ညီအစ်ကိုတို့၊ ငါတို့ဘိုးဘေးအပေါင်းတို့သည် မိုးတိမ်အောက်မှာရှိ၍၊ ပင်လယ်အလယ်၌ လျှောက်သွားကြသည်ဟူ၍လည်းကောင်း၊- မိုးတိမ်နှင့် ပင်လယ်ထဲမှာ မောရှေ၌ ဗတ္တိဇံကို ခံကြသည် ဟူ၍လည်းကောင်း၊- ဓမ္မအစာကိုအတူစားကြသည်ဟူ၍လည်းကောင်း၊ ဓမ္မရေကို အတူသောက်ကြသည်ဟူ၍လည်းကောင်း၊ သင်တို့ မသိမမှတ် ဘဲနေစေခြင်းငှာ ငါအလိုမရှိ၊- ထိုသူတို့နောက်၌ လိုက်သောဓမ္မကျောက်မှ ထွက်သောရေကို သောက်ကြ၏။ ထိုကျောက်ကား ခရစ်တော်ဖြစ်သတည်း။- သို့သော်လည်း ထိုသူတို့တွင် များစွာသော သူတို့ကို ဘုရားသခင်သည် အားရနှစ်သက်တော်မမူ။ သူတို့သည် တော၌သေကြေပျက်စီးခြင်းသို့ ရောက်ကြ၏။ ထိုသူတို့သည် မကောင်းသောအရာတို့ကို တပ်မက်သကဲ့သို့ ငါတို့သည် မတပ်မက်စေခြင်းငှာ၊ ထိုအကြောင်းအရာတို့သည် ငါတို့အဖို့ ပုံသက်သေ ဖြစ်ကြ၏။- လူတို့သည် စားသောက်လျက် ထိုင်နေကြ၏။ နောက်တစ်ဖန် ကခုန်မြူးထူးခြင်းငှာ ထကြ၏ဟု ကျမ်းစာလာသည်အတိုင်း၊- ထိုသူအချို့တို့သည် ရုပ်တုကို ကိုးကွယ်သကဲ့သို့ မကိုးကွယ်ကြနှင့်။ ထိုသူအချို့တို့သည် မတရားသော မေထုန်အမှုကိုပြု၍ တစ်နေ့ချင်းတွင် လူနှစ်သောင်း သုံးထောင်လဲ၍သေသကဲ့သို့ မပြုဘဲ၊ မတရားသော မေထုန်ကိုရှောင်ကြကုန်အံ့။- ထိုသူအချို့တို့သည် စုံစမ်းနှောင့်ယှက်ခြင်းကို ပြု၍၊ မြွေဖြင့် ပျက်စီးသကဲ့သို့ ငါတို့သည်မပြု၊ ခရစ်တော်ကို မစုံစမ်းမနှောင့်ယှက်ဘဲနေကြကုန်အံ့။- ထိုသူအချို့တို့သည် မြည်တမ်းခြင်းကိုပြု၍၊ ဖျက်ဆီးသောသူ၏ လက်ဖြင့် ပျက်စီးသကဲ့သို့မဟုတ်၊ မြည်တမ်းခြင်းကိုမပြုကြနှင့်။- ထိုအကြောင်းအရာရှိသမျှတို့သည် ပုံသက်သေ ဖြစ်အံ့သောငှာ ထိုသူတို့၌ ရောက်ကြ၏။ ကပ်ကာလ အဆုံးတွင် ဖြစ်သောငါတို့ကို ဆုံးမစရာဖို့ ကျမ်းစာ၌ ရေးထားလျက်ရှိသတည်း။
၁ ကောရိန္သု 10 ကို ဖတ်ရှုရန်
နားထောင်ရန် ၁ ကောရိန္သု 10
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ၁ ကောရိန္သု 10:1-11
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ