင့်မတ်၍ ကိုယ်ဒုစရိုက်ကို ကြဉ်ရှောင်၏။ ထိုကြောင့် ရှေ့တော်မှာ ထင်ရှားသောငါ၏ဖြောင့်မတ်ခြင်း၊ စင်ကြယ်ခြင်းရှိသည်နှင့်အလျောက် ထာဝရဘုရားသည် ငါ၌အကျိုးကို ပေးတော်မူပြီ။
၂ ဓမ္မရာဇဝင် 22 ကို ဖတ်ရှုရန်
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ၂ ဓမ္မရာဇဝင် 22:1-25
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ