သို့ဖြစ်၍၊ သင်တို့စိတ်နှလုံးကို ခါးပန်းစည်း၍ သမ္မာသတိရှိကြလော့။ ယေရှုခရစ် ပေါ်ထွန်းတော်မူသောအခါ၊ သင်တို့ဆီသို့ရောက်လတ္တံ့သော ဆုကျေးဇူးကို အဆုံးတိုင်အောင် မျှော်လင့်ကြလော့။- အထက်က သင်တို့သည် မှောင်မိုက်ထဲမှာကျင့်သော တပ်မက်ခြင်းတရားကို ယခုမလိုက်မကျင့်ဘဲ၊ နားထောင်တတ်သော သူငယ်ကဲ့သို့ ဖြစ်၍၊- သင်တို့ကိုခေါ်တော်မူသော သူသည် သန့်ရှင်းတော်မူသည်နည်းတူ၊ ကျင့်ကြံပြုမူသမျှတို့၌ သန့်ရှင်းခြင်း ရှိကြလော့။- အကြောင်းမူကား၊ ငါသည် သန့်ရှင်းတော်မူသောကြောင့်၊ သင်တို့သည်လည်း သန့်ရှင်းခြင်းရှိကြလော့ဟု ကျမ်းစာလာသတည်း။- လူမျက်နှာကိုမငဲ့၊ ခပ်သိမ်းသောသူတို့၏ အကျင့်အတိုင်း စီရင်တော်မူသောခမည်းတော်ကို သင်တို့သည် ဆုတောင်းကိုးကွယ်လျှင်၊ ဧည့်သည်ဖြစ်စဉ်ကာလပတ်လုံး ကြောက်ရွံ့သောစိတ်နှင့် ကျင့်နေကြလော့။- မိစဉ်ဘဆက် ကျင်လည်သော အချည်းနှီးကျင့်ကြံပြုမူခြင်းမှ၊ ရွှေငွေအစရှိသော ဖောက်ပြန် ပျက်စီးတတ်သော ဥစ္စာနှင့် သင်တို့ကို ရွေးတော်မူသည်မဟုတ်။- အဘယ်အပြစ်မျှမရှိ၊ အညစ်အကြေးနှင့် ကင်းစင်သော သိုးသငယ်ကဲ့သို့သော ခရစ်တော်၏ အသွေးတော်မြတ်နှင့် ရွေးတော်မူသည်ကို သိမှတ်ကြလော့။- ထိုခရစ်တော်ကား၊ ဤကမ္ဘာမတည်မရှိမီ ခန့်ထားတော်မူခြင်းကို ခံနှင့်သည်ဖြစ်၍၊ ကိုယ်တော်အားဖြင့် ဘုရားသခင်ကို ယုံကြည်သော သင်တို့အဖို့၊ ဤနောက်ဆုံးသောကာလ၌ ထင်ရှားတော်မူပြီ။- သင်တို့သည် ဘုရားသခင်ကို ထောက်လျက် ယုံကြည်ခြင်း၊ မျှော်လင့်ခြင်းရှိစေခြင်းငှာ၊ ထိုသခင်ကို ဘုရားသခင်သည် သေခြင်းမှထမြောက်စေ၍ ဘုန်းအသရေကို ပေးသနားတော်မူပြီ။ သင်တို့သည် ဖောက်ပြန်ပျက်စီးတတ်သော မျိုးစေ့အားဖြင့် ဖြစ်ဖွားသည်မဟုတ်၊- မဖောက်ပြန်မပျက်စီးတတ်သော မျိုးစေ့တည်းဟူသော အသက်ရှင်၍ အစဉ်အမြဲတည်တော်မူသော ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် ဖြစ်ဖွားသောကြောင့်၊ ညီအစ်ကိုများကို ချစ်ယောင်မဆောင်၊ အမှန်ချစ်ခြင်းအလိုငှာ စိတ်ထဲမှာသမ္မာတရားကို နားထောင်လျက်၊ ကိုယ်စိတ်နှလုံးကို စင်ကြယ်စေပြီးသည်နှင့် အညီ၊ စင်ကြယ်သောစိတ်နှင့် အချင်းချင်း အားကြီးသောချစ်ခြင်းမေတ္တာ ရှိကြလော့။- လူမျိုးရှိသမျှသည် မြက်ပင်ကဲ့သို့ဖြစ်၏။ လူမျိုး၏ ဘုန်းရှိသမျှသည်လည်း မြက်ပွင့်ကဲ့သို့ဖြစ်၏။ မြက်ပင်သည် ညှိုးနွမ်းသွေ့ခြောက်တတ်၏။ အပွင့်လည်း ကြွေတတ်၏။- ထာဝရဘုရား၏ နှုတ်ကပတ်တရားမူကား၊ ကာလအစဉ်အမြဲ တည်၏။ ထိုနှုတ်ကပတ်တော်သည်၊ သင်တို့အား ဟောပြောသော ဧဝံဂေလိတရားဖြစ်သတည်း။
၁ ရှင်ပေတရု 1 ကို ဖတ်ရှုရန်
နားထောင်ရန် ၁ ရှင်ပေတရု 1
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ၁ ရှင်ပေတရု 1:13-25
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ