ခေါ်တော်မူခြင်းကျေးဇူးကို ခံရသောသူသည် အကြင်အမှုကို လုပ်နေ၏။ ထိုသို့ လူတိုင်းလုပ်နေစေ။- အစေခံကျွန်ဖြစ်၍ ခေါ်တော်မူခြင်းကျေးဇူးကို ခံရလျှင် စိုးရိမ်ခြင်းမရှိနှင့်။ သို့သော်လည်း လွတ်ခြင်းသို့ ရောက်နိုင်လျှင် လွတ်ရသောအခွင့်ကို သာ၍ သုံးဆောင်လော့။- အကြောင်းမူကား ကျွန်ဖြစ်စဉ်၊ သခင်ဘုရား ခေါ်တော်မူခြင်းကို ခံရသောသူသည် သခင်ဘုရား၏ လူလွတ်ဖြစ်၏။ ထိုနည်းတူ လူလွတ်ဖြစ်စဉ်၊ ခေါ်တော်မူခြင်းကို ခံရသောသူသည် ခရစ်တော်၏ကျွန်ဖြစ်၏။- သင်တို့သည် အဖိုးနှင့်ဝယ်တော်မူသောသူ ဖြစ်၍၊ လူထံ၌ အလိုအလျောက်ကျွန်မခံကြနှင့်။- ညီအစ်ကိုတို့၊ ခေါ်တော်မူခြင်းကျေးဇူးကို ခံရသောသူသည် အကြင်အမှုကို လုပ်နေ၏။ ထိုသို့ ဘုရားသခင့်ရှေ့တော်၌ လူတိုင်းလုပ်နေစေ။ ခင်ပွန်းမရှိသောသူတို့၏ အမှုမှာ၊ သခင်ဘုရား၏ပညတ်တော်သည် ငါ၌မရှိသော်လည်း၊ ငါသည် သစ္စာရှိသောသူ ဖြစ်အံ့သောငှာ၊ သခင်ဘုရား၏ ကျေးဇူးတော်ကို ခံရသောသူကဲ့သို့ စီရင်၏။- စီရင်ချက်ဟူမူကား၊ ယခု ညှဉ်းဆဲခြင်း အကြောင်းကြောင့် ခင်ပွန်းမရှိလျှင် ကောင်း၏။- သင်သည်မယားရှိလျှင် လွတ်စေခြင်းငှာ မကြံစည်နှင့်။ မယားနှင့်လွတ်လျှင် အခြားသောမယားကို မရှာနှင့်။- သို့သော်လည်း သင်သည် မယားနေလျှင် အပြစ်မရှိ။ လင်မနေဖူးသော မိန်းမသည်လည်း လင်နေလျှင် အပြစ်မရှိ။ သို့သော်လည်း၊ ထိုသို့ပြုသောသူတို့သည် လောကညှဉ်းဆဲခြင်းဒုက္ခကို ခံရကြမည်။ ဤအမှုအရာ၌ ကျပ်တည်းစွာသော ပညတ်ကို ငါမထားလို။- ညီအစ်ကိုတို့၊ ငါဆိုသည်ကား၊ ကျန်ကြွင်းသော ကာလသည် ကျဉ်းကျပ်သည်ဖြစ်၍၊ မယားရှိသောသူသည် မယားမရှိသကဲ့သို့ ဖြစ်ရမည်။- ငိုကြွေးသောသူသည် မငိုကြွေးသကဲ့သို့ ဖြစ်ရမည်။ ဝမ်းမြောက်သောသူသည် ဝမ်းမမြောက်သကဲ့သို့ ဖြစ်ရမည်။ ဥစ္စာဝယ်သောသူသည် အလျှင်းမရှိသကဲ့သို့ ဖြစ်ရမည်။- ဤလောကကို သုံးသောသူသည် မသုံးသကဲ့သို့ ဖြစ်ရမည်။ အကြောင်းမူကား၊ ဤလောက၏အဆင်းသဏ္ဌာန်သည် ရွေ့သွား ကွယ်ပျောက်တတ်၏။- သင်တို့သည် စိုးရိမ်ခြင်းနှင့် ကင်းလွတ်စေခြင်းငှာ ငါအလိုရှိ၏။ ခင်ပွန်းမရှိသောသူသည် သခင်ဘုရား၏ စိတ်တော်နှင့်တွေ့စေခြင်းငှာ သခင်ဘုရား၏အမှုကိုသာ သတိထားတတ်၏။- ခင်ပွန်းရှိသောသူမူကား၊ မိမိမယား၏စိတ်နှင့် တွေ့စေခြင်းငှာ လောကီအမှုကို သတိထားတတ်၏။- ထိုနည်းတူ၊ ခင်ပွန်းမရှိသောမိန်းမနှင့် ခင်ပွန်းရှိသော မိန်းမသည် ခြားနားခြင်းရှိ၏။ ခင်ပွန်းမရှိသော မိန်းမသည် ကိုယ်ခန္ဓာစိတ်ဝိညာဉ်နှစ်ပါးကို သန့်ရှင်းစေခြင်းငှာ သခင်ဘုရား၏အမှုကိုသာ သတိထားတတ်၏။ ခင်ပွန်းရှိသောမိန်းမမူကား၊ မိမိခင်ပွန်း၏စိတ်နှင့် တွေ့စေခြင်းငှာ လောကီအမှုကို သတိထားတတ်၏။- ထိုသို့ငါဆိုသော်၊ သင်တို့အကျိုးကိုသာ ထောက်၍ဆို၏။ သင်တို့ကို နှောင့်ယှက်ချင်သောစိတ်နှင့် ဆိုသည်မဟုတ်။ သင်တို့သည် လျောက်ပတ်စွာကျင့်၍ စိတ်ရှုပ်ထွေးခြင်းမရှိဘဲ၊ သခင်ဘုရား၏ဝတ်ကို အမြဲပြုစေခြင်းငှာသာ ဤသို့ဆို၏။ အပျိုကညာသည် ခင်ပွန်းမရှိဘဲ အသက်အရွယ်လွန်လျှင် မလျောက်ပတ်ဟု ထိုအပျိုကညာကို ပိုင်သောသူသည် ထင်မှတ်၍ ထိမ်းမြားစရာအကြောင်းလည်းရှိလျှင်၊ ထိုသူသည် အလိုအလျောက်ပြုစေ။ အပြစ်မရှိ ထိမ်းမြားကြစေ။- သို့သော်လည်း မိမိစိတ်နှလုံးတည်ကြည်ခြင်းရှိ၍၊ ပြုလိုသည်အတိုင်း ပြုနိုင်သောအခွင့်နှင့် ကိုယ်စိတ်အလိုကို ချုပ်တည်းနိုင်သောအခွင့် ရှိသောကြောင့်၊ မထိမ်းမြားဘဲနေမည်ဟု ကိုယ်စိတ်နှလုံးထဲမှာ စီရင်ဆုံးဖြတ်သောသူသည် ကောင်းစွာပြု၏။- သို့ရာတွင် မင်္ဂလာဆောင်သောသူသည် ကောင်းစွာပြု၏။ မဆောင်သောသူမူကား၊ သာ၍ ကောင်းစွာပြု၏။ မိန်းမသည် မိမိခင်ပွန်းမသေမီ ကာလပတ်လုံး တရားအားဖြင့် ချည်နှောင်လျက်ရှိ၏။ ခင်ပွန်းသေလျှင်မူကား၊ မိမိအလိုအတိုင်း သခင်ဘုရား၌သာ အခြားသောသူ၏ မယားဖြစ်ခြင်းငှာ အခွင့်ရှိ၏။ အခွင့်ရှိသော်လည်း၊ အခြားသောသူ၏ မယား မဖြစ်ဘဲနေလျှင်၊ သာ၍ မင်္ဂလာရှိသည်ဟု ငါသဘောရှိ၏။ ငါ၌လည်း ဘုရားသခင်၏ ဝိညာဉ်တော်ရှိတော်မူသည်ဟု ငါစွဲလမ်းခြင်းစိတ်ရှိ၏။
၁ ကောရိန္သု 7 ကို ဖတ်ရှုရန်
နားထောင်ရန် ၁ ကောရိန္သု 7
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ၁ ကောရိန္သု 7:20-40
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ