ထိုနောက် အမ္မုန်ရှင်ဘုရင်သည်သေ၍ သားတော်ဟာနုန်သည် ခမည်းတော်အရာ၌ နန်းထိုင်၏။ ဒါဝိဒ်ကလည်း၊ ဟာနုန်အဘနာဟတ်သည် ငါ့အား ကျေးဇူးပြုသောကြောင့်၊ သူ၏သား၌ ကျေးဇူးပြုမည်ဟုဆိုလျက်၊ သူ၏အဘသေရာတွင် နှစ်သိမ့်စေခြင်းငှာ ကျွန်တို့ကိုစေလွှတ်၍၊ ဒါဝိဒ်၏ကျွန်တို့သည် အမ္မုန်ပြည်သို့ရောက်ကြ၏။ အမ္မုန်အမျိုး မှူးမတ်တို့သည် မိမိတို့အရှင်ဟာနုန်ထံသို့ဝင်၍၊ ဒါဝိဒ်သည် စိတ်တော်ကို နှစ်သိမ့်စေသောသူတို့ကို စေလွှတ်ရာတွင် ခမည်းတော်ကို ရိုသေစွာပြုသည်ဟု ထင်မှတ်တော်မူသလော။ မြို့တော်ကိုစစ်ဆေးစူစမ်း၍ ဖျက်ဆီးခြင်းငှာသာ သူ၏ကျွန်တို့ကိုစေလွှတ်သည် မဟုတ်လောဟု လျှောက်ကြသော်။ ဟာနုန်သည် ဒါဝိဒ်၏ကျွန်တို့ကို ယူပြီးလျှင်၊ မုတ်ဆိတ်တစ်ခြမ်းကိုရိတ်၍ အဝတ်ကိုတင်ပါးတိုင်အောင်ဖြတ်ပြီးမှ လွှတ်လိုက်လေ၏။ ထိုသတင်းကို ဒါဝိဒ်သည်ကြားသောအခါ၊ ထိုလူတို့သည် အလွန်ရှက်သောကြောင့် သူတို့ကို ဆီးကြိုစေခြင်းငှာ စေလွှတ်၍၊ သင်တို့သည် မုတ်ဆိတ်မရှည်မီတိုင်အောင် ယေရိခေါမြို့မှာ နေကြလော့။ ထိုနောက်မှ ပြန်လာကြလော့ဟု မှာထားတော်မူ၏။ အမ္မုန်အမျိုးသားတို့က၊ ငါတို့သည်ဒါဝိဒ်ရှေ့မှာ စက်ဆုပ်ရွံရှာဖွယ်ဖြစ်လိမ့်မည်ဟု သိလျှင်၊ လူတို့ကိုစေလွှတ်၍ ဗက်ရဟောဘမြို့နှင့် ဇောဘမြို့၌နေသော ရှုရိလူခြေသည် သူရဲနှစ်သောင်း၊ မာခမင်းကြီး၏ လူတစ်ထောင်၊ တောဘမြို့သား တစ်သောင်းနှစ်ထောင်တို့ကို ငှားကြ၏။ ထိုသတင်းကို ဒါဝိဒ်သည်ကြားလျှင် ယွာဘနှင့် ခွန်အားကြီးသော သူရဲအလုံးအရင်းအပေါင်းကို စေလွှတ်၏။ အမ္မုန်အမျိုးသားတို့သည် ထွက်၍မြို့တံခါးဝမှာ စစ်ခင်းကျင်းကြ၏။ ဇောဘမြို့၊ ရဟောဘမြို့၊ တောဘ မြို့မှလာသောရှုရိလူနှင့် မာခါမင်းကြီး၏လူတို့သည် လွင်ပြင်၌ တခြားစီနေကြ၏။ ယွာဘသည်လည်း၊ ရှေ့၌လည်းကောင်း၊ နောက်၌လည်းကောင်း စစ်မျက်နှာနှစ်ဖက်ရှိသည်ကိုမြင်လျှင်၊ ဣသရေလလူတို့တွင် သန်မြန်သောသူရှိသမျှတို့ကို ရွေးကောက်၍ ရှုရိလူတို့တစ်ဖက်၌ စစ်ခင်းကျင်း၏။ ကြွင်းသောသူတို့ကို အမ္မုန်အမျိုးသားတို့တစ်ဖက်၌ စစ်ခင်းကျင်းစေခြင်းငှာ၊ ညီအဘိရှဲလက်သို့ အပ်လျက်၊ ရှုရိလူတို့သည် ငါ့ကိုနိုင်လျှင် ငါအားကူရမည်။ အမ္မုန်အမျိုးသားတို့သည် သင့်ကိုနိုင်လျှင် သင့်အားငါကူမည်။ ရဲရင့်သောစိတ်ရှိ၍ ငါတို့လူမျိုး၊ ငါတို့ဘုရားသခင့်မြို့ရွာတို့အဖို့ အားထုတ်၍ တိုက်ကြကုန်အံ့။ ထာဝရဘုရားသည် အလိုတော်ရှိသည်အတိုင်း စီရင်တော်မူစေသတည်းဟု ဆိုပြီးမှ၊ သူ၌ပါသော လူများနှင့်တကွ ရှုရိလူတို့ကိုစစ်တိုက်ခြင်းငှာ ချဉ်းသွားသောအခါ၊ ရှုရိလူတို့သည် ပြေးကြ၏။ ရှုရိလူတို့ပြေးသည်ကို အမ္မုန်အမျိုးသားတို့သည် မြင်လျှင်၊ သူတို့သည်လည်း အဘိရှဲရှေ့မှာပြေး၍ မြို့ထဲသို့ဝင်ကြ၏။ ယွာဘသည်လည်း အမ္မုန်ပြည်မှထွက်၍ ယေရုရှလင်မြို့သို့ ပြန်သွားလေ၏။ ရှုရိလူတို့သည် ဣသရေလအမျိုးသားရှေ့မှာ မိမိတို့ရှုံးသည်ကို သိမြင်လျှင် တစ်ဖန်စည်းဝေးကြ၏။ ဟာဒဒေဇာမင်းသည်လည်း စေလွှတ်၍၊ မြစ်တစ်ဖက်၌နေသော ရှုရိလူတို့ကိုခေါ်သဖြင့်၊ သူတို့သည် ဟေလံမြို့သို့ ရောက်လာကြ၏။ ဟာဒဒေဇာခန့်ထားသော ဗိုလ်ချုပ်မင်းရှောဗက်သည်လည်း အုပ်ရ၏။ ထိုသတင်းကိုကြားလျှင်၊ ဒါဝိဒ်သည် ဣသရေလအမျိုးသားအပေါင်းတို့ကို စုဝေးစေ၍၊ ယော်ဒန်မြစ်ကိုကူးသဖြင့် ဟေလံမြို့သို့ ရောက်လေ၏။ ရှုရိလူတို့သည် ဒါဝိဒ်တစ်ဖက်၌ စစ်ခင်းကျင်း၍ တိုက်သောအခါ၊ ဣသရေလ အမျိုးသားရှေ့မှာ ပြေးကြ၏။ ဒါဝိဒ်သည်လည်း ရှုရိမြင်းရထားစီးသူရဲ ခုနစ်ထောင်၊ ခြေသည်သူရဲ လေးသောင်းတို့ကိုသတ်၍၊ ဗိုလ်ချုပ်မင်းရှောဗက်ကိုလည်း ထိခိုက်သဖြင့် သူသည် ထိုအရပ်၌သေ၏။ ဟာဒဒေဇာ၌ ကျွန်ခံသောမင်းကြီးအပေါင်းတို့သည် ဣသရေလအမျိုးရှေ့မှာမိမိတို့ရှုံးသည်ကိုသိမြင်လျှင်၊ ဣသရေလအမျိုးနှင့် မိတ်သဟာယဖွဲ့၍ကျွန်ခံကြ၏။ ထိုသို့ ရှုရိလူတို့သည် နောက်တစ်ဖန် အမ္မုန်အမျိုးသားတို့ကို စစ်မကူဝံ့ကြ။
၂ ဓမ္မရာဇဝင် 10 ကို ဖတ်ရှုရန်
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ၂ ဓမ္မရာဇဝင် 10:1-19
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ