ထိုအခါ ရှင်ဘုရင်သည် ယုဒပြည်သူ ယေရုရှလင်မြို့သား အသက်ကြီးသူအပေါင်းတို့ကို ခေါ်၍၊ ယုဒပြည်သူ ယေရုရှလင်မြို့သား၊ ယဇ်ပုရောဟိတ်၊ ပရောဖက်၊ လူအကြီးအငယ်အပေါင်းတို့နှင့်တကွ ဗိမာန်တော်သို့တက်၍၊ ဗိမာန်တော်၌တွေ့သော ပဋိညာဉ်ကျမ်းစာရှိသမျှကို သူတို့ရှေ့မှာ ဖတ်တော်မူ၏။ ရှင်ဘုရင်ကလည်း၊ ထာဝရဘုရားကို ဆည်းကပ်ပါမည်။ စီရင်ထုံးဖွဲ့ချက် ပညတ်တရားကို စိတ်နှလုံးအကြွင်းမဲ့ စောင့်ရှောက်ပါမည်။ ဤကျမ်းစာ၌ပါသော ပဋိညာဉ်စကားအတိုင်း ကျင့်ပါမည်ဟု တိုင်နားမှာရပ်၍ အဓိဋ္ဌာန်ပြု၏။ လူအပေါင်းတို့သည်လည်း ထိုအဓိဋ္ဌာန်ကို ဝန်ခံကြ၏။ နောက်တစ်ဖန် ယဇ်ပုရောဟိတ်မင်းဟိလခိ၊ ဒုတိယယဇ်ပုရောဟိတ်များနှင့် တံခါးစောင့်များတို့သည် ဗာလဘုရား၊ အာရှရပင်၊ မိုးကောင်းကင်တန်ဆာအဖို့ လုပ်သမျှသော အသုံးအဆောင်တို့ကို ဗိမာန်တော်ထဲက ထုတ်မည်အကြောင်း ရှင်ဘုရင်စီရင်သဖြင့်၊ ယေရုရှလင်မြို့ပြင်၊ ကေဒြုန်တော၌ မီးရှို့၍ ပြာကို ဗေသလမြို့သို့ ဆောင်သွားကြ၏။ ယေရုရှလင်မြို့ပတ်လည် အစရှိသော ယုဒမြို့ရွာ၌ မြင့်သောအရပ်တို့အပေါ်မှာ နံ့သာပေါင်းကို မီးရှို့စေခြင်းငှာ၊ ယုဒရှင်ဘုရင်ခန့်ထားသော ယဇ်ပုရောဟိတ် တို့ကိုလည်းကောင်း၊ ဗာလဘုရား၊ နေလရာသီစောင့် အစရှိသော မိုးကောင်းကင်တန်ဆာတို့အား နံ့သာပေါင်းကို မီးရှို့သော သူတို့ကိုလည်းကောင်း၊ သုတ်သင်ပယ်ရှင်းတော်မူ၏။ အာရှရပင်ကိုလည်း ဗိမာန်တော်ထဲကထုတ်၍ ယေရုရှလင်မြို့ပြင်၊ ကေဒြုန်ချောင်းသို့ ယူသွားသဖြင့်၊ ထိုချောင်းနားမှာ မီးရှို့ပြီးလျှင် ညက်ညက်ချေ၍၊ အမှုန့်ကို ဆင်းရဲသားသင်္ချိုင်းပေါ်မှာ ဖြန့်ဖြူးတော်မူ၏။ မိန်းမတို့သည် အာရှရပင်အဖို့ ကုလားကာကိုရက်ရာအရပ် ဗိမာန်တော်နားမှာ ယောက်ျားအလိုသို့ လိုက်တတ်သော မိန်းမလျှာတို့ နေရာအိမ်များကိုလည်း ဖျက်တော်မူ၏။ ယဇ်ပုရောဟိတ်အပေါင်းတို့ကို ယုဒမြို့ရွာတို့မှခေါ်ခဲ့၍၊ သူတို့သည် နံ့သာပေါင်းကိုမီးရှို့ရာ မြင့်သောအရပ်များကို ဂေဗမြို့မှစ၍ ဗေရရှေဘမြို့တိုင်အောင် ညစ်ညူးစေတော်မူ၏။ ယေရုရှလင်မြို့ဝန် ယောရှု၏တံခါးဝ လက်ဝဲဘက်နားမှာတည်သော မြို့တံခါး၏ကုန်းတို့ကိုလည်း ဖြိုဖျက်တော်မူ၏။ မြင့်သောအရပ်နှင့်ဆိုင်သော ယဇ်ပုရောဟိတ်တို့သည်၊ ယေရုရှလင်မြို့ဗိမာန်တော် ယဇ်ပလ္လင်နားသို့ မချဉ်းရဘဲ၊ အပေါင်းအဖော်တို့နှင့် တဆေးမဲ့မုန့်ကို စားရသောအခွင့်သာရှိကြ၏။ အဘယ်သူမျှ မိမိသားသမီးကို မောလုတ်ဘုရားအား မီးဖြင့်မပူဇော်နိုင်မည်အကြောင်း၊ ဟိန္နုံသား၏ ချိုင့်၌ရှိသော တောဖက်အရပ်ကိုလည်း ညစ်ညူးစေတော်မူ၏။ ယုဒရှင်ဘုရင်တို့သည် နေကိုပူဇော်၍၊ ဗိမာန်တော်ဝင်းပြင်အရာရှိ နာသမ္မေလက်အိမ်နား၊ ဝင်းတော်တံခါးဝ၌ထားသော မြင်းတို့ကိုလည်း ပယ်ရှား၍ နေရထားတို့ကိုလည်း မီးရှို့တော်မူ၏။ ယုဒရှင်ဘုရင်တို့သည် အာဟပ်မင်းတိုက်တော် အထက်ဆင့်အပေါ်မှာ တည်ထားသော ယဇ်ပလ္လင်တို့နှင့် မနာရှေမင်းသည် ဗိမာန်တော်တံတိုင်းနှစ်ရပ်တွင် တည်ထားသောပလ္လင်တို့ကို ရှင်ဘုရင်ဖြိုချချေဖျက်၍ အမှုန့်ကို ကေဒြုန်ချောင်းထဲသို့ပစ်တော်မူ၏။ ဣသရေလရှင်ဘုရင်ရှောလမုန်သည် ယေရုရှလင်မြို့အရှေ့၊ ဖျက်ဆီးခြင်းတောင်လက်ယာဘက်၌ ရွံရှာဖွယ်သော ဇိဒုန်ဘုရားအာရှတရက်၊ ရွံရှာဖွယ်သော မောဘဘုရားခေမုရှ၊ ရွံရှာဖွယ်သော အမ္မုန်ဘုရားမိလကုံအဖို့ တည်သော ကုန်းတို့ကိုလည်း ရှင်ဘုရင်ညစ်ညူးစေတော်မူ၏။ ရုပ်တုဆင်းတုတို့ကို ချိုးဖဲ့၍ အာရှရပင်တို့ကို ခုတ်လှဲပြီးမှ၊ သူတို့တည်ရာအရပ်များကို လူသေအရိုးတို့နှင့် ပြည့်စေတော်မူ၏။ ဣသရေလအမျိုးကိုပြစ်မှားစေသော နေဗတ်၏သားယေရောဗောင်သည်၊ ဗေသလမြို့၌တည်သောကုန်းနှင့် ယဇ်ပလ္လင်ကိုလည်း ဖြိုချ၍ မီးရှို့ပြီးမှ ညက်ညက်ခြေတော်မူ၏။ အာရှရပင်ကိုလည်း မီးရှို့တော်မူ၏။ ယောရှိမင်းသည် လှည့်လည်၍ ကြည့်ရှုလျက်၊ ထိုတောင်ပေါ်မှာရှိသော သင်္ချိုင်းကို မြင်သောအခါ၊ လူကိုစေလွှတ်၍ ထိုသင်္ချိုင်းထဲက လူသေအရိုးတို့ကို ထုတ်ပြီးလျှင်၊ ထိုအမှုကို အထက်ကဖော်ပြသော ဘုရားသခင်၏လူဆင့်ဆိုသော ထာဝရဘုရား၏စကားတော်အတိုင်း၊ အရိုးတို့ကို ယဇ်ပလ္လင်ပေါ်မှာ မီးရှို့၍ ညစ်ညူးစေတော်မူ၏။ ယောရှိမင်းကလည်း၊ ငါမြင်သော ထိုမှတ်ကျောက်ကား အဘယ်သို့နည်းဟုမေးလျှင်၊ မြို့သားတို့က၊ ကိုယ်တော်သည် ဗေသလယဇ်ပလ္လင်၌ ပြုတော်မူသောအမှုကို၊ ယုဒပြည်မှလာ၍ဖော်ပြသော ဘုရားသခင်၏လူသင်္ချိုင်းဖြစ်ပါသည်ဟု ပြန်လျှောက်ကြသော်၊ ရှင်ဘုရင်က၊ ရှိစေလော့။ ထိုသူ၏အရိုးတို့ကို အဘယ်သူမျှမရွှေ့စေနှင့်ဟု မိန့်တော်မူသည်အတိုင်း သူ၏အရိုးတို့နှင့် ရှမာရိမြို့မှလာသော ပရောဖက်အရိုးတို့ကိုရှိစေကြ၏။ ဣသရေလရှင်ဘုရင်တို့သည် အမျက်တော်ကို နှိုးဆော်ခြင်းငှာ၊ ရှမာရိမြို့ရွာတို့၌ မြင့်သောအရပ်ပေါ်မှာ တည်လုပ်သော အိမ်ရှိသမျှတို့ကိုလည်း ယောရှိမင်းသည်ပယ်ရှား၍၊ ဗေသလမြို့၌ ပြုသမျှအတိုင်း ပြုတော်မူ၏။ မြင့်သောအရပ်နှင့်ဆိုင်သော ယဇ်ပုရောဟိတ်အပေါင်းတို့ကိုလည်း ယဇ်ပလ္လင်ပေါ်မှာ ကွပ်မျက်၍၊ လူသေအရိုးတို့ကို မီးရှို့ပြီးမှ ယေရုရှလင်မြို့သို့ ပြန်တော်မူ၏။
၄ ဓမ္မရာဇဝင် 23 ကို ဖတ်ရှုရန်
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ၄ ဓမ္မရာဇဝင် 23:1-20
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ