YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ကောရိန္သု 7:1-20

၁ ကောရိန္သု 7:1-20 JBMLE

သင်​တို့​သည် ငါ့​ထံ​သို့​ပေး​လိုက်​သော​စာ၌ ပါ​သော​အ​ရာ​မှာ၊ ယောက်ျား​သည် မိန်း​မ​နှင့်​မ​ဆက်​ဆံ​ဘဲ​နေ​လျှင်၊- ကောင်း​သော်​လည်း၊ မ​တ​ရား​သော​မေ​ထုန်​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း၊ ယောက်ျား​တိုင်း မိ​မိ​မ​ယား​ရှိ​စေ​လော့။ မိန်း​မ​တိုင်း မိ​မိ​လင်​ရှိ​စေ​လော့။- ယောက်ျား​သည် ဆက်​ဆံ​ခြင်း​ဝတ်​ကို မိ​မိ​မ​ယား​အား ပြု​စေ​လော့။ ထို​နည်း​တူ၊ မိန်း​မ​သည်​လည်း ဆက်​ဆံ​ခြင်း​ဝတ်​ကို မိ​မိ​လင်​အား ပြု​စေ​လော့။- မိန်း​မ​သည် မိ​မိ​ကိုယ်​ကို​မ​ပိုင်၊ လင်​သည်​ပိုင်၏။ ထို​နည်း​တူ ယောက်ျား​သည်​လည်း မိ​မိ​ကိုယ်​ကို​မ​ပိုင်၊ မ​ယား​သည်​ပိုင်၏။- အ​ချင်း​ချင်း​ခင်​ပွန်း​ဝတ်​ကို မ​ပယ်​မ​ရှောင်​ကြ​နှင့်။ ထို​သို့​ဆို​သော်၊ ဆု​တောင်း​ခြင်း​ဝတ်​ကို ပြု​ရ​သော​အ​ခွင့် ရှိ​စေ​ခြင်း​ငှာ၊ သ​ဘော​တူ၍ ခင်​ပွန်း​ဝတ်​ကို ခ​ဏ​မျှ​မ​ရှောင်​ရ​ဟု မ​ဆို​လို။ ထို​သို့​ရှောင်​လျှင်၊ ကိုယ်​ကို မ​ချုပ်​တည်း​နိုင်​သော​အား​ဖြင့် စာ​တန်​သည် အ​ပြစ်​သို့ သွေး​ဆောင်​ရ​သော​အ​ခွင့် မ​ရှိ​စေ​ခြင်း​ငှာ၊ နောက်​တစ်​ဖန် အ​တူ​နေ​ကြ​လော့။- သို့​ရာ​တွင် ပ​ညတ်​မ​ထား​ဘဲ အ​ခွင့်​ပေး​ခြင်း​အား​ဖြင့်​သာ ငါ​ဆို၏။- လူ​အ​ပေါင်း​တို့​သည် ငါ​ကဲ့​သို့​ဖြစ်​စေ​ခြင်း​ငှာ ငါ​အ​လို​ရှိ၏။ သို့​သော်​လည်း၊ လူ​အ​သီး​အ​သီး​တို့​သည် ဘု​ရား​သ​ခင် ပေး​သ​နား​တော်​မူ​သည်​အ​တိုင်း အ​သီး​အ​သီး​သော ဆု​ကျေး​ဇူး​ကို ခံ​ရ​ကြ၏။- ထို​ကြောင့် မ​ယား​မ​ရှိ​သော​သူ​တို့​နှင့် မု​ဆိုး​မ​တို့​ကို ငါ​ဆို​သည်​ကား၊ ထို​သူ​တို့​သည် ငါ​ကဲ့​သို့​နေ​လျှင် ကောင်း၏။- သို့​သော်​လည်း၊ ကာ​မ​ဂုဏ်​ကို မ​ချုပ်​တည်း​နိုင်​လျှင် ထိမ်း​မြား​စုံ​ဖက်​ခြင်း​ကို ပြု​ကြ​စေ။ ကိ​လေ​သာ​စိတ် ပူ​ပန်​ခြင်း​ရှိ​သည်​ထက် ထိမ်း​မြား​စုံ​ဖက်​ခြင်း ပြု​သော် သာ၍​ကောင်း၏။ ခင်​ပွန်း​ရှိ​သော သူ​တို့​ကို​လည်း၊ ငါ​ပ​ညတ်​သည် သာ​မ​က၊ သ​ခင်​ဘု​ရား ပ​ညတ်​တော်​မူ​သည်​ကား၊ မ​ယား​သည် မိ​မိ​ခင်​ပွန်း​ကို မ​စွန့်​ပစ်​စေ​နှင့်။- စွန့်​ပစ်​လျှင် ခင်​ပွန်း​မ​ရှိ​ဘဲ​နေ​စေ။ သို့​မ​ဟုတ်​လျှင်၊ ခင်​ပွန်း​ဟောင်း​ထံ​သို့ ပြန်၍ အ​သင့်​အ​တင့်​နေ​စေ။ ယောက်ျား​သည်​လည်း မိ​မိ​မ​ယား​နှင့် မ​ကွာ​စေ​နှင့်။- ကြွင်း​သော​သူ​တို့​ကို သ​ခင်​ဘု​ရား​သည် ကိုယ်​တိုင်​မ​ပ​ညတ်​ဘဲ၊ ငါ​ပ​ညတ်​သည်​ကား၊ တစ်​စုံ​တစ်​ယောက်​သော ညီ​အစ်​ကို​သည် မ​ယုံ​ကြည်​သော မ​ယား​ရှိ၍၊ ထို​မ​ယား​သည် မိ​မိ​ခင်​ပွန်း​နှင့် နေ​ခြင်း​ငှာ အ​လို​ရှိ​လျှင် မ​ကွာ​စေ​နှင့်။- ထို​နည်း​တူ မိန်း​မ​သည်​လည်း၊ မ​ယုံ​ကြည်​သော ခင်​ပွန်း​ရှိ၍၊ ထို​ခင်​ပွန်း​သည် မိ​မိ​မ​ယား​နှင့်​နေ​ခြင်း​ငှာ အ​လို​ရှိ​လျှင် မ​ကွာ​စေ​နှင့်။- အ​ကြောင်း​မူ​ကား၊ မ​ယုံ​ကြည်​သော​လင်​သည် မိ​မိ​မ​ယား​အ​ဖို့ စင်​ကြယ်၏။ မ​ယုံ​ကြည်​သော မ​ယား​သည်​လည်း မိ​မိ​လင်​အ​ဖို့ စင်​ကြယ်၏။ သို့​မ​ဟုတ်​လျှင် သင်​တို့၏ သား​သ​မီး​သည် မ​စင်​ကြယ်။ ယ​ခု​တွင် စင်​ကြယ်​ကြ၏။- သို့​သော်​လည်း မ​ယုံ​ကြည်​သော​သူ​သည် ကွာ​သွား​လို​လျှင် ကွာ​သွား​စေ။ ထို​သို့​ပြု​လျှင် တ​ပည့်​တော်​သည် ယောက်ျား​ဖြစ်​စေ၊ မိန်း​မ​ဖြစ်​စေ၊ ချည်​နှောင်​ခြင်း​မ​ရှိ။ ငါ​တို့​သည် အ​သင့်​အ​တင့်​နေ​စေ​ခြင်း​ငှာ ဘု​ရား​သ​ခင်၏ ပ​ညတ်​တော်​ရှိ၏။- အ​ချင်း​မိန်း​မ၊ သင်​သည် ကိုယ်​ခင်​ပွန်း​ကို ကယ်​တင်​မည်၊ မ​ကယ်​တင်​မည်​ကို အ​ဘယ်​သို့ သိ​သ​နည်း။ အ​ချင်း​ယောက်ျား၊ သင်​သည် ကိုယ်​ခင်​ပွန်း​ကို ကယ်​တင်​မည်။ မ​ကယ်​တည်​မည်​ကို အ​ဘယ်​သို့​သိ​သ​နည်း။ သ​ခင်​ဘု​ရား​သည် လူ​အ​သီး​အ​သီး​တို့​အား ဝေ​ငှ​တော်​မူ၍၊ ဘု​ရား​သ​ခင်​သည် လူ​အ​သီး​အ​သီး​တို့​ကို ခေါ်​တော်​မူ​သည်​နှင့်​လျော်​စွာ လူ​တိုင်း​ကျင့်​နေ​စေ။ ခပ်​သိမ်း​သော အ​သင်း​တော်​တို့​ကို ထို​သို့​ငါ​ပ​ညတ်၏။- အ​ရေ​ဖျား​လှီး​ခြင်း​ကို ခံ​သော​သူ​သည် ခေါ်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို​ခံ​ရ​လျှင်၊ အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​စွန့်​စေ​နှင့်။ အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​သူ​သည်​လည်း ခေါ်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို ခံ​ရ​လျှင်၊ အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​စေ​နှင့်။- အ​ရေ​ဖျား​လှီး​ခြင်း​အား​ဖြင့် အ​ကျိုး​မ​ရှိ။ မ​ခံ​ဘဲ​နေ​ခြင်း​အား​ဖြင့်​လည်း အ​ကျိုး​မ​ရှိ။ ဘု​ရား​သ​ခင်၏ ပ​ညတ်​တော်​တို့​ကို စောင့်​ရှောက်​ခြင်း​အား​ဖြင့်​သာ အ​ကျိုး​ရှိ၏။- ခေါ်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို ခံ​ရ​သော​သူ​သည် အ​ကြင်​အ​မှု​ကို လုပ်​နေ၏။ ထို​သို့ လူ​တိုင်း​လုပ်​နေ​စေ။