ဖိလိတ္တိ လူတို့သည် ဗိုလ်ခြေများကိုနှိုးဆော်၍ ယုဒခရိုင် ရှောခေါမြို့၌ စုဝေးသဖြင့်၊ ရှောခေါမြို့နှင့် အဇေကာမြို့စပ်ကြား ဒမိမ်အရပ်မှာတပ်ချကြ၏။ ရှောလုနှင့် ဣသရေလလူတို့သည် စုဝေး၍ ဧလာချိုင့်နားမှာ တပ်ချ၍ ဖိလိတ္တိလူတို့ကိုတိုက်မည်ဟု စစ်ခင်းကျင်းကြ၏။ ဖိလိတ္တိလူအချို့တို့သည် ချိုင့်တစ်ဖက်၌ တောင်ပေါ်မှာရပ်လျက်၊ ဣသရေလလူအချို့တို့သည် ချိုင့်တစ်ဖက်၌ တောင်ပေါ်မှာ ရပ်လျက်ရှိကြ၏။ ခြောက်တောင်နှင့်တစ်ထွာ အရပ်မြင့်သော ဂါသမြို့သား ဂေါလျတ်အမည်ရှိသော သူရဲသည် ဖိလိတ္တိတပ်ထဲက ထွက်လာ၏။ သူသည် ခေါင်းပေါ်မှာ ကြေးဝါခမောက်လုံးကိုဆောင်း၍ အခွက်ငါးဆယ် အချိန်ရှိသော ကြေးဝါချပ်အင်္ကျီကို ဝတ်၏။ ကြေးဝါခြေစွပ်ကို စွပ်လျက် ပခုံးကြားမှာ ကြေးဝါကိဒုန်လက်နက်ကို ဆွဲလျက်ရှိ၏။ လှံရိုးကား ရက်ကန်းလက်လိပ်နှင့် အမျှကြီး၏။ လှံကိုယ်ကား သံခြောက်ပိဿာအချိန် ရှိ၏။ သူ့ရှေ့မှာဒိုင်းလွှားကို ဆောင်သောသူတစ်ယောက်သည် သွားရ၏။ ထိုသူရဲသည် ရပ်လျက် သင်တို့သည် စစ်ပြိုင်ခြင်းငှာ အဘယ်ကြောင့် ထွက်လာကြသနည်း။ ငါသည် ဖိလိတ္တိလူ၊ သင်တို့သည် ရှောလု၏ကျွန် ဖြစ်ကြသည် မဟုတ်လော။ လူတစ်ယောက်ကို ရွေးကောက်၍ ငါနှင့်တိုက်ခြင်းငှာ လာပါစေ။ သူသည် ငါ့ကိုတိုက်၍ သတ်နိုင်လျှင် ငါတို့သည် သင်တို့၏ကျွန်ခံမည်။ သို့မဟုတ် ထိုသူကိုငါနိုင်၍သတ်လျှင်၊ သင်တို့သည် ငါတို့၏ကျွန်ခံ၍ ငါတို့အမှုကို ဆောင်ရွက်ရကြမည်ဟု ဣသရေလဗိုလ်ခြေတို့ကို ဟစ်၍ပြောဆို၏။ တစ်ဖန် ထိုဖိလိတ္တိလူက၊ ဣသရေလဗိုလ်ခြေတို့ကို ယနေ့ငါကြိမ်းပ၏။ လူချင်းတိုက်စေခြင်းငှာ လူတစ်ယောက်ကိုပေးကြလော့ဟု ဆို၏။ ဖိလိတ္တိလူပြောသော ထိုစကားကို ရှောလုနှင့် ဣသရေလလူအပေါင်းတို့သည် ကြားလျှင် စိတ်ပျက်၍ အလွန်ကြောက်ရွံ့ကြ၏။ ယုဒပြည်၊ ဗက်လင်မြို့၊ ဧဖရတ်အရပ်သားဖြစ်သော ဒါဝိဒ်၏အဘယေရှဲသည် သားရှစ်ယောက်ရှိ၏။ ရှောလုလက်ထက်၌ ထိုသူသည် အသက်ကြီးသောသူ၏ အရာရှိ၏။ ယေရှဲ၏သားတို့တွင် အသက်အကြီးဆုံးသောသူ သုံးယောက်တို့သည် စစ်မှုကိုထမ်း၍ ရှောလုနောက်သို့ လိုက်ကြ၏။ သူတို့အမည်ကား သားဦးဧလျာဘ၊ ဒုတိယသား အဘိနဒပ်၊ တတိယသား ရှိမာတည်း။ ဒါဝိဒ်သည် အငယ်ဆုံးသောသားဖြစ်၏။ သားကြီးသုံးယောက်တို့သည် ရှောလုနောက်တော်သို့ လိုက်ကြသော်လည်း၊ ဒါဝိဒ်သည် မလိုက်၊ ဗက်လင်မြို့မှာ မိမိအဘ၏သိုးတို့ကို ထိန်းကျောင်းခြင်းငှာ ပြန်သွားလေ၏။ ဖိလိတ္တိလူသည် အရက်လေးဆယ်ပတ်လုံး၊ နံနက်တစ်ခါ၊ ညဉ့်ဦးတစ်ခါ ချဉ်းကပ်၍ ကိုယ်ကိုပြ၏။ ထိုအခါ ယေရှဲသည် မိမိသားဒါဝိဒ်ကိုခေါ်၍၊ သင့်အစ်ကိုတို့အဖို့ ဤပေါက်ပေါက် တစ်ဧဖာနှင့် ဤမုန့်ဆယ်လုံးတို့ကိုယူ၍ အစ်ကိုတို့ရှိရာတပ်တော်သို့ ပြေးသွားလော့။ ဤဒိန်ခဲဆယ်လုံးကိုလည်း ယူ၍ သူတို့တပ်မှူးအားဆက်လော့။ သင့်အစ်ကိုတို့သည် ကျန်းမာခြင်း ရှိသည်မရှိသည်ကို ကြည့်ရှုပြီးမှ၊ သူတို့ထံမှာ သက်သေတစ်စုံတစ်ခုကို ခံယူလော့ဟု မှာလိုက်လေ၏။ ထိုကာလ၌ ရှောလုမှစ၍ ဒါဝိဒ်အစ်ကိုတို့နှင့် ဣသရေလလူအပေါင်းတို့သည် ဧလာချိုင့်မှာ ဖိလိတ္တိလူတို့ကို စစ်တိုက်လျက်ရှိကြ၏။ ဒါဝိဒ်သည် နံနက်စောစောထ၍ သိုးတို့ကို သိုးထိန်း၌အပ်ပြီးလျှင်၊ အဘမှာလိုက်သည်အတိုင်း စားစရာကိုယူသွား၍၊ ရိက္ခာလှည်းထားရာသို့ ရောက်သောအခါ၊ ဣသရေလ တပ်သားတို့နှင့် ဖိလိတ္တိတပ်သားတို့သည် စစ်ခင်းကျင်း၍ စစ်တလင်းသို့ချီလျက်၊ စစ်တိုက်မည်အသံနှင့် ကြွေးကြော်ကြ၏။ ဒါဝိဒ်သည် မိမိ၌ပါသောအရာတို့ကို ရိက္ခာစောင့်လက်၌ အပ်ထားပြီးလျှင်၊ တပ်သားစုထဲသို့ပြေး၍ မိမိအစ်ကိုတို့ကို နှုတ်ဆက်၏။ သူတို့နှင့်ပြောစဉ်တွင်၊ ဖိလိတ္တိလူ၊ ဂါသမြို့သား ဂေါလျတ်အမည်ရှိသော သူရဲသည် ဖိလိတ္တိတပ်ထဲက ထွက်လာ၍ ယမန်ကဲ့သို့ပြောဆိုသည်ကို ဒါဝိဒ်သည် ကြားလေ၏။ ဣသရေလလူအပေါင်းတို့သည် ထိုသူကိုမြင်သောအခါ အလွန်ကြောက်ရွံ့၍ ပြေးကြ၏။ အချို့တို့ကလည်း၊ ထိုလူထွက်လာသည်ကို မြင်သလော။ ဣသရေလအမျိုးကိုကြိမ်းပလျက် ထွက်လာပါသည်တကား။ သူ့ကို သတ်သောသူအား ရှင်ဘုရင်သည် ကြီးသောစည်းစိမ်နှင့် ချီးမြှောက်၍ သမီးတော်ကိုလည်း ပေးစားတော်မူမည်။ ထိုသူ၏အဆွေအမျိုးကိုလည်း ဣသရေလနိုင်ငံတွင် မင်းမှု လွှတ်တော်မူမည်ဟု ပြောဆိုကြ၏။ ဒါဝိဒ်ကလည်း၊ ထိုဖိလိတ္တိလူကိုသတ်၍ ဣသရေလအမျိုးခံသော အရှက်ကွဲခြင်းကို ပယ်ရှင်းသောသူသည် အဘယ်အကျိုးကို ရလိမ့်မည်နည်း။ အသက်ရှင်တော်မူသော ဘုရားသခင်၏ ဗိုလ်ခြေတို့ကို ကြိမ်းပရမည်အကြောင်း၊ အရေဖျားလှီးခြင်းကိုမခံသော ထိုဖိလိတ္တိလူသည် အဘယ်သို့သောသူ ဖြစ်သနည်းဟု မိမိအနားမှာရှိသောသူတို့အား မေးမြန်းလျှင်၊ သူတို့က၊ ထိုလူကို သတ်သောသူသည် ဤမည်သောအကျိုးကို ရလိမ့်မည်ဟု ယမန်ကဲ့သို့ ပြန်ပြောကြ၏။ ထိုသူတို့နှင့် ဒါဝိဒ်ပြောသည်ကို အစ်ကိုအကြီးဧလျာဘကြားလျှင် ဒါဝိဒ်ကိုအမျက်ထွက်၍၊ သင်သည် အဘယ်ကြောင့် ဤအရပ်သို့လာသနည်း။ ထိုနည်းသောသိုးတို့ကို တောတွင် အဘယ်သူလက်၌ အပ်ခဲ့သနည်း။ သင့်မာနကြီးခြင်း၊ သင့်စိတ်နှလုံးဆိုးညစ်ခြင်းကို ငါသိ၏။ စစ်ပွဲကို ကြည့်ရှုခြင်းငှာသာ လာပြီဟု ဆို၏။ ဒါဝိဒ်ကလည်း၊ အကျွန်ုပ်သည် အဘယ်အမှုကို ပြုမိသနည်း။ ယခုပြောစရာအကြောင်း မရှိလောဟု ဆိုသောနောက်၊ အခြားသောသူတို့ထံသို့ လှည့်၍ ယမန်ကဲ့သို့မေးမြန်းလျှင်၊ သူတို့သည် ရှေ့အတူ ပြန်ပြောကြ၏။
၁ ဓမ္မရာဇဝင် 17 ကို ဖတ်ရှုရန်
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ၁ ဓမ္မရာဇဝင် 17:1-30
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ