ဒါဝိဒ်ကသင်သည် ဓား၊ လှံ၊ ကိဒုန်ပါလျက် ငါ့ထံသို့လာ၏။ ငါသည် သင်ကြိမ်းပသော ဣသရေလဗိုလ်ခြေတို့၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏နာမတော်ပါလျက် သင်ရှိရာသို့လာ၏။ ထာဝရဘုရားသည် သင့်ကို ငါ့လက်၌ ယနေ့အပ်တော်မူသဖြင့်၊ သင့်ကိုငါသတ်၍ လည်ပင်းကိုဖြတ်မည်။ ဖိလိတ္တိဗိုလ်ခြေ အသေကောင်များကို မိုးကောင်းကင်ငှက်နှင့် တောသားရဲတို့အား ယနေ့ငါပေးမည်။ ဣသရေလအမျိုး၌ ဘုရားသခင်ရှိတော်မူသည်ကို မြေကြီးသားအပေါင်းတို့သည် သိရကြလိမ့်မည်။ ထာဝရဘုရားသည် ဓားလှံအားဖြင့် ကယ်တင်တော်မမူကြောင်းကို၊ ဤပရိသတ်အပေါင်းတို့သည် သိရကြလိမ့်မည်။ အကြောင်းမူကား၊ ထာဝရဘုရားသည် စစ်မှုကိုပိုင်၍၊ ငါတို့လက်သို့ အပ်နှံတော်မူမည်ဟု ဖိလိတ္တိလူအားဆို၏။ ဖိလိတ္တိလူသည် ထ၍ ဒါဝိဒ်နှင့်တွေ့ခြင်းငှာ ချဉ်းလာသောအခါ၊ ဒါဝိဒ်သည်လည်း ဖိလိတ္တိလူနှင့်တွေ့ခြင်းငှာ ဗိုလ်ခြေရှိရာသို့ အလျင်အမြန်ပြေးပြီးမှ၊ လွယ်အိတ်ထဲက ကျောက်တစ်လုံးကို နှိုက်ယူ၍လွှဲပစ်၏။ ဖိလိတ္တိလူ၏ နဖူးကိုမှန်၍ နဖူးပေါက်သဖြင့် သူသည် မြေပေါ်မှာ ငိုက်စိုက်လဲလေ၏။ ထိုသို့ ဒါဝိဒ်သည် လောက်လွှဲနှင့် ကျောက်တစ်လုံးအားဖြင့် နိုင်လျက် ထိခိုက်၍သတ်လေ၏။ ထိုအခါ ဒါဝိဒ်သည် ဓားမပါသောကြောင့် ပြေး၍ ဖိလိတ္တိလူကို နင်းလျက်၊ သူ၏ဓားကို ဓားအိမ်မှနုတ်ဆွဲပြီးလျှင် လည်ပင်းကိုဖြတ်၍ အပြီးသတ်လေ၏။ ဖိလိတ္တိလူတို့သည် သူတို့၏ သူရဲသေကြောင်းကိုမြင်သောအခါ ပြေးကြ၏။ ထိုအခါ ဣသရေလအမျိုး၊ ယုဒအမျိုးသားတို့သည် ထ၍ ကြွေးကြော်လျက် ချိုင့်တိုင်အောင်လည်းကောင်း၊ ဧကြုန်မြို့ တံခါးတိုင်အောင်လည်းကောင်း၊ ဖိလိတ္တိလူတို့ကို လိုက်ကြ၏။ ထိခိုက်သော ဖိလိတ္တိလူတို့သည် ရှာရိမ်မြို့ လမ်းနားမှစ၍ ဂါသမြို့၊ ဧကြုန်မြို့တိုင်အောင် လဲကြ၏။ ဣသရေလ အမျိုးသားတို့သည် ဖိလိတ္တိလူတို့ကို လိုက်ရာမှ ပြန်လာ၍ သူတို့တဲများကို လုယူကြ၏။ ဒါဝိဒ်သည် ဖိလိတ္တိလူ၏ ဦးခေါင်းကိုယူ၍ ယေရုရှလင်မြို့သို့ ဆောင်သွား၏။ သူ၏လက်နက်များကို မိမိတဲ၌ထား၏။ ဒါဝိဒ်သည် ဖိလိတ္တိလူကို တိုက်ခြင်းငှာ ထွက်သွားသည်ကို ရှောလုသည်မြင်လျှင်၊ ထိုလုလင်ကား အဘယ်သူ၏သားဖြစ်သနည်းဟု ဗိုလ်ချုပ်မင်းအာဗနာကို မေး၏။ အာဗနာကလည်း၊ အရှင်မင်းကြီး အသက်တော်ရှင်သည်အတိုင်း ကျွန်တော်မသိပါဟု လျှောက်လျှင်၊ ရှင်ဘုရင်က၊ ထိုလုလင်သည် အဘယ်သူ၏သားဖြစ်လိမ့်မည်ကို မေးစစ်လော့ဟု မိန့်တော်မူ၏။ ဒါဝိဒ်သည် ဖိလိတ္တိလူကိုသတ်ပြီးမှ၊ သူ၏ဦးခေါင်းကို ကိုင်လျက် ပြန်လာသောအခါ၊ အာဗနာသည်ခေါ်၍ ရှောလုထံသို့ ဆောင်သွားပြီးလျှင်၊ ရှောလုက၊ အချင်းလုလင်၊ သင်သည် အဘယ်သူ၏သားဖြစ်သနည်းဟု မေးတော်မူ၏။ ဒါဝိဒ်ကလည်း ကျွန်တော်သည် ကိုယ်တော်ကျွန်၊ ဗက်လင်မြို့သား ယေရှဲ၏သားဖြစ်ပါသည်ဟု လျှောက်လေ၏။
၁ ဓမ္မရာဇဝင် 17 ကို ဖတ်ရှုရန်
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ၁ ဓမ္မရာဇဝင် 17:45-58
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ