YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ဓမ္မရာဇဝင် 17:12-58

၁ ဓမ္မရာဇဝင် 17:12-58 JBMLE

ယု​ဒ​ပြည်၊ ဗက်​လင်​မြို့၊ ဧ​ဖ​ရတ်​အ​ရပ်​သား​ဖြစ်​သော ဒါ​ဝိဒ်၏​အ​ဘ​ယေ​ရှဲ​သည် သား​ရှစ်​ယောက်​ရှိ၏။ ရှော​လု​လက်​ထက်၌ ထို​သူ​သည် အ​သက်​ကြီး​သော​သူ၏ အ​ရာ​ရှိ၏။ ယေ​ရှဲ၏​သား​တို့​တွင် အ​သက်​အ​ကြီး​ဆုံး​သော​သူ သုံး​ယောက်​တို့​သည် စစ်​မှု​ကို​ထမ်း၍ ရှော​လု​နောက်​သို့ လိုက်​ကြ၏။ သူ​တို့​အ​မည်​ကား သား​ဦး​ဧ​လျာ​ဘ၊ ဒု​တိ​ယ​သား အ​ဘိ​န​ဒပ်၊ တ​တိ​ယ​သား ရှိ​မာ​တည်း။ ဒါ​ဝိဒ်​သည် အ​ငယ်​ဆုံး​သော​သား​ဖြစ်၏။ သား​ကြီး​သုံး​ယောက်​တို့​သည် ရှော​လု​နောက်​တော်​သို့ လိုက်​ကြ​သော်​လည်း၊ ဒါ​ဝိဒ်​သည် မ​လိုက်၊ ဗက်​လင်​မြို့​မှာ မိ​မိ​အ​ဘ၏​သိုး​တို့​ကို ထိန်း​ကျောင်း​ခြင်း​ငှာ ပြန်​သွား​လေ၏။ ဖိ​လိ​တ္တိ​လူ​သည် အ​ရက်​လေး​ဆယ်​ပတ်​လုံး၊ နံ​နက်​တစ်​ခါ၊ ညဉ့်​ဦး​တစ်​ခါ ချဉ်း​ကပ်၍ ကိုယ်​ကို​ပြ၏။ ထို​အ​ခါ ယေ​ရှဲ​သည် မိ​မိ​သား​ဒါ​ဝိဒ်​ကို​ခေါ်၍၊ သင့်​အစ်​ကို​တို့​အ​ဖို့ ဤ​ပေါက်​ပေါက် တစ်​ဧ​ဖာ​နှင့် ဤ​မုန့်​ဆယ်​လုံး​တို့​ကို​ယူ၍ အစ်​ကို​တို့​ရှိ​ရာ​တပ်​တော်​သို့ ပြေး​သွား​လော့။ ဤ​ဒိန်​ခဲ​ဆယ်​လုံး​ကို​လည်း ယူ၍ သူ​တို့​တပ်​မှူး​အား​ဆက်​လော့။ သင့်​အစ်​ကို​တို့​သည် ကျန်း​မာ​ခြင်း ရှိ​သည်​မ​ရှိ​သည်​ကို ကြည့်​ရှု​ပြီး​မှ၊ သူ​တို့​ထံ​မှာ သက်​သေ​တစ်​စုံ​တစ်​ခု​ကို ခံ​ယူ​လော့​ဟု မှာ​လိုက်​လေ၏။ ထို​ကာ​လ၌ ရှော​လု​မှ​စ၍ ဒါ​ဝိဒ်​အစ်​ကို​တို့​နှင့် ဣ​သ​ရေ​လ​လူ​အ​ပေါင်း​တို့​သည် ဧ​လာ​ချိုင့်​မှာ ဖိ​လိ​တ္တိ​လူ​တို့​ကို စစ်​တိုက်​လျက်​ရှိ​ကြ၏။ ဒါ​ဝိဒ်​သည် နံ​နက်​စော​စော​ထ၍ သိုး​တို့​ကို သိုး​ထိန်း၌​အပ်​ပြီး​လျှင်၊ အ​ဘ​မှာ​လိုက်​သည်​အ​တိုင်း စား​စ​ရာ​ကို​ယူ​သွား၍၊ ရိ​က္ခာ​လှည်း​ထား​ရာ​သို့ ရောက်​သော​အ​ခါ၊ ဣ​သ​ရေ​လ တပ်​သား​တို့​နှင့် ဖိ​လိ​တ္တိ​တပ်​သား​တို့​သည် စစ်​ခင်း​ကျင်း၍ စစ်​တ​လင်း​သို့​ချီ​လျက်၊ စစ်​တိုက်​မည်​အ​သံ​နှင့် ကြွေး​ကြော်​ကြ၏။ ဒါ​ဝိဒ်​သည် မိ​မိ၌​ပါ​သော​အ​ရာ​တို့​ကို ရိ​က္ခာ​စောင့်​လက်၌ အပ်​ထား​ပြီး​လျှင်၊ တပ်​သား​စု​ထဲ​သို့​ပြေး၍ မိ​မိ​အစ်​ကို​တို့​ကို နှုတ်​ဆက်၏။ သူ​တို့​နှင့်​ပြော​စဉ်​တွင်၊ ဖိ​လိ​တ္တိ​လူ၊ ဂါ​သ​မြို့​သား ဂေါ​လျတ်​အ​မည်​ရှိ​သော သူ​ရဲ​သည် ဖိ​လိ​တ္တိ​တပ်​ထဲ​က ထွက်​လာ၍ ယ​မန်​ကဲ့​သို့​ပြော​ဆို​သည်​ကို ဒါ​ဝိဒ်​သည် ကြား​လေ၏။ ဣ​သ​ရေ​လ​လူ​အ​ပေါင်း​တို့​သည် ထို​သူ​ကို​မြင်​သော​အ​ခါ အ​လွန်​ကြောက်​ရွံ့၍ ပြေး​ကြ၏။ အ​ချို့​တို့​က​လည်း၊ ထို​လူ​ထွက်​လာ​သည်​ကို မြင်​သ​လော။ ဣ​သ​ရေ​လ​အ​မျိုး​ကို​ကြိမ်း​ပ​လျက် ထွက်​လာ​ပါ​သည်​တ​ကား။ သူ့​ကို သတ်​သော​သူ​အား ရှင်​ဘု​ရင်​သည် ကြီး​သော​စည်း​စိမ်​နှင့် ချီး​မြှောက်၍ သ​မီး​တော်​ကို​လည်း ပေး​စား​တော်​မူ​မည်။ ထို​သူ၏​အ​ဆွေ​အ​မျိုး​ကို​လည်း ဣ​သ​ရေ​လ​နိုင်​ငံ​တွင် မင်း​မှု လွှတ်​တော်​မူ​မည်​ဟု ပြော​ဆို​ကြ၏။ ဒါ​ဝိဒ်​က​လည်း၊ ထို​ဖိ​လိ​တ္တိ​လူ​ကို​သတ်၍ ဣ​သ​ရေ​လ​အ​မျိုး​ခံ​သော အ​ရှက်​ကွဲ​ခြင်း​ကို ပယ်​ရှင်း​သော​သူ​သည် အ​ဘယ်​အ​ကျိုး​ကို ရ​လိမ့်​မည်​နည်း။ အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်၏ ဗိုလ်​ခြေ​တို့​ကို ကြိမ်း​ပ​ရ​မည်​အ​ကြောင်း၊ အ​ရေ​ဖျား​လှီး​ခြင်း​ကို​မ​ခံ​သော ထို​ဖိ​လိ​တ္တိ​လူ​သည် အ​ဘယ်​သို့​သော​သူ ဖြစ်​သ​နည်း​ဟု မိ​မိ​အ​နား​မှာ​ရှိ​သော​သူ​တို့​အား မေး​မြန်း​လျှင်၊ သူ​တို့​က၊ ထို​လူ​ကို သတ်​သော​သူ​သည် ဤ​မည်​သော​အ​ကျိုး​ကို ရ​လိမ့်​မည်​ဟု ယ​မန်​ကဲ့​သို့ ပြန်​ပြော​ကြ၏။ ထို​သူ​တို့​နှင့် ဒါ​ဝိဒ်​ပြော​သည်​ကို အစ်​ကို​အ​ကြီး​ဧ​လျာ​ဘ​ကြား​လျှင် ဒါ​ဝိဒ်​ကို​အ​မျက်​ထွက်၍၊ သင်​သည် အ​ဘယ်​ကြောင့် ဤ​အ​ရပ်​သို့​လာ​သ​နည်း။ ထို​နည်း​သော​သိုး​တို့​ကို တော​တွင် အ​ဘယ်​သူ​လက်၌ အပ်​ခဲ့​သ​နည်း။ သင့်​မာ​န​ကြီး​ခြင်း၊ သင့်​စိတ်​နှ​လုံး​ဆိုး​ညစ်​ခြင်း​ကို ငါ​သိ၏။ စစ်​ပွဲ​ကို ကြည့်​ရှု​ခြင်း​ငှာ​သာ လာ​ပြီ​ဟု ဆို၏။ ဒါ​ဝိဒ်​က​လည်း၊ အ​ကျွန်ုပ်​သည် အ​ဘယ်​အ​မှု​ကို ပြု​မိ​သ​နည်း။ ယ​ခု​ပြော​စ​ရာ​အ​ကြောင်း မ​ရှိ​လော​ဟု ဆို​သော​နောက်၊ အ​ခြား​သော​သူ​တို့​ထံ​သို့ လှည့်၍ ယ​မန်​ကဲ့​သို့​မေး​မြန်း​လျှင်၊ သူ​တို့​သည် ရှေ့​အ​တူ ပြန်​ပြော​ကြ၏။ ထို​သို့ ဒါ​ဝိဒ်​ပြော​သော​စ​ကား​ကို ကြား​သော​သူ​တို့​သည် ရှော​လု​ထံ​တော်၌ ကြား​လျှောက်​သော်၊ ဒါ​ဝိဒ်​ကို ခေါ်​တော်​မူ၏။ ဒါ​ဝိဒ်​က​လည်း ထို​လူ​ကြောင့် အ​ဘယ်​သူ​မျှ စိတ်​မ​ပျက်​ပါ​စေ​နှင့်။ ကိုယ်​တော်​ကျွန်​သွား၍ ထို​ဖိ​လိ​တ္တိ​လူ​ကို တိုက်​ပါ​မည်​ဟု ရှော​လု​အား​လျှောက်​လျှင်၊ ရှော​လု​က၊ သင်​သည် ထို​ဖိ​လိ​တ္တိ​လူ​ကို သွား၍​မ​တိုက်​နိုင်။ သင်​သည် နု​ပျို​သော​သူ​ဖြစ်၏။ ထို​သူ​သည် ပျို​သော​အ​ရွယ်​မှ​စ၍ စစ်​သူ​ရဲ​ဖြစ်​ခဲ့​ပြီ​ဟု ဒါ​ဝိဒ်​အား​ဆို​သော်၊ ဒါ​ဝိဒ်​က၊ ကိုယ်​တော်​ကျွန်​သည် အ​ဘ၏​သိုး​တို့​ကို ထိန်း​ကျောင်း​စဉ်​အ​ခါ၊ ခြင်္သေ့​နှင့်​ဝံ​သည်​လာ၍ သိုး​သ​ငယ်​ကို သိုး​စု​ထဲ​က​ကိုက်​ချီ​ပါ၏။ ကျွန်​တော်​လိုက်၍ သတ်​သ​ဖြင့် သိုး​သ​ငယ်​ကို သူ့​ပါး​စပ်​ထဲ​က နုတ်​ပါ၏။ ဝံ​သည် ကျွန်​တော်​ကို ပြန်၍​ကိုက်​သော​အ​ခါ၊ ဝံ၏​မုတ်​ဆိတ်​ကို​ကိုင်၍ ရိုက်​သတ်​ပါ၏။ ကိုယ်​တော်​ကျွန်​သည် ခြင်္သေ့​နှင့်​ဝံ​နှစ်​ကောင်​လုံး​ကို သတ်​ပါ၏။ အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော ထို​ဖိ​လိ​တ္တိ​လူ​သည် အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်၏​ဗိုလ်​ခြေ​တို့​ကို ကြိမ်း​ပ​သော​ကြောင့်၊ ထို​အ​ကောင်​တစ်​ကောင်​ကဲ့​သို့ ဖြစ်​ပါ​လိမ့်​မည်။ ခြင်္သေ့​လက်၊ ဝံ​လက်​မှ ကျွန်​တော်​ကို ကယ်​နုတ်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​သည်၊ ထို​ဖိ​လိ​တ္တိ​လူ​လက်​မှ ကယ်​နုတ်​တော်​မူ​လိမ့်​မည်​ဟု ရှော​လု​အား​လျှောက်​လေ​သော်၊ ရှော​လု​က သွား​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် သင်​နှင့်​အ​တူ ရှိ​တော်​မူ​ပါ​စေ​သော​ဟု ဒါ​ဝိဒ်​အား​ဆို​လေ၏။ ရှော​လု​သည်​လည်း ဒါ​ဝိဒ်​ကို မိ​မိ​အ​ဝတ်​နှင့်​ဝတ်​စေ​သ​ဖြင့်၊ သူ၏​ခေါင်း​ပေါ်​မှာ ကြေး​ဝါ​ခ​မောက်​လုံး​ကို တင်၍၊ သံ​ချပ်​အင်္ကျီ​ကို​လည်း ဝတ်​စေ၏။ ဒါ​ဝိဒ်​သည် ဓား​တော်​ကို အ​ဝတ်​ပေါ်​မှာ​စည်း၍ သွား​မည်​ဟု အား​ထုတ်​သော်​လည်း၊ ထို​လက်​နက်​များ​ကို မ​စုံ​စမ်း​သေး။ သို့​ဖြစ်၍ ဒါ​ဝိဒ်​က ဤ​လက်​နက်​တို့​နှင့် ကျွန်​တော်​မ​သွား​နိုင်​ပါ၊ မ​စုံ​စမ်း​ပါ​သေး​ဟု ရှော​လု​အား​လျှောက်၍ ချွတ်​ပြန်​လေ၏။ တစ်​ဖန် မိ​မိ​တောင်​ဝှေး​ကို​ကိုင်​လျက်၊ ချော​သော​ကျောက်​ငါး​လုံး​ကို ချောင်း​ထဲ​က​ရွေး၍၊ သိုး​ထိန်း တန်​ဆာ​တည်း​ဟူ​သော လွယ်​အိတ်၌​ထည့်​ပြီး​မှ၊ လောက်​လွှဲ​ကို​လည်း​ကိုင်၍ ဖိ​လိ​တ္တိ​လူ​ရှိ​ရာ​သို့ ချဉ်း​လေ၏။ ဖိ​လိ​တ္တိ​လူ​သည်​လည်း ဒါ​ဝိဒ်​ရှိ​ရာ​သို့​ချဉ်း၍ သူ့​ရှေ့​မှာ ဒိုင်း​လွှား​ကို ဆောင်​သော​သူ​လည်း သွား၏။ ဖိ​လိ​တ္တိ​လူ​သည် ကြည့်၍ ဒါ​ဝိဒ်​ကို​မြင်​သော​အ​ခါ မ​ထီ​မဲ့​မြင်​ပြု၏။ အ​ကြောင်း​မူ​ကား၊ သူ​သည် နု​ပျို​သော​သူ၊ ဆံ​ပင်​နီ၍ မျက်​နှာ​လှ​သော​သူ​ဖြစ်၏။ ဖိ​လိ​တ္တိ​လူ​က၊ သင်​သည် တောင်​ဝှေး​နှင့် ငါ့​ထံ​သို့​လာ​ရ​မည်​အ​ကြောင်း၊ ငါ​သည် ခွေး​ဖြစ်​သ​လော​ဟု​မေး​လျက်၊ မိ​မိ​ဘု​ရား​တို့​ကို​တိုင်​တည်၍ ဒါ​ဝိဒ်​ကို​ကျိန်​ဆဲ​လေ၏။ တစ်​ဖန် ဖိ​လိ​တ္တိ​လူ​က လာ​ခဲ့။ သင့်​အ​သား​ကို မိုး​ကောင်း​ကင်​ငှက်​နှင့် တော​သား​ရဲ​တို့​အား ငါ​ပေး​မည်​ဟု ဒါ​ဝိဒ်​ကို​ဆို၏။ ဒါ​ဝိဒ်​က​သင်​သည် ဓား၊ လှံ၊ ကိ​ဒုန်​ပါ​လျက် ငါ့​ထံ​သို့​လာ၏။ ငါ​သည် သင်​ကြိမ်း​ပ​သော ဣ​သ​ရေ​လ​ဗိုလ်​ခြေ​တို့၏ ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ပါ​လျက် သင်​ရှိ​ရာ​သို့​လာ၏။ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို ငါ့​လက်၌ ယ​နေ့​အပ်​တော်​မူ​သ​ဖြင့်၊ သင့်​ကို​ငါ​သတ်၍ လည်​ပင်း​ကို​ဖြတ်​မည်။ ဖိ​လိ​တ္တိ​ဗိုလ်​ခြေ အ​သေ​ကောင်​များ​ကို မိုး​ကောင်း​ကင်​ငှက်​နှင့် တော​သား​ရဲ​တို့​အား ယ​နေ့​ငါ​ပေး​မည်။ ဣ​သ​ရေ​လ​အ​မျိုး၌ ဘု​ရား​သ​ခင်​ရှိ​တော်​မူ​သည်​ကို မြေ​ကြီး​သား​အ​ပေါင်း​တို့​သည် သိ​ရ​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် ဓား​လှံ​အား​ဖြင့် ကယ်​တင်​တော်​မ​မူ​ကြောင်း​ကို၊ ဤ​ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် သိ​ရ​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် စစ်​မှု​ကို​ပိုင်၍၊ ငါ​တို့​လက်​သို့ အပ်​နှံ​တော်​မူ​မည်​ဟု ဖိ​လိ​တ္တိ​လူ​အား​ဆို၏။ ဖိ​လိ​တ္တိ​လူ​သည် ထ၍ ဒါ​ဝိဒ်​နှင့်​တွေ့​ခြင်း​ငှာ ချဉ်း​လာ​သော​အ​ခါ၊ ဒါ​ဝိဒ်​သည်​လည်း ဖိ​လိ​တ္တိ​လူ​နှင့်​တွေ့​ခြင်း​ငှာ ဗိုလ်​ခြေ​ရှိ​ရာ​သို့ အ​လျင်​အ​မြန်​ပြေး​ပြီး​မှ၊ လွယ်​အိတ်​ထဲ​က ကျောက်​တစ်​လုံး​ကို နှိုက်​ယူ၍​လွှဲ​ပစ်၏။ ဖိ​လိ​တ္တိ​လူ၏ န​ဖူး​ကို​မှန်၍ န​ဖူး​ပေါက်​သ​ဖြင့် သူ​သည် မြေ​ပေါ်​မှာ ငိုက်​စိုက်​လဲ​လေ၏။ ထို​သို့ ဒါ​ဝိဒ်​သည် လောက်​လွှဲ​နှင့် ကျောက်​တစ်​လုံး​အား​ဖြင့် နိုင်​လျက် ထိ​ခိုက်၍​သတ်​လေ၏။ ထို​အ​ခါ ဒါ​ဝိဒ်​သည် ဓား​မ​ပါ​သော​ကြောင့် ပြေး၍ ဖိ​လိ​တ္တိ​လူ​ကို နင်း​လျက်၊ သူ၏​ဓား​ကို ဓား​အိမ်​မှ​နုတ်​ဆွဲ​ပြီး​လျှင် လည်​ပင်း​ကို​ဖြတ်၍ အ​ပြီး​သတ်​လေ၏။ ဖိ​လိ​တ္တိ​လူ​တို့​သည် သူ​တို့၏ သူ​ရဲ​သေ​ကြောင်း​ကို​မြင်​သော​အ​ခါ ပြေး​ကြ၏။ ထို​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး၊ ယု​ဒ​အ​မျိုး​သား​တို့​သည် ထ၍ ကြွေး​ကြော်​လျက် ချိုင့်​တိုင်​အောင်​လည်း​ကောင်း၊ ဧ​ကြုန်​မြို့ တံ​ခါး​တိုင်​အောင်​လည်း​ကောင်း၊ ဖိ​လိ​တ္တိ​လူ​တို့​ကို လိုက်​ကြ၏။ ထိ​ခိုက်​သော ဖိ​လိ​တ္တိ​လူ​တို့​သည် ရှာ​ရိမ်​မြို့ လမ်း​နား​မှ​စ၍ ဂါ​သ​မြို့၊ ဧ​ကြုန်​မြို့​တိုင်​အောင် လဲ​ကြ၏။ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် ဖိ​လိ​တ္တိ​လူ​တို့​ကို လိုက်​ရာ​မှ ပြန်​လာ၍ သူ​တို့​တဲ​များ​ကို လု​ယူ​ကြ၏။ ဒါ​ဝိဒ်​သည် ဖိ​လိ​တ္တိ​လူ၏ ဦး​ခေါင်း​ကို​ယူ၍ ယေ​ရု​ရှ​လင်​မြို့​သို့ ဆောင်​သွား၏။ သူ၏​လက်​နက်​များ​ကို မိ​မိ​တဲ၌​ထား၏။ ဒါ​ဝိဒ်​သည် ဖိ​လိ​တ္တိ​လူ​ကို တိုက်​ခြင်း​ငှာ ထွက်​သွား​သည်​ကို ရှော​လု​သည်​မြင်​လျှင်၊ ထို​လု​လင်​ကား အ​ဘယ်​သူ၏​သား​ဖြစ်​သ​နည်း​ဟု ဗိုလ်​ချုပ်​မင်း​အာ​ဗ​နာ​ကို မေး၏။ အာ​ဗ​နာ​က​လည်း၊ အ​ရှင်​မင်း​ကြီး အ​သက်​တော်​ရှင်​သည်​အ​တိုင်း ကျွန်​တော်​မ​သိ​ပါ​ဟု လျှောက်​လျှင်၊ ရှင်​ဘု​ရင်​က၊ ထို​လု​လင်​သည် အ​ဘယ်​သူ၏​သား​ဖြစ်​လိမ့်​မည်​ကို မေး​စစ်​လော့​ဟု မိန့်​တော်​မူ၏။ ဒါ​ဝိဒ်​သည် ဖိ​လိ​တ္တိ​လူ​ကို​သတ်​ပြီး​မှ၊ သူ၏​ဦး​ခေါင်း​ကို ကိုင်​လျက် ပြန်​လာ​သော​အ​ခါ၊ အာ​ဗ​နာ​သည်​ခေါ်၍ ရှော​လု​ထံ​သို့ ဆောင်​သွား​ပြီး​လျှင်၊ ရှော​လု​က၊ အ​ချင်း​လု​လင်၊ သင်​သည် အ​ဘယ်​သူ၏​သား​ဖြစ်​သ​နည်း​ဟု မေး​တော်​မူ၏။ ဒါ​ဝိဒ်​က​လည်း ကျွန်​တော်​သည် ကိုယ်​တော်​ကျွန်၊ ဗက်​လင်​မြို့​သား ယေ​ရှဲ၏​သား​ဖြစ်​ပါ​သည်​ဟု လျှောက်​လေ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။