ဖိလိတ္တိလူတို့သည် ကိလမြို့ကိုတိုက်၍ ကောက်နယ်တလင်းတို့ကို လုယူကြောင်းကို ဒါဝိဒ်သည် ကြားသောအခါ အကျွန်ုပ်သည် ထိုဖိလိတ္တိလူတို့ကို သွား၍ လုပ်ကြံရပါမည်လောဟု ထာဝရဘုရားအား မေးလျှောက်လျှင်၊ ထာဝရဘုရားက သွားလော့။ ဖိလိတ္တိလူတို့ကိုလုပ်ကြံ၍ ကိလမြို့ကို ကယ်တင်လော့ဟု ဒါဝိဒ်အားမိန့်တော်မူ၏။ ဒါဝိဒ်၏လူတို့ကလည်း၊ ငါတို့သည် ယုဒပြည်၌ပင် ကြောက်ကြ၏။ ထိုမျှမက ကိလမြို့သို့ရောက်၍ ဖိလိတ္တိဗိုလ်ခြေတို့နှင့် စစ်ပြိုင်သောအခါ သာ၍ ကြောက်စရာရှိပါသည်တကားဟု ဆိုကြ၏။ တစ်ဖန် ဒါဝိဒ်သည် ထပ်၍ ထာဝရဘုရားအားမေးလျှောက်လျှင်၊ ထာဝရဘုရားက၊ ထ၍ ကိလမြို့သို့ သွားလော့။ ဖိလိတ္တိလူတို့ကို သင့်လက်၌ ငါအပ်မည်ဟု မိန့်တော်မူသည်အတိုင်း၊ ဒါဝိဒ်နှင့် သူ၏လူတို့သည် ကိလမြို့သို့သွား၍ ဖိလိတ္တိလူတို့နှင့်တိုက်သဖြင့်၊ ထိုသူတို့၏ တိရစ္ဆာန်များကိုယူ၍ သူတို့ကို ကြီးစွာသော လုပ်ကြံခြင်းအားဖြင့် သတ်ကြ၏။ ထိုသို့ဒါဝိဒ်သည် ကိလမြို့ကို ကယ်တင်လေ၏။ အဟိမလက်၏သားအဗျာသာသည်၊ ဒါဝိဒ်ရှိရာကိလမြို့သို့ ပြေးလာသောအခါ သင်တိုင်းတော်ပါလျက် ရောက်လာသတည်း။ ဒါဝိဒ်သည် ကိလမြို့သို့ရောက်ကြောင်းကို ရှောလုသည်ကြားလျှင်၊ ဘုရားသခင်သည် သူ့ကိုငါ့လက်သို့ အပ်တော်မူပြီ။ တံခါးနှင့် ကန့်လန့်ကျင်ရှိသော မြို့ထဲသို့ဝင်သဖြင့်၊ အချုပ်ခံလျက် နေရသည်ဟု ဆိုလျက်၊ ကိလမြို့သို့စစ်ချီ၍ ဒါဝိဒ်နှင့်သူ၏လူတို့ကို ဝိုင်းထားခြင်းငှာ မိမိလူအပေါင်းတို့ကို စုဝေးစေ၏။ ရှောလုသည် မကောင်းသောအကြံနှင့် ကြိုးစားသည်ကို ဒါဝိဒ်သည်သိ၍၊ ယဇ်ပုရောဟိတ် အဗျာသာအား၊ သင်တိုင်းတော်ကို ယူခဲ့ပါဟုဆို၏။ ထိုအခါ ဒါဝိဒ်က၊ ဣသရေလအမျိုး၏ဘုရားသခင်ထာဝရဘုရား၊ ရှောလုသည် ကိလမြို့သို့လာ၍ ကိုယ်တော်၏ကျွန်အတွက်ဖျက်ဆီးမည်ဟု အကြံရှိသည်ကို ဆက်ဆက်ကြားပါ၏။ ကိလမြို့သားတို့သည် အကျွန်ုပ်ကို သူ၏လက်၌အပ်ကြပါလိမ့်မည်လော။ ကိုယ်တော်၏ ကျွန်ကြားသည်အတိုင်း ရှောလုသည် လာပါလိမ့်မည်လော။ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်၏ကျွန်အား အမိန့်ရှိတော်မူမည်အကြောင်းတောင်းပန်ပါ၏ဟု မေးလျှောက်သော်၊ ထာဝရဘုရားက၊ ရှောလုသည် လာလိမ့်မည်ဟု မိန့်တော်မူ၏။ တစ်ဖန် ဒါဝိဒ်က၊ ကိလမြို့သားတို့သည် အကျွန်ုပ်နှင့် အကျွန်ုပ်၏လူတို့ကို ရှောလုလက်သို့ အပ်ကြလိမ့်မည်လောဟု မေးလျှောက်သော်၊ ထာဝရဘုရားက၊ အပ်ကြပါလိမ့်မည်ဟု မိန့်တော်မူ၏။ ထိုအခါ ဒါဝိဒ်သည် ခြောက်ရာခန့်ရှိသော မိမိလူတို့နှင့်ထ၍ ကိလမြို့မှ ထွက်ပြီးလျှင်၊ သွားနိုင်ရာအရပ်ရပ်သို့ သွားကြ၏။ ဒါဝိဒ်သည် ကိလမြို့မှ အလွတ်ပြေးကြောင်းကို ရှောလုသည်ကြား၍ ကိုယ်တိုင်မသွားဘဲနေ၏။ ဒါဝိဒ်သည် ဇိဖတောင်အစရှိသော တောကြိုတောင်ကြားတို့၌ နေ၍၊ ရှောလုသည် နေ့တိုင်းရှာသော်လည်း သူ၏လက်၌ ဒါဝိဒ်ကို ဘုရားသခင်အပ်တော်မမူ။ တစ်ရံရောအခါ ဒါဝိဒ်သည် ဇိဖတောအုပ်၌ရှိ၍၊ သူ၏အသက်ကို သတ်မည်ဟု ရှောလုလာသည်ကို သိသောအခါ၊ ရှောလု၏သားယောနသန်သည် ထ၍ ဒါဝိဒ်ရှိရာတောအုပ်သို့ သွားပြီးလျှင်၊ ဘုရားသခင်၌ ခိုလှုံအားကြီးစေခြင်းငှာ ထောက်မလျက်၊ မစိုးရိမ်နှင့်။ သင်သည် ကျွန်ုပ်အဘ ရှောလု၏လက်မှလွတ်၍ ဣသရေလရှင်ဘုရင် ဖြစ်လိမ့်မည်။ ကျွန်ုပ်သည်လည်း သင့်အောက်မှာ အရာကြီးလိမ့်မည်။ ထိုသို့ဖြစ်မည်ကို ကျွန်ုပ်အဘရှောလုသိသည်ဟု ဆိုသဖြင့်၊ ထိုသူနှစ်ယောက်တို့သည် ထာဝရဘုရားရှေ့တော်၌ ပဋိညာဉ်ဖွဲ့ကြပြီးမှ၊ ဒါဝိဒ်သည် တောအုပ်၌နေ၍ ယောနသန်သည် မိမိအိမ်သို့သွား၏။
၁ ဓမ္မရာဇဝင် 23 ကို ဖတ်ရှုရန်
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ၁ ဓမ္မရာဇဝင် 23:1-18
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ